အကြမ်းဖက်ပုဒ်မဖြင့် တရားစွဲဆိုခံထားရသူ အသက်မပြည့်သေးသည့် လူငယ်တစ်ဦးအပါအဝင် နှစ်ဦး တရားသေလွတ်မြောက်

By Western News/ 2021 April 1

ဓာတ်ပုံ- အသက်မပြည့်သေးသည့် မောင်စိုးကျော်လင်းအားတွေ့ရစဉ်

ရက္ခိုင့်တပ်တော် AA နှင့် ဆက်စပ်သည်ဟုဆိုကာ အသက်မပြည့်သေးသည့် လူငယ်တစ်ဦးအပါအဝင် အကြမ်းဖက်ပုဒ်မဖြင့် တရားစွဲခံထားရသည့်နှစ်ဦးကို ယနေ့ဧပြီလ ၁ ရက်နေ့တွင် တရားရုံးမှတရားသေလွတ်ပေးလိုက်ပြီဖြစ်ကြောင်း မိသားစုဝင်များက ပြောသည်။

အကြမ်းဖက်တိုက်ဖျက်ရေး ဥပဒေပုဒ်မ ၅၂ (က)၊ ၅၂(ခ)တို့ဖြင့် တရားစွဲဆိုခံထားရသည့် ပလက်ဝမြို့၊ မြို့မရပ်ကွက်နေ မောင်စိုးကျော်လင်း အသက် ၁၇ နှစ်နှင့် သူ၏ ယောက်ဖဖြစ်သူ ကိုထွန်းလင်းကျော် အသက် ၂၉ နှစ်တို့ ၂ ဦးတို့ကို ၂၀ ကြိမ်မြောက်ရုံးထုတ်စစ်ဆေးချိန်တွင်လွှတ်ပေးလိုက်ခြင်းဖြစ်သည်။

ယနေ့ရုံးချိန်းတွင် ၎င်းတို့နှစ်ဦး၏ အမှုကိုတရားရုံးသို့လျောက်လှဲချက်တင်ရာ တရားသူကြီးကလက်ခံခဲ့သဖြင့် တရားစွဲထားသူများက စွဲဆိုထားသည့်အမှုကိုပြန်လည်ရုတ်သိမ်းလိုက်သည့်အတွက် တရားရုံးမှ အပြီးသတ်တရားသေလွတ်ပေးလိုက်ခြင်းဖြစ်သည်ဟု ကိုစိုးကျော်လင်း၏ မိခင်ဖြစ်သူဒေါ်ဒေါင်းမလေးကပြောသည်။

“ဒီနေ့မှာအမှုကိုလျောက်လဲချက်တင်တယ်။ တရားသူကြီးကလက်ခံတယ်။ အမှုကိုတရားသူကြီးကလက်ခံလို့ တရားလိုဖက်က ပြန်ပြီးတော့ စွဲဆိုထားတဲ့အမှုကိုရုတ်သိမ်းလိုက်တယ်။ ဒါကြောင့် သူတို့နှစ်ယောက်ကို တရားရုံးကတရားသေလွတ်ပေးလိုက်တာ။ အခုလိုလွတ်ပေးလိုက်တဲ့အတွက် ကျွန်မတို့အရမ်းဝမ်းသာပါတယ်”ဟု ပြောသည်။

ဗိုလ်ကြီးသက်နိုင်ဦးက ပလက်ဝမြို့မရဲစခန်းတွင် အမှုဖွင့်ခဲ့ပြီး တရားလိုသက်သေ ဗိုလ်ကြီးသက်နိုင်ဦးအပါအဝင်ဒေသခံ သက်သေများ ဖြစ်သည့် ဦးထိန်းအောင်၊ ဦးဇော်မင်းဦး၊ ဦးစံသိန်း၊ ဦးထွန်းလင်းဇော်တို့က တရားလိုလုပ်ပြီးတရားစွဲဆိုထားခြင်းဖြစ်သည်။

ပြီးခဲ့သည့် ၂၀၂၀ ပြည့်နှစ် စက်တင်ဘာလ ၂၄ ရက်နေ့၌ မောင်စိုးလင်းကျော်နှင့် ကိုထွန်းလင်းဇော်တို့မှာ စိမ်းစင်းကျေးရွာသို့ တံတားဆောက်လုပ်ရန်သွားသည့်အချိန်တွင် ပလက်ဝအခြေစိုက် ၂၈၉ တပ်ရင်းမှ တပ်မတော်သားများက ဖမ်းဆီးခဲ့ခြင်းဖြစ်သည်။

ရခိုင်ပြည်နယ်တွင် လက်ရှိအချိန်ကထိ အကြမ်းဖက်တိုက်ဖျက်ရေး ဥပဒေပုဒ်မ ၅၀(က)၊ ၅၀(ည)နှင့် ၅၂(ည) တို့ဖြင့်တရားရင် ဆိုင်နေရသူ ၂၆၉ ဦးရှိပြီး၊ ၎င်းတို့မှာ စစ်တွေခရိုင်တွင် ၁၃၉ ဦး၊ ကျောက်ဖြူခရိုင်တွင် ၄၄ ဦး၊ မြောက်ဦးခရိုင်တွင် ၇၈ ဦး၊ သံတွဲခရိုင်တွင် ၁၃ ဦးနှင့် မောင်တောခရိုင်တွင် ၄ ဦး ထိရှိကြောင်း သဇင်ဥပဒေ အထောက်အကူပြုအဖွဲ့၏ စာရင်းအရ သိရသည်။

https://www.facebook.com/102405104899336/posts/262094342263744/

Leave a Reply

Your email address will not be published.