အကြမ်းဖက်မှုပုဒ်မနှင့်တရားစွဲဆိုဖမ်းဆီးခံထားရသော ကျေးရွာသား ၃၁ ဦးကို စစ်တွေခရိုင်တရားရုံးတွင် ရုံးထုတ်

By Narinjara/ 2021 April 23

ထွန်းခိုင် (တောင်ရင်းကျွန်း)

ရက္ခိုင့်တပ်တော် (AA) နှင့် ဆက်စပ်သည်ဟုဆိုကာ အကြမ်းဖက်မှုဖြင့် တရားစွဲဆိုခံထားရသည့် အရပ်သား ၃၁ ဦးကို ယနေ့ (ဧပြီ ၂၃ ရက်နေ့)တွင် စစ်တွေခရိုင်တရားရုံး၌ ရုံးထုတ်ခဲ့သည်။

ယနေ့ရုံးထုတ်ခံရသူများမှာ မြောက်ဦးမြို့နယ် လက္ကာကျေးရွာမှ ၂၃ ဦး၊ ပုဏ္ဏားကျွန်းမြို့နယ် ကျောက်ဆိပ်ကျေးရွာမှ ၅ ဦးနှင့် သာစည်ကျေးရွာမှ ၃ ဦး၊ စုစုပေါင်း (၃၁) ဖြစ်ကြောင်း သိရှိရသည်။

လက္ကာရွာသား ၂၃ ဦး အမှုနှင့် ပတ်သက်ပြီး တရားလိုပြသက်သေများကို ယနေ့စစ်ဆေးခဲ့သော်လည်း ကျောက်ဆိပ်ကျေးရွာမှ ဖမ်းဆီးခံရသူ ၅ ဦးနှင့် သာစည်ကျေးရွာမှ ဖမ်းဆီးခံထားရသူ ၃ တို့ကို တရားလိုပြ သက်သေ မရောက်၍ မစစ်ဆေးခဲ့ရဟု အမှုအား လိုက်ပါဆောင်ရွက်ပေးနေသူ တရားလွှတ်တော်ရှေ့နေ ဦးကျော်ညွန့်မောင်က ပြောသည်။

“ ဒီနေ့မှာတော့ ပုဏ္ဏားကျွန်း ခမရ- ၅၅၀ က ဗိုလ်မှူးမင်းရှမ်းမွန်က တခြားပြည်နယ်ထဲကို ပြောင်းသွားတဲ့ အတွက်ကြောင့် ဒီကိုလာပြီးတော့ သက်သေလာမခံနိုင်တော့ဘူး။ အဲဒီအတွက်ကြောင့် ကော်မရှင်နဲ့ စစ်ဖို့အတွက်ကို နိုင်ငံတော်ဖက်ကလိုက်ပါဆောင်ရွက်တဲ့ ဥပဒေအရာရှိတွေ၊ နောက်ပြီးတော့ တရားခံဖက်က လိုက်ပါဆောင်ရွက်တဲ့ရှေ့နေတွေက ကော်မရှင်နဲ့ စစ်ဖို့အတွက်ကို မေးခွန်းတွေကို ရေးပြီးတော့ ရုံးမှာတင်ထားတယ်။ အဲဒီမေးခွန်းတွေကို သက်ဆိုင်ရာတရားရုံးကို ပို့ထားတယ်။ အဲဒီ သက်ဆိုင်ရာ တရားရုံးကနေပြီးတော့ သက်သေတွေကို ခေါ်ပြီး စစ်မယ်။ စစ်ပြီးတော့ အဲဒီစစ်ချက်တွေကို စစ်တွေခရိုင်တရားရုံးကို ပြန်ပို့မယ်။ စစ်တွေခရိုင်တရားရုံးကို ပြန်ရောက်တဲ့အခါမှပဲ ကျနော်တို့အမှုတွေကို ဆက်ပြီးတော့ သွားလို့ရမှာပါ” ဟု ပြောသည်။

