By Western News/ 2021 April 19
သင်္ကြန်ကာလအတွင်း စစ်တွေမြို့၌ စွန့်ပစ်ထားသည့် အမှိုက်များကိုလာရောက်သိမ်းဆည်းမှု မရှိသောကြောင့် မြို့တွင်းနေရာ အများစုတွင် အမှိုက်များပြန့်ကြဲလျှက်ရှိသည်။ ဧပြီလ ၁၃ ရက်မှ ၁၈ ရက်အထိ သင်္ကြန်ကာလအတွင်း စစ်တွေမြို့ နေပြည်သူများ၏ စွန့်ပစ်အမှိုက်များအား စည်ပင်သာယာရေးအဖွဲ့မှ လာရောက်သိမ်းဆည်း မှုမရှိ၍ ပတ်ဝန်းကျင်မှ ပြည်သူများမှာ အနံ့ဆိုးဝါးမှုနှင့် ကြုံနေကြရသည်။
စစ်တွေမြို့ ရူပမြောက်ရပ်ကွက်နှင့် မြို့သူကြီးရပ်ကွက်ကူး တံတား(ဘီလူးမတံတား) တွင်အမှိုက်များ ပြန့်ကြဲနေသဖြင့် လမ်းသွားလမ်းလာ အဆင်မပြေမှုများ ရှိနေကြသည်။ ယင်းအပြင် မကျည်းမြိုင်ရပ်ကွက်နှင့် စစ်တွေမြို့ ကုလားတန်မြစ်ဝတွင် အသစ်ဆောက်လုပ်ထားသော ကိုးရီယားဆိမ်းကမ်းတွင်လည်း အမှိုက်ပုံများစွာ ပြန့်ကြဲလျှက်ရှိသည်ကိုတွေ့ရသည်။
ပြီးခဲ့သည့် မတ်လ ၂၆ ရက်နေ့က Green Network -Sittwe အဖွဲ့မှ အမှိုက်ပုံး ၅၀ ကျော်အား စစ်တွေစည်ပင်သာယာရေး အဖွဲ့အား လှူဒါန်းခဲ့သည်။ စစ်တွေမြို့နေရာ တစ်ချို့တွင် အမှိုက်ပုံများသတ်မှတ်ထား သည့်နေရာ များတွင်ရှိနေသော်လည်း အမှိုက်များ အမှိုက်ပုံးအတွင်းသို့ မပစ်ဘဲ စည်းမဲ့ကမ်းမဲ့ ပစ်ချမှုများ ရှိနေသည်။
ယခုလို မြို့တွင်းနေပြည်သူများမှာ အမှိုက်များကိုစည်းမဲ့ကမ်းမဲ့ စွန့်ပစ်နေကြသော်လည်း မြို့နယ် စည်ပင်သာယာ ရေးအဖွဲ့က အရေးယူဆောင်ရွက်မှုများအားနည်းသောကြောင့် မြို့ခံများက ဝေဖန်မှုများလည်းထွက်ပေါ်နေသည်။
https://www.facebook.com/westernnewsagency/posts/273957094410802