သင်္ကြန်ကာလအတွင်း ပလက်ဝဒေသခံတစ်ဦး မိုင်းနင်းမိ၍ ခြေတစ်ဖက်ဖြတ်ရ

By Development Media Group (DMG) / 2021 April 19

ချင်းပြည်နယ် ၊ ပလက်ဝမြို့နယ်၊ လောင်းကဒူးကျေးရွာနေ အမျိုးသားတစ်ဦးမှာ ဧပြီလ ၁၅ ရက်နေ့ နံနက်ပိုင်းတွင် မိုင်းနင်းမိ၍ ဘယ်ဖက်ခြေထောက်တစ်ဖက်ဖြတ်လိုက်ရသည်ဟု ဒေသခံများကပြောသည်။

မိုင်းနင်းမိ၍ ဘယ်ခြေထောက်ခြေထောက်တစ်ဖက်ဖြတ်လိုက်ရသူမှာ ဦးအောင်မြင့်မြတ်( ၄၅) နှစ်ဖြစ်ပြီး ၎င်းမှာ ကျေးရွာအနီးရှိ တောင်ပေါ်သို့ ဝါးခုတ်ရန်သွားစဉ် မိုင်းနင်းမိခြင်းဖြစ်သည်ဟု လောင်းကဒူးကျေးရွာသား ကိုအေးလွင်ကပြောသည်။

“ သူက ဧပြီလ ၁၅ ရက်နေ့မှာ ရွာအနီးကတောင်ပေါ်ကို ဝါးခုတ်မယ်ဆိုပြီးတော့သွားတာ။ သူတောင်ပေါ်တက်တော့ မိုင်းနင်းမိတယ်။ ပေါက်ကွဲသွားတယ်။ မိုင်းပေါက်ကွဲသွားလို့သူရဲ့ခြေတစ်ဖက်ကိုဖြတ်လိုက်ရတယ်”ဟု ပြောသည်။

ဦးအောင်မြင့်မြတ်ဘယ်ဖက်ခြေထောက်တစ်ဖက်ဒူးဆစ်အရင်းကနေဖြတ်လိုက်ရပြီးလက်ရှိတွင် ပလက်ဝမြို့ ပြည်သူ့ဆေးရုံတွင် ဆေးကုသမှုခံယူနေကာ ဒဏ်ရာစိုးရိမ်စရာမရှိဟု လူမှုကယ်ဆယ်ရေးဆောင်ရွက်ပေးနေသူ ကိုတင်ထွန်းအောင် Western News ကိုပြောသည်။

ပြီးခဲ့သည့် ဧပြီလ ၄ ရက်နေ့တွင် ကျောက်တော်မြို့နယ်၊ ရွှေပြည်ကျေးရွာနေ ဒေါ်အေးအေးသိန်းနေအိမ် ခြံဝန်းထဲ၌ စစ်ကျန်လက်နက်ပေါက်ကွဲမှု ဖြစ်ပွားရာ မိခင်အပါအဝင် သားအမိ ၃ ဦးသေဆုံးခဲ့ပြီး နောက်ထပ် သားတစ်ဦးမှာလည်း ဒဏ်ရာပြင်းထန်ရရှိခဲ့သည်။

သေဆုံးသွားသူ ၃ ဦးမှာ မိခင်ဒေါ်အေးအေးသိန်း(၃၅)နှစ်၊ မောင်ကျော်ဆန်းဝင်း ၂ နှစ်နှင့် ကိုကိုလင်း ၅ နှစ်တို့ဖြစ် ပြီး ဒဏ်ရာရရှိသွားသူမှာ မောင်‌ဝေယံလင်း ၇ နှစ်တို့ဖြစ်သည်။

ပြီးခဲ့သည့် ဖေဖော်ဝါရီလ ၁၇ ရက်နေ့မှ ဧပြီလ ၈ ရက်နေ့အထိ ရခိုင်ပြည်နယ်အတွင်း မိုင်းပေါက်ကွဲမှု ၇ ကြိမ် အထိရှိခဲ့သဖြင့် ကလေးငယ် ၂ ဦးအပါအဝင် ၃ ဦးသေဆုံးသွားပြီး ၁၂ ဦးထိခိုက်ဒဏ်ရာရရှိခဲ့သည်။

ယင်းအပြင်ဧပြီလ ၈ ရက်နေ့တွင် ဘူးသီးတောင်မြို့နယ်၊ တောင်ရွာ(မွတ်ဆလင်)ကျေးအနီးတွင် မိုင်းပေါက်ကွဲမှု ဖြစ်ပွားခဲ့သဖြင့် မိန်းကလေး ၄ ဦးနှင့် ယောကျ်ားကလေး ၂ ဦး၊ စုစုပေါင်း ၆ ဦးဒဏ်ရာရရှိခဲ့သည်။

ရခိုင်တွင်၂ နှစ်တာဖြစ်ပွားခဲ့သည့်တိုက်ပွဲအတွင်း မိုင်းနှင့်စစ်ကျန်လက်နက်ပေါက်ကွဲမှုကြောင့် အရပ်သား သေဆုံးသူ ၄၄ ဦးနှင့် ထိခိုက်ဒဏ်ရာရရှိသူ ၈၈ ဦးအထိရှိသည်ဟု ရခိုင်တိုင်းရင်းသားမျိုးနွယ်စုများအစည်းအရုံး (REC)၏ မှတ်တမ်းများအရသိရသည်။

https://www.facebook.com/westernnewsagency/posts/273835001089678

Leave a Reply

Your email address will not be published.