၄င်းအပြင် သာစည်ကျေးရွာသားများ၏ အမှုတွင်လည်း တရားလိုပြသက်သေ ဗိုလ်မှူးမင်းရှမ်းမွန် တစ်ဦးတည်းသာ ကျန်ရှိပြီး သူအား ကော်မရှင် စစ်ဆေးနိုင်ရန် တင်ပြထားသည်ဟု အမှုအား လိုက်ပါဆောင်ရွက်ပေးနေသူ ရှေ့နေဦးအောင်စစ်မင်းကပြောသည်။

၂ နှစ်ကျော်ကြာ ဖမ်းဆီးခံထားရသည့် လက္ကာကျေးရွာမှ ကျေးရွာသား ၂၃ ဦးကို အမှုသုံးခုဖြင့် တရားစွဲဆိုထားခြင်းဖြစ်ပြီး ၄င်းတို့ထဲမှ အမှုနှစ်ခု၏ တရားလိုပြသက်သေများအားလုံးကို စစ်ဆေး ပြီးစီးထားပြီဖြစ်ကြောင်း၊ အမှုတစ်ခုကိုသာ စစ်ဆေးရန် ကျန်သေးကြောင်း၊ နောက်ဆုံးအမှုကို စစ်ဆေးပြီးပါက အမှုကို စီရင်ချက် ချနိုင်မည်ဖြစ်ကြောင်း အမှုအား လိုက်ပါဆောင်ရွက်ပေးနေသူ ရှေ့နေဦးအောင်စစ်မင်းက ဆက်ပြောသည်။

“ သူတို့ကို စွဲတာက သုံးမှုခွဲစွဲတယ်။ သုံးမှုမှာ အကြမ်းဖက်မှုတစ်မှု၊ လက်နက်အရေးပေါ် စီမံမှု အက်ဥပဒေတစ်မှု၊ အဲဒီနှစ်မှုကတော့ တရားလိုသက်သေအားလုံးစစ်ပြီးပြီ။ အမိန့်ချဖို့ တစ်ခုပဲ ရှိတာပေါ့နော်။ နောက်အကြမ်းဖက်မှု နောက်ဆုံးစွဲတဲ့ အမှုတစ်မှုကတော့ ကျနော်တို့ တရားလိုပြ သက်သေစစ်ဆေးတဲ့အဆင့်ပဲရှိပါသေးတယ် ” ဟုပြောသည်။

၄င်းတို့အား စွဲဆိုထားသော အမှုများမှာ အကြမ်းဖက်တိုက်ဖျက်ရေး ဥပဒေပုဒ်မ ၅၀(က)၊ ၅၀(ဈ)၊ ၅၂(က)၊ ၅၄ နှင့် ၁၉၄၉ ခုနှစ် လက်နက်အရေးပေါ်စီမံမှု အက်ဥပဒေပုဒ်မ ၂ (၁) တို့ဖြစ်သည်။

ကျောက်ဆိပ်ကျေးရွာမှ ဖမ်းဆီးခံထားရသူ ကိုညီညီအောင်၏ မိခင် ဒေါ်နီနီအေးက သူမ၏ သားအား အပြစ်မရှိလျှင် ပြန်လွှတ်ပေးဖို့ တောင်းဆိုသည်။

“ ကျမသားတို့ကို ဘာကြောင့်အခုလိုမျိုး အချိန်အကြာကြီး အချုပ်ခန်းထဲမှာ ထည့်ထားရသလဲ။ အပြစ်ရှိတယ်ဆိုလိုရှိရင်လည်း ထောင်ချလိုက်ပေါ့။ အပြစ်မရှိဆိုရင်လည်း လွှတ်ပေးရမှာဖြစ်တယ်။ နောက်ပြီးတော့ အေအေကို အကြမ်းဖက်အဖွဲ့ကနေ ရုပ်သိမ်းလိုက်ပြီဖြစ်တယ်။ ဒါပေမဲ့ ဘာကြောင့် ကျမသားတို့ကို မလွှတ်ပေးရသလဲ။ အဲဒါတွေကို ကျမတို့ သိချင်တယ်။ အခုလို အချိန်ကြာကြီး ချုပ်ထားတာတော့ ကျမတို့ဘက်က အရမ်းနစ်နာတယ် ” ဟုဆိုသည်။

