By Development Media Group (DMG) / 2021 April 2
မြောက်ဦးခရိုင်တရားရုံးတွင် အကြမ်းဖက်ဥပဒေပုဒ်မ ၅၀ (စျ)၊ ၅၂ (က)ဖြင့် တရားရင်ဆိုင်နေရသည့် အသက် ၆၀ ကျော်အရွယ် အမျိုးသားတစ်ဦးမှာ ကျန်းမာရေးမကောင်းသဖြင့် သေဆုံးသွားခဲ့ကြောင်း အမှုကိုလိုက်ပါဆောင်ရွက်ပေးနေသည့် ရှေ့နေထံမှ သိရသည်။
သေဆုံးသွားသူမှာ မြောက်ဦးမြို့နယ်၊ သပြေကန်ကျေးရွာမှ ဦးအောင်ထွန်းလှ (ခ) ဦးဆိတ်ဖားချေ အသက် (၆၅) နှစ်ဖြစ်ပြီး မတ်လ ၃၁ ရက်နေ့ ညဉ့် (၉) နာရီအချိန်ခန့်က သတိမေ့လျော၍ ဆေးရုံသို့ပို့ဆောင်လိုက်ပြီးနောက် ညဉ့် (၁၀) နာရီအချိန်ခန့်တွင် သေဆုံးသွားခဲ့ခြင်းဖြစ်ကြောင်း ခရိုင်ဥပဒေအထောက်အကူပြုအဖွဲ့ဝင် တရားလွှတ်တော်ရှေ့နေ ဒေါ်လှမေသုက DMG သို့ ပြောကြားသည်။
“ သူကနေမကောင်းဖြစ်နေတာတော့ ကြာပြီ။ ပြီးခဲ့တဲ့ ရုံးချိန်းတုန်းကလည်း နေမကောင်းလို့ ရောက်မလာဘူး။ ရိုက်နှက်ခံရတဲ့ ဒဏ်တွေကြောင့်လည်း ပါမယ်ထင်တယ်။ နဂိုကတည်းကလည်း ရောဂါအခံတွေလည်း ရှိလောက်တယ်။ အသက်လည်းကြီးနေပြီဆိုတော့ ဒဏ်တွေပိပြီးဆုံးသွားတာ။ မနေ့ညက သဂြိုလ်လိုက်တယ်။ စခန်းမှူးကတော့ အဆုတ်ထဲပိုးဝင်သွားတာလို့တော့ပြောတယ်။ ဆေးစစ်ချက်ထွက်လာမှပဲ အတိအကျ သိရမှာပေါ့ ’’ ဟု ၎င်းကဆိုသည်။
သေဆုံးသူ ဦးအောင်ထွန်းလှမှာ ယခုနှစ်မတ်လဒုတိယအပတ်ကလည်း နေမကောင်းဖြစ်သဖြင့် မြောက်ဦး ဆေးရုံတွင် အရေးပေါ်ဆေးကုသမှု ခံယူခဲ့ရသေးကြောင်း သိရသည်။
၎င်းနှင့်အတူ ဖမ်းဆီးတရားစွဲဆိုခံထားရသည့် မင်းပြားမြို့၊ ဦးစိုးတင့်ရပ်ကွက်မှ ဦးစိန်ဝင်းမောင် အသက် ၄၂ နှစ် မှာလည်း ဖမ်းဆီးခံရစဉ်ရိုက်နှက်ခံခဲ့ရသည့် ဒဏ်ရာများကြောင့် ဖေဖော်ဝါရီလက ဆေးရုံသို့ တက်ရောက် ဆေးကုသခဲ့ရကာ လက်ရှိတွင်လည်း ကျန်းမာရေးချို့တဲ့နေကြောင်း မိသားစုဝင်များက ပြောဆိုသည်။
ဖမ်းဆီးခံထားရသူ ဦးစိန်ဝင်းမောင်၏ဇနီး ဒေါ်မတင်ဝင်းက “ ကျမယောကျာ်းက တပ်ကဖမ်းသွားတုန်းက ရိုက်နှက်ခံခဲ့ရတဲ့ဒဏ်ရာတွေကြောင့် ကျန်းမာရေးလုံးဝမကောင်းဘူး။ ဆေးတွေအမြဲထည့်ပေးရတယ်။ ရဲစခန်း ကလည်း လုံးဝအရေးပေါ်အခြေအနေမှပဲ ဆေးရုံပို့ပေးတာ။ နောက်ပြီး သူနဲ့အတူအဖမ်းခံရတဲ့ တစ်ယောက် ကလည်းသေသွားတော့ ကျမယောကျာ်းကိုစိတ်ပူတယ်။ ဒါကြောင့် သူ့ကိုအပြင်မှာပဲ အတွင်းဒဏ်ရာတွေကို ကောင်းတဲ့အထိ ဆေးကုသပေးချင်တယ် ’’ ဟု ဆိုသည်။
