သင်္ကြန်ကာလအတွင်း ပွိုင့်ကမ်းခြေတစ်လျှောက်စွန့်ပစ်ခဲ့သည့် အမှိုက်များကို ပတ်ဝန်းကျင်ထိန်းသိမ်းရေးသမားများကစုပေါင်းကောက်ပြီးသန့်ရှင်းရေးလုပ်

By Narinjara/ 2021 April 24

ချစ်အိလှိုင်

သင်္ကြန်ကာလအတွင်း စစ်တွေမြို့ ပွိုင့်ကမ်းခြေတလျှောက်တွင် စွန့်ပစ်ခဲ့ကြသည့် အမှိုက်များကို Green Network အဖွဲ့ဝင်များအပါအဝင် ပတ်ဝန်းကျင်ထိန်းသိမ်းရေးသမားက စုပေါင်းကောက်ယူပြီး ပွိုင့်ကမ်းခြေ သန့်ရှင်း သာယာလှပမှုရှိစေရန် ဆောင်ရွက်ခဲ့ကြသည်ဟု သတင်းရရှိသည်။

၎င်းအဖွဲ့ကို တည်ထောင်သူ ဒေါ်စောမြသန္တာက “သင်္ကြန်အတွင်းမှာ လည်ပတ်သူတွေကလည်း များတယ်။ ရောင်းချသူတွေကလည်းများခဲ့တယ်။ ကျွန်မတို့ဖက်ကလည်း အမှိုက်ပုံးတွေ တောက်လျှောက်ထားပေးတယ်။ တချို့ကလည်း စနစ်တကျပစ်တယ်။တချို့ကလည်း စနစ်တကျမပစ်ကြဘူး။ စနစ်တကျမပစ်ခဲ့တော့ အမှိုက်တွေ ပြန့်ကြဲကျနေခဲ့တယ်။ ဒီအမှိုက်တွေကို စုပေါင်းကောက်ယူကြတာဖြစ်တယ်။ အဓိက ရည်ရွယ်ချက်တော့ ပွိုင့်ကမ်းခြေ သန့်ရှင်း သာယာလှပမှုရှိစေရေးအတွက် ရည်ရွယ်လုပ်ဆောင်တာပါ” ဟု ပြောသည်။

ယနေ့နံနက်က အမှိုက်ကောက်လှုပ်ရှားမှုတွင် Green Network- Sittwe အဖွဲ့သား ၆ဝ ကျော်၊ ပတ်ဝန်းကျင်ထိန်းသိမ်းရေး ဦးစီးဌာန မှ ဝန်ထမ်း ၅ဝ ခန့်နှင့် စစ်တွေမြို့နယ်စည်ပင်သာယာရေးအဖွဲ့မှ ဝန်ထမ်း ၂ဝ ခန့်၊ စုစုပေါင်း လူ ၁၃ဝ ကျော် ပါဝင်ခဲ့သည်ဟု သိရသည်။

ပွိုင့်အငူမှ စစ်တွေဟိုတယ်နောက်ဖက်ကမ်းခြေတလျှောက်ထိ ပြန့်ကြဲနေသော အမှိုက်များကို ကောက်ယူ သိမ်းဆည်းခဲ့ကြပြီး ထွက်ရှိလာသော အမှိုက်များမှာ တေပါကား ၇ စီးစာရှိကြောင်း သိရသည်။

“ အရက်ပုလင်းခွံအကွဲတွေလည်းအများကြီးပဲ။ တေဘာကားနဲ့မနက်က လေးစီးအပြည့်ရတယ်။ နေ့လယ်ပြောင်းဖို့ ပုံထားခဲ့တာ သုံးစီးလောက်ကျန်ခဲ့တယ်။ ကျွန်မတို့အဖွဲ့ကနေ အမှိုက်ပုံးတွေ အများကြီးထားပေးထားတာဆိုတော့ အမှိုက်ပုံးကိုရောက်အောင်ထည့်ပေးစေချင်တယ်။ ရောင်းချတဲ့ လူတွေကလည်း စားဝတ်နေရေးအတွက် ရောင်းချနေရတာဆိုတော့ အပြစ်မပြောလိုဘူး။ ဒီနေ့မနက်ကသူတို့ကိုလည်း ဝိုင်းဝန်း ပါဝင်စေဖို့ ဖိတ်ခေါ်ခဲ့တယ်။သူတို့လည်း ကောက်ကြပါတယ်” ဟု ဒေါ်စောမြသန္တာက ပြောသည်။

လာမည့် ဧပြီလ ၂၅ ရက်နေ့ တနင်္ဂနွေနေ့တွင်လည်း ပင်လယ်ကမ်းခြေသို့ လာရောက် လည်ပတ်သူများပြားနိုင်ပြီး လာရောက်လည်ပတ်သူများအနေဖြင့် ကမ်းခြေသာယာလှပရေးကို ရည်ရွယ်ပြီး အမှိုက်များကို စနစ် စွန့်ပစ်စေလိုသည်ဟု သူမကဆိုသည်။

စစ်တွေတက္ကသိုလ်ကျောင်းသားများ သမဂ္ဂဥက္ကဋ္ဌ ကိုတိုးတိုးအောင်က လူငယ်များနှင့် လည်ပတ်သူ များအနေဖြင့်လည်း အမှိုက်များကို စနစ်တကျစွန့်ပစ်သင့်ကြောင်း၊ စည်ပင်သာယာကလည်း ပြည့်နေသည့်အမှိုက်ပုံးများကို နေ့စဉ်မှန်မှန်လာရောက်သိမ်းဆည်းပေးပါက ယခုကဲသို့ များပြားသည့်အမှိုက်များအား လိုက်ကောက်နေစရာလိုအပ်မည်မဟုတ်ကြောင်း ပြောသည်။

“ စည်ပင်ကလည်း အမှိုက်ပုံးပြည့်နေရင် နေ့တိုင်းလာသိမ်းပေးဖို့လိုမယ်။ အခုက အမှိုက်ပုံးတွေ ပြည့်နေတာတွေလည်း တွေ့ရတယ်။ ပြီးတော့ လူတွေကလည်း စည့်မဲ့ကမ်းမဲ့ မပစ်ဖို့လိုတာပေါ့နော်။ ကျွန်တော်တို့မှာ အပမ်းဖြေဖို့ ဒီလိုကမ်းခြေတစ်ခုရှိတာကို တန်ဖိုးထားသင့်တယ်” ဟုပြောသည်။

https://www.facebook.com/narinjara.info/posts/4254406471238064

Leave a Reply

Your email address will not be published.