တရားလွှတ်တော်ရှေ့နေ ဦးကျော်ညွန့်မောင်ကလည်း ရက္ခိုင့်တပ်တော် (AA) ကို အကြမ်းဖက် အဖွဲ့ကနေ ရုပ်သိမ်းလိုက်ပြီဖြစ်သည့်အတွက် အကြမ်းဖက်မှုဖြင့် တရားစွဲဆိုထားသော ပုဒ်မများအား ရုပ်သိမ်းပေးရမည်ဟု ပြောသည်။

“အကြမ်းဖက်အဖွဲ့ကို အကြမ်းဖက်မဟုတ်တော့ဘူးလို့ နိုင်ငံတော်က အမိန့်စာတွေ ထုတ်ပြီးပြီ။ ထုတ်တဲ့အတွက်ကြောင့် ဒီအမှုတွေကို ကျနော်တို့ ရုပ်သိမ်းရမယ်။ တကယ်လို့ သူတို့ကို တရားစွဲမယ်ဆိုလို့ရှိရင် အကြမ်းဖက်မဟုတ်ဘူး။ မတရားအသင်း ဥပဒေနဲ့ တရားစွဲမှာလား။ အသစ်ပဲစွဲတင်ရမယ်။ ဒီအမှုတွေကိုတော့ မလွဲမသွေရုပ်သိမ်းရမှာပါ။ ဒါဥပဒေကြောင်းအရ ပြောတာပါ ” ဟုပြောသည်။

ရှေ့နေ ဦးအောင်စစ်မင်းကလည်း နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအနေဖြင့် အကြမ်းဖက်မှု ဥပဒေပုဒ်မနှင့် တရားစွဲဆိုထားသောအမှုများအား ရုပ်သိမ်းပေးစေချင်ကြောင်း ပြောသည်။

မြောက်ဦးမြို့နယ်၊ လက္ကာကျေးရွာသားများအား ပြီးခဲ့သော ၂၀၁၉ ခုနှစ်၊ ဧပြီ ၉ ရက်နေ့က ကျေးရွာ အနီးတွင် မြန်မာ့တပ်မတော်နဲ့ ရက္ခိုင့်တပ်တော် (AA) တို့ တိုက်ပွဲဖြစ်ပွားခဲ့ပြီးနောက် တပ်မတော် စစ်ကြောင်းတစ်ခုက ရွာထဲသို့ ဝင်ရောက်ဖမ်းဆီးခဲ့ခြင်းဖြစ်ပြီးသည်။

ပုဏ္ဏားကျွန်းမြို့နယ်၊ ကျောက်ဆိပ်ကျေးရွာအတွင်းသို့ ဧပြီ ၁၃ ရက်နေ့က လက်နက်ကြီးကျည်ကျပြီး ရွာသား ၈ ဦးသေဆုံးခဲ့ပြီး တစ်ပတ်အကြာ ဧပြီလ ၁၉ ရက်နေ့တွင် တပ်မတော် စစ်ကြောင်းတစ်ခုက ၎င်းရွာထဲသို့ ဝင်လာပြီး ကျေးရွာသား ၃၈ ဦးကို ဖမ်းဆီးခေါ်သွားပြီးနောက် ၃၃ ဦးအား ပြန်လည်လွှတ်ပေးကာ ရွာသား၅ ဦးအား ဆက်လက်ဖမ်းဆီးပြီး အကြမ်းဖက်မှုဖြင့် တရားစွဲဆိုခဲ့သည်။

ပုဏ္ဏားကျွန်းမြို့နယ်၊ သာစည်ကျေးရွာသားများအား ၂၀၂ဝခုနှစ်၊ မေလအတွင်းက ဖမ်းဆီးသွားခြင်း ဖြစ်သည်။

ရခိုင်ပြည်နယ်တွင် အကြမ်းဖက်မှု ဥပဒေပုဒ်မများဖြင့် တရားစွဲဆိုခံထားရသော အမှုပေါင်း ၇၃ မှုရှိပြီး၊ အမှုရင်ဆိုင်နေရသူ လူဦးရေပေါင်း ၁၄၄ ဦးရှိကြောင်း သိရှိရသည်။

https://www.facebook.com/narinjara.info/posts/4252006031478108

Leave a Reply

Your email address will not be published.