ဦးစိန်ဝင်းမောင်မှာ သံတို၊ သံစများကို တစ်ရွာဝင်တစ်ရွာထွက် လှည့်လည်ဝယ်နေသူတစ်ဦးဖြစ်သည်။ ပြီးခဲ့သည့် ၂၀၁၉ ခုနှစ်၊ နိုဝင်ဘာလ ၂၉ ရက်နေ့က မြောက်ဦးမြို့နယ်သို့ သံထည်ပစ္စည်းများဝယ်ရန်သွားစဉ် တိမ်ညို ဆေးရုံအနီး၌ ဖမ်းဆီးခံခဲ့ရသည်။ ဦးအောင်ထွန်းလှမှာလည်း တိမ်ညိုကျေးရွာမှ တာပေါ်လင်စဝယ်ယူ၍ သပြေကန်ကျေးရွာသို့ပြန်လာစဉ် ရွာအဝင်ဝတွင် ဖမ်းဆီးခံခဲ့ရခြင်းဖြစ်သည်။
၎င်းတို့နှစ်ဦးဖမ်းဆီးခံရပြီး ၆ လခန့်အကြာ ၂၀၂၀ ပြည့်နှစ် မေလ ၆ ရက်နေ့မှ စစ်တွေမြို့အမှတ်(၁)ရဲစခန်းသို့ ဖမ်းဆီးခံထားရသူနှစ်ဦးကို လာရောက်ပို့ဆောင်ခဲ့သဖြင့် မိသားစုနှင့်တွေ့ဆုံခွင့်ရခဲ့ကြောင်း ဒေါ်မတင်ဝင်းက ပြောသည်။
ထို့နောက် မေလ ၁၂ ရက်နေ့တွင် ၎င်းတို့နှစ်ဦးကို မြောက်ဦးမြို့ရဲစခန်းသို့လွှဲပြောင်းကာ ကျောက်တော်မြို့၊ တပ်ရင်း(၃၇၅)မှ ဗိုလ်ကြီးဟန်နေစိုးက တရားလိုပြုလုပ်ပြီး အကြမ်းဖက်တိုက်ဖျက်ရေးဥပဒေဖြင့် အမှုဖွင့်ခဲ့ခြင်း ဖြစ်သည်။
ယင်းအမှုတွင် တရားလိုသက်သေများမရောက်ရှိသည်မှာ (၃) လခန့်ရှိနေပြီဖြစ်သဖြင့် အမှုမှာ ကြန့်ကြာနေ ရကြောင်း တရားလွှတ်တော်ရှေ့နေ ဒေါ်လှမေသုကဆိုသည်။
“ သူတို့ကသံတို၊ သံစသွားဝယ်ရင်း လမ်းမှာအဖမ်းခံရတာဆိုတော့ သက်သေအထောက်အထားက ဘာမှမရဘူး။ တရားလိုဘက်က သက်သေတွေမရောက်လို့သာ အမှုမပြီးပြတ်သေးပဲနှစ်နဲ့ချီပြီးကြာနေတာ ” ဟု ၎င်းက ပြောသည်။
ရက္ခိုင့်တပ်တော် (AA) နှင့် ဆက်စပ်သည်ဟုဆိုကာ အကြမ်းဖက်မှုတိုက်ဖျက်ရေးဥပဒေပုဒ်မများဖြင့် တရား ရင်ဆိုင်နေရသူမှာ မြောက်ဦးခရိုင်တရားရုံးတွင် စုစုပေါင်း ၂၅ ဦးအထိရှိကြောင်း မြောက်ဦးခရိုင် ဥပဒေ အထောက်အကူပြုအဖွဲ့၏ မှတ်တမ်းအရသိရသည်။
ရခိုင်တစ်ပြည်နယ်လုံးတွင် အကြမ်းဖက်မှုတိုက်ဖျက်ရေးဥပဒေပုဒ်မများဖြင့် ဖမ်းဆီးတရားစွဲဆိုခံထားရသူ စုစုပေါင်း ၃၆၂ ဦးအထိရှိခဲ့ရာ ယင်းအထဲမှ မြောက်ဦးခရိုင်မှ ၁ ဦး၊ ကျောက်ဖြူခရိုင်မှ ၄ ဦး၊ မောင်တောခရိုင်မှ ၁ ဦး၊ စစ်တွေခရိုင်မှ ၆၇ ဦးနှင့် သံတွဲခရိုင်မှ ၅ ဦး၊ စုစုပေါင်း ၇၈ ဦးတို့ ပြန်လည်လွတ်မြောက်ခဲ့ကြောင်း သဇင် ဥပဒေအထောက်အကူပြုအဖွဲ့၏ စာရင်းအရသိရသည်။
https://www.facebook.com/466648543487562/posts/1980867498732318/
https://www.facebook.com/466648543487562/posts/1980867498732318/