လူ့အခွင့်အရေးစာနယ်ဇင်းဆုကို ရခိုင်လူငယ်ဆောင်းပါးရှင် ကိုကျော်ဆန်းလှိုင် ရရှိ

By Western News/ 2021 May 6

၂၅ ကြိမ်‌မြောက် ဟောင်ကောင်အခြေစိုက် လူ့အခွင့်အရေးစာနယ်ဇင်းဆု ( Human Rights Press Awards)ကို ရခိုင်လူငယ်ဆောင်းပါးရှင်တစ်ဦး ဖြစ်သည့် ကျော်ဆန်းလှိုင်ရရှိသွားကြောင်း မေလ ၆ ရက်နေ့တွင် Human Rights Press Awards က ကြေညာလိုက်သည်။

ကိုကျော်ဆန်းလှိုင်ဆုရရှိသည့် ဆောင်းပါးမှာ TIME Magazine ပါ The People In Parts Of Myanmar Are Living Under The World’s Longest Internet Shutdown. It’s Putting Lives In Danger ဖြစ်ပြီး အဆိုပါဆောင်းပါးကို သူ့သူငယ်ချင်းတစ်ဦးဖြစ်သည့် Emily Hannah နှင့် ပူးတွဲရေးသားခဲ့ခြင်းဖြစ်သည်။

ဆောင်းပါးတွင် သူ့ငယ်ဘဝအကြောင်း၊ ရခိုင်လူငယ်များကြုံတွေ့နေရသည့်အခက်အခဲများနှင့် အင်တာနက်ဖြတ်တောက်ခံရသည့် အကြောင်းအရာများပါဝင်သည်ဟု ဆုရလူငယ်ဖြစ်သည့် ကိုကျော်ဆန်းလှိုင်က Western News ကိုပြောသည်။

“မြန်မာတစ်နိုင်ငံလုံးအတိုင်းအတာနဲ့ဆိုရင် ကျနော်တစ်ယောက်တည်းပဲပါတယ်။ ကျနော်နဲ့ကျတော့ ကျနော့်သူငယ်ချင်း Emily Hannah နှစ်ယောက်ပူးတွဲရးသားခဲ့တာဖြစ်တယ်။ ဆောင်းပါးမှာကတော့ အဓိကကျနော့်အကြောင်းကို ရေးသားထားတယ်။ နောက်ပြီးတော့ ရခိုင်မှာအင်တာနက်ဖြတ်တောက်ထားတဲ့အတွက်ကြောင့် ကြုံတွေ့ရတဲ့အခက်အခဲတွေ၊ သတင်းအချက်အလက်တွေနဲ့ ပတ်သတ်ပြီးတော့ရေးသားထားတာဖြစ်တယ်”ဟုပြောသည်။

ယင်းအပြင် ရခိုင်လူငယ်များမှာ အင်တာနက်ဖြတ်တောက်ထားသည့်အတွက်ကြောင့် တိုက်ပွဲများကြားတွင် ပညာသင်ကြားခွင့်များ ဆုံးရှုံးခဲ့ရပြီး ရခိုင်ပြည်သူများမှာလည်း အမှောင်ထုထဲတွင်နေထိုင်နေရသည့် လူထုသဖွယ်ဖြစ်ခဲ့ရကာ ယင်းကိုစာနာထောက်ထား၍ ဟောင်ကောင်အခြေစိုက် Human Rights Press Awards ကဆုချီးမြှင့်ခြင်းဖြစ်နိုင်သည်ဟုလည်း ကိုကျော်ဆန်းလှိုင်ကပြောသည်။

၂၀၁၈-၂၀၂၀ ရခိုင် စစ်ပွဲနှင့်ပတ်သက်၍ နိုင်ငံတကာ သတင်းဌာန၊ မဂ္ဂဇင်း စာစောင်များဖြစ်သည့် Foreign Policy Magazine, VICE, Al Jazeera English, The New Humanitarian, Myanmar Now – English Version, TIME Magazine, နှင့် New Naratif တို့တွင် ဆောင်းပါး ၁၀ ခုကို ရေးသားထုတ်ဝယ်ခဲ့ပြီး ထိုအထဲမှ ၅ ခုကို Pulitzer Center on Crisis Reporting မှ support ပေးခဲ့သည်ဟု သူကပြောသည်။

https://www.facebook.com/westernnewsagency/posts/284794709993707

Leave a Reply

Your email address will not be published.