သမိုင်းဝင် မင်းပြားကျိန်းတောင်ဘုရားအား တက်ရောက်ဖူးမျှော်ခွင့်ရရှိရန် ဒေသခံများလိုလား

By Development Media Group (DMG) / 2021 April 1

ရခိုင်ပြည်နယ်၊ မင်းပြားမြို့ရှိ သမိုင်းဝင်ကျိန်းတောင်ဘုရားတွင် တပ်မတော်မှ ယာယီတပ်စွဲနေထိုင်ခြင်းမပြုဘဲ ဘုရားဖူးခရီးသည်များ တက်ရောက်ဖူးမျှော်ခွင့်ရရှိနိုင်ရန် ဒေသခံများက လိုလားနေကြသည်။

အဆိုပါဘုရားပေါ်၌ တပ်မတော်သားများကို ယာယီတပ်စွဲမထားရန် ပြီးခဲ့သည့် ဇန်နဝါရီလအတွင်းက ဘုရား ဂေါပကအဖွဲ့အပါအဝင် မင်းပြားမြို့ရှိ အရပ်ဖက်အဖွဲ့အစည်းများနှင့် ဒေသခံများမှ သက်ဆိုင်ရာသို့ စာဖြင့် တင်ပြထားကြကြောင်း သိရသည်။ ယင်းသို့တင်ပြထားသော်လည်း လက်ရှိအချိန်ထိ ထူးခြားမလာသေးကြောင်း ဒေသခံများက ဆိုသည်။

ကျိန်းတောင်ဘုရားဂေါပကအဖွဲ့ဝင် ဦးဝေလှမောင်က “ကျိန်းတောင်ကို တက်လို့မရသေးဘူး။ သူတို့က လုံခြုံရေးအခြေအနေအရ တက်လို့မရသေးဘူးလို့ပြောပါတယ်။ နှစ်ထောင့်ငါးရာစေတီလောက်ပဲ တက်လို့ ရသေးတယ်။ ကျနော်တို့ဂေါပကအဖွဲ့ကလည်း အဲဒီတောင်ကို တက်လို့မရသေးဘူး” ဟု ဆိုသည်။

ကျိန်းတောင်ဘုရားသည် တောင်၏အမြင့်ပေ ၄၁၀ တွင်တည်ရှိပြီး ယခုအခါ တောင်၏အမြင့်ပေ ၃၀၀ ကျော်တွင်ရှိသည့် နှစ်ထောင့်ငါးရာစေတီအထိသာ တက်ရောက်ဖူးမျှော်ခွင့်ရရှိသေးကြောင်း သိရသည်။

ရခိုင်ပြည်နယ်အတွင်း တိုက်ပွဲဖြစ်ပွားမှုများမှာလည်း လက်ရှိတွင်ရပ်တန့်နေသည့်အတွက် အခြားမြို့နယ်များမှ မင်းပြားမြို့၊ ကျိန်းတောင်ဘုရားကို ဖူးမျှော်ရန်လာရောက်ကြသော်လည်း တောင်ပေါ်သို့တက်ခွင့်မရကြသဖြင့် လှည့်ပြန်သွားရသူများရှိကြောင်း ဒေသခံများကဆိုသည်။

မင်းပြားဒေသခံ ကိုနေငြိမ်းချမ်းက “နှစ်ထောင့်ငါးရာစေတီလောက်ပဲ တက်ခွင့်ရတယ်။ အဲဒီအထက်မှာ ခြံစည်းရိုးခတ်ထားပါတယ်။ ကျနော်တို့အနေနဲ့လည်း မတက်ရဲဘူး၊ စိုးရိမ်တယ်။ အရင်လိုတရားဝင်တက်ခွင့်ရဖို့ အတွက် တောင်းဆိုချင်ပါတယ်” ဟု ပြောသည်။

ရခိုင်တွင် တပ်မတော်နှင့် အေအေတို့၏ တိုက်ပွဲများရပ်တန့်နေသော်လည်း ကျိန်းတောင်ဘုရားကို လုံခြုံရေး အခြေအနေအရ တက်ရောက်ခွင့်မရှိသေးကြောင်း မင်းပြားမြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးသခင်ချိုက ဆိုသည်။

“တခြားမြို့ကနေပြီး တကူးတကလာရောက်ဖူးမျှော်ချင်တဲ့ သူတွေကိုဆိုရင် အထက်မှာရှိတပ်နဲ့ အဆင် ပြေအောင်လုပ်ပေးပါတယ်။ ဧည့်သည်တွေအနေနဲ့ မှတ်ပုံတင်ပြရတယ်။ ဘယ်ကနေလာတယ်ဆိုတာကိုတော့ ပြောပြရပါတယ်။ တောင်တက်သွားတဲ့အခါ လက်မှတ်ထိုးရတယ်၊ တောင်ထက်ကဆင်းလာတဲ့အခါ လက်မှတ် ထိုးရတယ်။ ဒါပေမဲ့ အမြဲတမ်းဖွင့်ပေးထားတာတော့မဟုတ်ဘူး” ဟု ၎င်းကပြောသည်။

အဆိုပါ မင်းပြားကျိန်းတောင်စေတီတော်အား ဘုရားဖူးခရီးသည်များ တက်ရောက်ဖူးမျှော်ခွင့်ရရှိနိုင်ရန်အတွက် မင်းပြားမြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့အနေဖြင့်လည်း ပြည်နယ်အဆင့်ထိ တင်ပြထားကြောင်း ၎င်းကဆိုသည်။

၂၀၁၉ ခုနှစ် အစောပိုင်းမှစတင်ကာ ကျိန်းတောင်ဘုရားပေါ်တွင် တပ်မတော်မှ ယာယီတပ်စွဲထားသည်မှာ လက်ရှိတွင် ၂ နှစ်အထိရှိလာနေပြီဖြစ်ကြောင်း ဒေသခံများ၏ပြောဆိုချက်အရ သိရသည်။

https://www.facebook.com/466648543487562/posts/1979781398840928/

https://www.dmgburmese.com/%E1%80%9E%E1%80%90%E1%80%84%E1%80%B9%E1%80%B8/kyaindaung.html?fbclid=IwAR1cOVIMFSSQtQWgpeAXDwFhjGkMS8g-zpvOyTaLwMm7PJDSaTxaf04likQ

Leave a Reply

Your email address will not be published.