By Western News/ 2021 April 24
ရခိုင်ပြည်နယ်၊ အမ်းမြို့နယ်၊ ကဏန်းပြင်အုပ်စု၊ ကံဘွေကျေးရွာ၏ ဆိပ်ကမ်းတွင် စက်လှေထွက်ရန်ပြင်ဆင်နေစဉ်တွင် စက်လှေတိမ်းမှောက်၍ အမျိုးသမီး ၂ ဦးသေဆုံးခဲ့ပြီး ၁၇ ဦးဆေးရုံတင်ထားရကြောင်းသိရသည်။
အဆိုပါစက်လှေသည် ယနေ့ ဧပြီလ ၂၄ ရက်နေ့ နံနက် ၇ နာရီအချိန်ခန့်က အမ်းမြို့နယ်၊ ရူးစံပြကျေးရွာ ဘုန်းကြီးဈာပနပွဲသို့ ဆွမ်းကပ်သွားရန်ပြင်ဆင်နေသည့်အချိန်တွင် စက်လှေပေါ်သို့ လူဦးရေအများအပြား တက်လာခြင်းကြောင့် စက်လှေတိမ်းမှောက်၍ ခြင်းဖြစ်သည်ဟု ဒေသခံများကပြောသည်။
ကံဘွေကျေးရွာမှအုပ်ချုပ်ရေးမှူး ကိုတင်မောင်ထွန်းက“ဘုတ်ကိုဆိပ်ကမ်းမှာကပ်ထားတုန်းမှာ လူတွေကလက်ဆွဲ ဆွမ်းဂျိတ်တွေနဲ့ တက်လာတယ်။ လူတွေအများအပြားတက်လာချိန်မှာ စက်လှေကတိမ်းစောင်းပြီး မှောက်သွားတယ်။ ဘုတ်ထက်မှာက လူ ၈၀ လောက်ရှိတယ်။ ၂ ဦးသေတယ်။ သေသွားတဲ့အမျိုးသမီးငယ် ၂ ဦးကိုတော့ ရွာမှာပဲထားတယ်။ ၁၇ ဦးဆေးရုံတင်ထားရတယ်။ အကုန်လုံးကအမျိုးသမီးတွေချည်းဖြစ်တယ်” ဟုပြောသည်။
သေဆုံးသွားသည့် အမျိုးသမီးနှစ်ဦးမှာ ကံဘွေကျေးရွာမှာ မဝင်းကြည်ထွေး အသက်(၁၃)နှစ်နှင့် မမိုးမိုးနွယ် အသက် (၂၂) တို့ဖြစ်သည်။ လက်ရှိအချိန် စက်လှေတိမ်းမှောက်သွားသည့်အထဲမှ ၁၇ ဦးမှာ ရူးစံပြကျေးရွာဆေးရုံတွင် ဆေးကုသမှုခံယူလျှက်ရှိပြီး ယင်းအထဲမှ ၄ ဦးကိုအရေးပေါ်အောက်ဆီဂျင်ပေးထားရသည်ဟုလည်း ကိုတင်မောင်ထွန်းကပြောသည်။
အမ်းမြို့နယ် ကံဘွေကျေးရွာမှ ရူးစံပြကျေးရွာကို ရေကြောင်းခရီဖြင့်သွားလျှင် ၁ နာရီကျော်ခန့်ကြာမြင့်ကြောင်း လည်းသိရသည်။
https://www.facebook.com/westernnewsagency/posts/277296084076903