သတင်းမီဒီယာ အသိအမှတ်ပြုကတ် ထုတ်ပေးမည့်အပေါ် မီဒီယာအဖွဲ့အစည်း(၈)ဖွဲ့ကန့်ကွက်

By Development Media Group (DMG) / 2021 April 2

အစိုးရဝန်ကြီးဌာနမှ ကမကထပြုထုတ်ပေးသည့် သတင်းသမားအသိအမှတ်ပြုကတ်ထုတ်ပေးရေး အစီအစဉ်ကို ကန့်ကွက်ကြောင်း သတင်းမီဒီယာအဖွဲ့အစည်း (၈)ဖွဲ့က ဧပြီလ ၁ ရက်နေ့က ထုတ်ပြန်ခဲ့သည်။

အဆိုပါအဖွဲ့အစည်းများမှာ မြန်မာဂျာနယ်လစ်ကွန်ရက်၊ မြေလတ်ဂျာနယ်လစ်ကွန်ရက်၊ မြန်မာဂျာနယ်လစ် ကွန်ယက် (ဧရာဝတီ)၊ လားရှိုးသတင်းထောက်များအဖွဲ့၊ ရခိုင်ဂျာနယ်လစ်ကွန်ယက်၊ မြန်မာအမျိုးသမီး သတင်းသမားများအဖွဲ့၊ တောင်ကြီးသတင်းထောက်များအသင်းနှင့် မြန်မာပြည်တောင်ပိုင်း ဂျာနယ်လစ် ကွန်ယက်တို့ပါဝင်သည်။

သတင်းသမားသည် သက်ဆိုင်ရာမိခင်သတင်းဌာနကိုသာ သတင်းပေးပို့တာဝန်ခံကြပြီး သတင်းဌာနများမှာလည်း သက်ဆိုင်ရာတွင် ထုတ်ဝေခွင့်မှတ်ပုံတင်ပြီးမှသာ ထုတ်ဝေဖြန့်ချီနေကြသည်ဖြစ်၍ သတင်းမီဒီယာ ကတ်သည် မလိုအပ်ဟု သတင်းသမားများအဖွဲ့အနေဖြင့် ယူဆကြောင်း အဆိုပါထုတ်ပြန်ချက်တွင်ပါရှိသည်။

“ဒီဟာက သတင်းမီဒီယာသမားတွေကို ထိမ်းချုပ်တာပါ၊ နောက်ပြီး လုပ်ဖို့ကလိုလည်းမလိုအပ်ပါဘူး။ ဘာလို့ မလိုအပ်တာလဲဆိုတော့ သတင်းထောက်တွေမှာက မိခင်တိုက်က ထုတ်ပေးထားတဲ့ သူ့ကတ်နဲ့သူ ရှိပြီးသားလေ။ အဲဒီတိုက်တွေကလည်း ပြန်ကြားရေးကထုတ်ပေးထားတဲ့လိုင်စင်ရှိပြီးသားဖြစ်လို့ပါပဲ” ဟု မြန်မာဂျာနယ်လစ်ကွန်ယက်မှ တွဲဖက်အတွင်းရေးမှူး ဦးနိုင်မင်းဝေက ပြောသည်။

ထို့အပြင် သတင်းသမားအဖွဲ့အစည်းများသည် လွတ်လပ်စွာထုတ်ဖော်ခွင့်နှင့် သတင်းစာလွတ်လပ်ခွင့်ကို အခြေခံကာ ဖွဲ့စည်းထားသည့် အဖွဲ့အစည်းများဖြစ်သည့်အတွက် ယခုကိစ္စသည် သတင်းသမားများ၏ လွတ်လပ်စွာ သတင်းရယူခွင့်ကို ထိမ်းချုပ်မည့်လုပ်ဆောင်ချက်ဟု ယူဆသည့်အတွက် အသိအမှတ်ပြုကတ် ထုတ်ပေးမည့် အစီစဉ်တွင် အသိအမှတ်ပြုပါဝင်မည်မဟုတ်ကြောင်း ထုတ်ပြန်ချက်တွင် ပါဝင်သည်။

