By Development Media Group (DMG) / 2021 April 1
ရခိုင်ပြည်နယ်တွင် သတ္တမအကြိမ်မြောက် တန်းခိုးဆရာထွန်း စာပေဆုချီမြှင့်ပွဲကို ဧပြီလ ၈ ရက်နေ့တွင် ကျင်းပသွားမည်ဖြစ်ကြောင်း စာပေဆုချီးမြှင့်ရေးကော်မတီမှ သိရသည်။
အဆိုပါ စာပေဆုချီမြှင့်ပွဲကို တန်းခိုးဆရာထွန်း၏ ဇာတိကျေးရွာဖြစ်သည့် ပုဏ္ဏားကျွန်းမြို့နယ် တန်းခိုးကျေးရွာ၌ ကျင်းပသွားမည်ဖြစ်ကြောင်း စာပေဆုချီးမြှင့်ရေးကော်မတီမှ အထွေထွေအတွင်းရေးမှူး ဦးလွမ်းပြေအောင်က DMG သို့ ပြောသည်။
“ တန်းခိုးဆရာထွန်း စာပေဆုချီးမြှင့်ရတဲ့ အဓိက ရည်ရွယ်ချက်ကတော့ တန်းခိုးဆရာထွန်း ဆိုတဲ့ ပုဂ္ဂိုလ်က ဗြိတိသျှအစိုးရလက်ထက်မှာ ရခိုင်ပြည်မှာ ပြိုင်စံရှားတဲ့ ရခိုင်သာခြင်းစာဆိုဖြစ်တယ်။ အဲဒီသာခြင်းစာဆိုကြီးကို ဂုဏ်ပြုတဲ့အနေနဲ့ ဒီပွဲကိုကျင်းပရတာဖြစ်တယ်၊ နောက်ပြီးတော့ ရခိုင်ပြည်က ထူးချွန်းထက်မြတ်တဲ့ စာရေး ဆရာတွေ ပေါ်ပေါက်လာစေချင်လို့ လုပ်ရတာဖြစ်တယ်” ဟု ဆိုသည်။
တန်းခိုးဆရာထွန်း စာပေဆုချီးမြှင့်ပွဲတွင် တစ်သက်တာ စာပေဆုကို ဆရာကြီး အနောက်သား (စစ်တွေ) အားလည်းကောင်း၊ ဂီတစာဆိုဆုကို ရခိုင်အဆိုတော် ဝင်းကိုခိုင် အားလည်းကောင်း ချီးမြှင့်ပေးမည်ဖြစ်ပြီး အခြားသော ဆောင်းပါးဆု၊ ဝတ္ထုဆု၊ ကဗျာဆု၊ အချေ ကဗျာဆုရှင်များကိုလည်း ဆုချီးမြှင့်သွားမည်ဖြစ်သည်။
ရခိုင်ပြည်နယ် တန်းခိုးဆရာထွန်း စာပေဆုချီးမြှင့်ပွဲသို့ ရခိုင်ပြည်နယ် မြို့နယ်အသီးသီးမှ စာရေးဆရာများကို ဖိတ်ကြားကာ ပွဲအခမ်းအနားတွင် ရခိုင်အဆိုတော် ဝင်းကိုခိုင်က သီဆိုဖျော်ဖြေသွားမည်။
တန်းခိုးဆရာထွန်း စာပေဆုသည် ရခိုင်ပြည်နယ်အတွင်း ပေးအပ်သည့် တစ်ခုတည်းသော စာပေဆုအမျိုးအစားဖြစ်ပြီး ပုဏ္ဏားကျွန်းမြို့နယ် တန်းခိုးကျေးရွာတွင် နှစ်စဉ်ကျင်းပလေ့ရှိသည်။
တန်းခိုးဆရာထွန်းသည် ပုဏ္ဏားကျွန်းမြို့နယ်၊ တန်ခိုးရွာဇာတိဖြစ်ပြီး အသက် ၇၀ ဝန်းကျင်တွင် ကွယ်လွန်ခဲ့သည်။