By Development Media Group (DMG) / 2021 April 9
သတ္တမအကြိမ်မြောက် တန်းခိုးဆရာထွန်းစာပေဆုချီးမြှင့်ပွဲကို ၎င်း၏ဇာတိကျေးရွာဖြစ်သော ရခိုင်ပြည်နယ်၊ ပုဏ္ဏားကျွန်းမြို့နယ် တန်းခိုးကျေးရွာ၌ ဧပြီလ ၈ ရက်နေ့က ကျင်းပခဲ့သည်။
တန်းခိုးဆရာထွန်းစာပေဆုချီးမြှင့်ပွဲတွင် တစ်သက်တာစာပေဆု၊ ဂီတစာဆိုဆု၊ ဆောင်းပါးဆု၊ ဝတ္ထုဆု၊ ကဗျာဆု၊ ကလေးကဗျာဆုနှင့် ဂုဏ်ပြုလက်ဆောင်များ ပေးအပ်ချီးမြှင့်ခဲ့ကြသည်။
အဆိုပါဆုချီးမြှင့်ပွဲတွင် တစ်သက်တာစာပေဆုကို စာရေးဆရာ အနောက်သား(စစ်တွေ)မှလည်းကောင်း၊ ဂီတဆစာဆိုဆုကို ရခိုင်အဆိုတော် ဝင်းကိုခိုင်မှလည်းကောင်း၊ ဆောင်းပါးဆုကို စာရေးဆရာ ရိုးနွယ်(ကျောက်ဖြူ)မှလည်းကောင်း၊ ဝတ္တုဆုကို စာရေးဆရာမ မေလှိုင်းဖြူမှလည်းကောင်း၊ ကဗျာဆုကို ကဗျာဆရာ ဥက္ကာမင်းညိုမှလည်းကောင်း၊ ကလေးကဗျာဆုကို ကဗျာဆရာ ဈာန်ဟိန်း(မြောင်းဘွေ)မှ လည်းကောင်း အသီးသီးရရှိခဲ့ကြသည်။
“တန်းခိုးဆရာထွန်းကို ဂုဏ်ပြုချင်တဲ့ရည်ရွယ်ချက်လည်းပါတယ်။ နောက်ပြီးတော့ ရခိုင်ပြည်မှာ ထူးချွန် ထက်မြတ်တဲ့ စာပေသမားတွေ၊ စာရေးဆရာတွေ ပေါ်ထွန်းစေချင်တဲ့ရည်ရွယ်ချက်လည်းပါတယ်။ ပြီးတော့ တေးရေးဆရာတွေပေါ်ထွန်းစေချင်တယ်။ ရခိုင်ပြည်က ရခိုင်တွေရဲ့အမျိုးဂုဏ်၊ ဇာတိဂုဏ်မြင့်မားဖို့အတွက် တစ်စိုက်မတ်မတ်ရေးသားထုတ်ဝေခဲ့တဲ့ စာရေးဆရာတွေကို ဂုဏ်ပြုချင်တဲ့ရည်ရွယ်ချက်တွေလည်းပါတယ်။ ဒါကြောင့်တန်းခိုးဆရာထွန်း စာပေးဆုချီးမြင့်ပွဲကိုကျင်းပရခြင်းဖြစ်ပါတယ်” ဟု စာပေဆုချီးမြှင့်ရေးကော်မတီ အထွေထွေအတွင်းရေးမှူး စာရေးဆရာလွမ်းပြေအောင်(စစ်တွေ)ကပြောသည်။
ဂီတစာဆိုဆုရရှိခဲ့သည့် ရခိုင်တေးသံရှင် ဝင်းကိုခိုင်က “ဒီတန်းခိုးဆရာထွန်းဆုက ရခိုင်ပြည်မှာဆိုလို့ရှိရင်တော့ အမြင့်ဆုံးပေါ့နော်။ ဒီဆုကိုရတဲ့ဆိုတာလည်း ကျနော်တို့ အမျိုးသီလနဲ့ ရခိုင်လူမျိုးတွေအဓိကထားတဲ့ အမျိုး သားရေး၊ အမျိုးသားရေးကိုအဓိကထားတဲ့သူတွေအတွက် ဒီဆုကိုချီးမြှင့်ပေးတာပေါ့။ ဆိုတော့ဒီဆုကိုပေးတဲ့ ကော်မတီဝင်တွေအားလုံးကို ကျေးဇူးတင်တယ်” ဟု ပြောသည်။
တန်းခိုးဆရာထွန်းစာပေဆုချီးမြှင့်ပွဲကို ၂၀၁၁ ခုနှစ်မှစတင်၍ကျင်းပခဲ့ခြင်းဖြစ်ပြီး ၂၀၁၂ ခုနှစ်တွင် ဒုတိယ အကြိမ်၊ ၂၀၁၅ ခုနှစ်တွင်တတိယအကြိမ်၊ ၂၀၁၆ ခုနှစ်တွင် စတုတ္ထအကြိမ်၊ ၂၀၁၇ ခုနှစ်တွင်ပဥ္စမအကြိမ်၊ ၂၀၁၈ ခုနှစ်တွင် ဆဋ္ဌမအကြိမ်နှင့် ၂၀၂၁ ခုနှစ်တွင် သတ္တမအကြိမ်ကျင်းပခဲ့ခြင်းဖြစ်သည်။
၂၀၁၈ ခုနှစ်က ကျင်းပခဲ့သော ဆဋ္ဌမအကြိမ်မြောက် တန်းခိုးဆရာထွန်းစာပေဆုချီးမြင့်ပွဲတွင် ဂီတစာဆိုဆုကို ကိုသန်းမောင်(လေးဝတီ)မှ ရရှိခဲ့သည်။
တန်းခိုးဆရာထွန်းစာပေဆုသည် ရခိုင်ပြည်နယ်အတွင်းပေးအပ်သည့် တစ်ခုတည်းသော စာပေဆုအမျိုးအစား ဖြစ်ပြီး ဆုချီးမြှင့်ပွဲကို တန်းခိုးကျေးရွာတွင် နှစ်စဉ်ကျင်းပလေ့ရှိသည်။
တန်းခိုးဆရာထွန်းသည် ဝတ္ထု၊ ဇာတ်များအပါအဝင် စာအုပ်ပေါင်း ၆၀ ကျော်ကို ရေးသားခဲ့သူဖြစ်ပြီး ဗြိတိသျှ အစိုးရလက်ထက်က ရခိုင်ပြည်၌ ပြိုင်စံရှားသော ရခိုင်သာခြင်းစာဆိုရှင်တစ်ဦးလည်းဖြစ်သည်။ ၎င်းမှာ ပုဏ္ဏားကျွန်းမြို့နယ်၊ တန်းခိုးကျေးရွာဇာတိဖြစ်ပြီး အသက် ၇၀ ခန့်တွင် ကွယ်လွန်ခဲ့သည်။
https://www.facebook.com/dmgnewsagency/posts/1986262274859507