“ ကျွန်တော်တို့သတင်းထောက်တွေဆိုတာ လွတ်လပ်တဲ့သူတွေဖြစ်ပါတယ်။ သတင်း မီဒီယာသမားတွေဟာ အစိုးရလက်အောက်ခံတွေ မဟုတ်ကြပါဘူး။ မီဒီတွေဟာ လွတ်လပ်တဲ့ အဖွဲ့ အစည်း ဖြစ်တဲ့အပေါ်အခုလို ကတ်လုပ်တာခိုင်းတာကို သတင်းထောက်တစ်ယောက်အနေနဲ့ ရှုတ်ချပါတယ်။ သွားလုပ်ရင်လည်း လွတ်လပ်ပြီးမျှတတဲ့ သတင်းတွေကို တင်ဆက်နိုင်မှာမဟုတ်ဘူးလို့ ယုံကြည်တဲ့အတွက် ကျနော်ကတော့ ကတ်လုပ်မှာမဟုတ်ပါဘူး” ဟု သင်္ကန်းကျွန်းပိုစ့်သတင်းဌာနမှ အယ်ဒီတာတစ်ဦးဖြစ်သူ ကိုမျိုးမြင့်ဇော်က ပြောသည်။

အထူးသဖြင့် သတင်းဌာန ၅ ခု၏ မှတ်ပုံတင်ကို ဖျက်သိမ်းလိုက်ခြင်း၊ ပြီးခဲ့သည့် ၂ လနီးပါးကာလအတွင်း သတင်းသမား ၅၀ ကျော် ဖမ်းဆီးထိမ်းသိမ်းခံခဲ့ရခြင်း၊ လက်ရှိအချိန်တွင်လည်း အချို့ကို ဆက်လက်ထိမ်းသိမ်း ထားခြင်း၊ တရားစွဲဆိုခံရခြင်းများဖြစ်ပေါ်နေချိန်တွင် ယခုကဲ့သို့ စီစဉ်ခြင်းသည်နောက်ထပ်ထိမ်းချုပ်မှုတစ်ရပ် ဖြစ်သည့်အတွက် ကန့်ကွက်ခြင်းဖြစ်ကြောင်းလည်း ထုတ်ပြန်ချက်တွင်ပါရှိသည်။

ထို့အပြင် လက်ရှိအချိန်သည် သတင်းမီဒီယာအသိအမှတ်ပြုကတ်ထက် ဖမ်းဆီးထိမ်းသိမ်းသူများကို ခြွင်းချက်မရှိ အမြန်ဆုံး ပြန်လွှတ်ပေးရမည့် အချိန်ဖြစ်သည်ဟု ယုံကြည်ပြီး အမြန်ဆုံး ပြန်လွှတ်ပေးရန် တောင်းဆိုကြောင်းကိုလည်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

ပြန်ကြားရေးဝန်ကြီးဌာနအနေဖြင့် သတင်းမီဒီယာသတင်းသမားများသတင်းရယူရာတွင် အဆင်ပြေချောမွေ့ စေရေးနှင့် သတင်းစာရှင်းလင်းပွဲများ အပါအဝင် အခမ်းအနားဖိတ်ကြားရာတွင် အဆင်ပြေချောမွေ့စေရေး အတွက်သတင်းမီဒီယာ အသိအမှတ်ပြု ကတ်ပြားများကို ထုတ်ပေးနိုင်ရေး စီစဉ်နေကြောင်းနှင့် ပြန်ကြားရေး ဝန်ကြီးဌာနမှ အခမဲ့ဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း မြန်မာနိုင်ငံသတင်းမီဒီယာကောင်စီထံသို့ ပြန်ကြားရေးဝန်ကြီးဌာနမှ မတ်လ (၁၂)ရက်နေ့က အကြောင်းကြားစာ ပေးပို့ခဲ့ခြင်းဖြစ်သည်။

https://www.dmgburmese.com/%E1%80%9E%E1%80%90%E1%80%84%E1%80%B9%E1%80%B8/8-orgs-media.html?fbclid=IwAR2feUm9ffzLrAMing0ieslQe1BgvQQOU7HyXgN1FBENUUmVhCBoRsJfIv0

https://www.facebook.com/466648543487562/posts/1980826752069726/

Leave a Reply

Your email address will not be published.