By Western News/ 2021 April 23

ရက္ခိုင့်တပ်တော် AA နှင့်ဆက်စပ်သည်ဟုဆိုကာ ဖမ်းဆီးခံရပြီး အကြမ်းဖက်တိုက်ဖျက်ရေးဥပဒေပုဒ်မဖြင့် တရားစွဲဆိုခံထားရသည့် အသက်မပြည့်သော ကလေးသူငယ်များအမှုကို ပြန်လည်ရုတ်သိမ်းရန်အတွက် ရုတ်သိမ်းလွှာတင်ထားကြောင်း တရားလွှတ်တော်ရှေ့ နေများထံမှ သိရသည်။
ပြန်လည်ရုတ်သိမ်းလွှာများကို သက်ဆိုင်ရာ ခရိုင်ဥပဒေရုံးများတွင် တရားလိုများက ပြီးခဲ့သည့် အပတ်ကတည်းက တင်သွင်းထားကြပြီး လက်ရှိတွင် တရားရုံးမှ အကြောင်းပြန်မှုမရှိသေးကြောင်း တရားလွှတ်တော်ရှေ့နေ ဦး ကျော်ညွှန့်မောင်က ပြောသည်။
“အကြမ်းဖက်ဥပဒေတွေနဲ့ တရားစွဲဆိုခံထားရတဲ့ အသက်မပြည့်သေးတဲ့ ကလေးသူငယ်တွေရဲ့ အမှုတွေကို ပြန် လည်ရုတ်သိမ်းပေးဖို့ သက်ဆိုင်ရာခရိုင် တရားရုံးတွေမှာ တရားလိုတွေက ပြီးခဲ့တဲ့အပတ်က တင်သွင်းထားပါတယ်။ တရားရုံးဖက်က အကြောင်းပြန်တာတော့ မရှိသေးဘူးပေါ့”ဟုပြောသည်။
ယင်းပြင် အကြမ်းဖက်တိုက်ဖျက်ရေး ဥပဒေပုဒ်မများဖြင့် တရားစွဲဆိုခံထားရသည့် လူကြီးများအမှုကိုလည်း ပြန်လည်ရုတ်သိမ်း လွှာများကို ယနေ့ထိ တရားလိုဖက်မှ မတင်သွင်းရသေးသော်လည်း ပြန်လည်ရုတ်သိမ်းပေးမည်ကို တရားစွဲဆိုထားသည့်အဖွဲ့မှ ကြားသိရကြောင်းရှေ့နေ ဦးကျော်ညွှန့်မောင်က ဆက်ပြောသည်။
“လူကြီးတွေရဲ့ အမှုတွေကျတော့ ဒီနေ့ထိတော့ ရုတ်သိမ်းလွှာတွေမတင်သေးဘူး။ ဒါပေမယ့် တရားလိုဖက်ကရုတ်သိမ်းလွှာတွေ တင်သွင်းမယ်ဆိုတာတော့ တရားစွဲဆိုတဲ့အဖွဲ့ကနေ ကျွန်တော်တို့ကြားသိရပါတယ်”ဟုပြောသည်။
လက်ရှိတွင် အကြမ်းဖက်အဖွဲ့အဖြစ်ကြေညာထားသည့် ရက္ခိုင့်တပ်တော် AA ကို အကြမ်းဖက်အဖွဲ့မှ ပြန်လည် ရုတ်သိမ်းထားပြီး ဖြစ်သည့်အတွက် အကြမ်းဖက်ဖြင့် တရားစွဲခံထားရသူများမှာ ဥပဒေကြောင်းအရ အမှုပြန်လည် ရုတ်သိမ်းသင့်သည်ဟု ၎င်းက ပြောသည်။
ရခိုင်ပြည်နယ်တွင် လက်ရှိအချိန်ကထိ အကြမ်းဖက်တိုက်ဖျက်ရေး ဥပဒေပုဒ်မ ၅၀(က)၊ ၅၀(ည)နှင့် ၅၂(ည) တို့ဖြင့်တရားရင် ဆိုင်နေရသူ ၂၆၉ ဦးရှိပြီး၊ ၎င်းတို့မှာ စစ်တွေခရိုင်တွင် ၁၃၉ ဦး၊ ကျောက်ဖြူခရိုင်တွင် ၄၄ ဦး၊ မြောက်ဦးခရိုင်တွင် ၇၈ ဦး၊ သံတွဲခရိုင်တွင် ၁၃ ဦးနှင့် မောင်တောခရိုင်တွင် ၄ ဦး ထိရှိကြောင်း သဇင်ဥပဒေ ဆိုင်ရာအဖွဲ့အစည်း၏ စာရင်းအရ သိရသည်။
https://www.facebook.com/westernnewsagency/posts/276559084150603