By Western News/ 2021 April 9
လူဦးရေ ၃၀၀၀ ကျော်လာရောက်ခိုလှုံနေကြသည့် ရခိုင်ပြည်နယ်၊ ကျောက်တော်မြို့နယ်၊ ညောင်ချောင်း စစ်ဘေးရှောင်စခန်းတွင် ဆန် ရိက္ခာနှင့် ထမင်းချက်ရန်အတွက် (ထင်း) လောင်စာပြတ်လပ်နေသည်ဟု စစ်ဘေးရှောင်များကပြောသည်။
ဆန်ရိက္ခာများပြတ်လပ်နေသည်မှာ မတ်လ ဒုတိယအပတ်မှစတင်၍ ပြတ်လပ်နေခြင်းဖြစ်ပြီး ယခုအချိန်အထိ ထောက်ပံ့မှုတစ်စုံတစ်ရာ မရရှိသေးကြောင်း စစ်ဘေးရှောင်များ၏ ပြောပြချက်အရသိရသည်။
အဆိုပါစစ်ဘေးရှောင်စခန်းကို လူမှုကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာနမှ ၂၀၁၉ ခုနှစ်မှစတင် ကာလစဉ် ဆန်ရိက္ခာထောက်ပံ့ပေးခြင်းဖြစ်သော်လည်း ယခုနှစ် မတ်လဒုတိယအပတ်မှစတင်၍ ထောက်ပံ့မရှိတော့သဖြင့် ဆန်ရိက္ခာပြတ်လပ်နေခြင်းဖြစ်သည်ဟု စစ်ဘေးရှောင်ဦးမောင်ကျော်သောင်းကပြောသည်။
“ဆန်ရိက္ခာတွေပြတ်နေပါတယ်။ ၃ လပိုင်းကနေရိက္ခာတွေမရောက်တာ ခု ၄ လပိုင်းရောက်နေပါပြီ။ ခုကတော့ အချင်းချင်းချေးငှားပြီး စားသောက်နေရတာပါပဲ။ အခက်အခဲတွေကတော့ကြုံနေရပါတယ်။ စခန်းကစစ်ဘေး ရှောင်တွေအနေနဲ့ ဟင်းသီးဟင်းရွက် ၂၀၀ ဖိုး ၃၀၀ ဖိုးတောင်မှဝယ်မစားနိုင်တဲ့ အခြေအနေမျိုးရောက် နေပါတယ်။ ပုံမှန်ဆို လူကယ်ပြန်ကထောက်ပံ့ပေးနေကျပါ။ လူတစ်ယောက် အတွက် တစ်လကို ၁၅၀၀၀ ကျပ်နှုန်းထောက်ပံ့ပါတယ်။ အခုထောက်ပံ့မှုတွေမရောက်တာကဘာကြောင့်လဲဆိုတာ ကျွန်တော်တို့လည်း မပြောတတ်ပါဘူး”ဟုပြောသည်။
ယင်းအပြင် စခန်း၌ ဆန်ရိက္ခာပြတ်လပ်နေသည့်အပြင် ထမင်းချက်ရန်အတွက် လောင်စာ(ထင်း)မှာလည်း ပြတ်လပ်နေသည့်အတွက် စစ်ရှောင်များမှာ စားသောက်ရေးအတွက် အလွန်အခက်ကြုံနေကြရကြောင်း စစ်ဘေးရှောင် ဦးလှမောင်ကျော်ကပြောသည်။
ကျေးရွာများတွင်စစ်ကျန်လက်နက်များပေါက်ကွဲများရှိပြီး သေဆုံးဒဏ်ရာ၊ ရရှိမှုများရှိနေသောကြောင်း ဒုက္ခသည်များအနေဖြင့်နေရပ်ကို မပြန်ရဲကြသလို နေရပ်သို့မပြန်နိုင်တော့ဘဲ စခန်း၌သာ ဆက်လက်နေထိုင်သွားမည်ဖြစ်ကြောင်း ညောင်းချောင်းစစ်ဘေးရှောင်စခန်းတွင် နေထိုင့်သည့် ဒေါ်မလှညွှန့်က ပြောသည်။
“ရွာကိုပြန်ဖို့ကကျတော့မဖြစ်နိုင်သေးပါဘူး။ ဟိုတလောတုန်းကရွှေပြည်မှာမိုင်းပေါက်ကွဲမှုနဲ့ လေးယောက်သေတယ်လေ။ သုံးယောက် မှာ ဗိုက်ထဲကကလေးပါသွားသေးတယ်။ စစ်ဘေးရှောင်တွေအနေနဲ့ ကိုယ်နေရာကိုယ့်ဒေသမှာပဲနေချင်ကြတာပေါ့။ မိုင်းရှင်းတယ်လို့ပြောပြီး တကယ်တမ်းကျတော့မိုင်းရှင်းတာမှမဟုတ်တာ”ဟု ၎င်းကဆိုသည်။
ကုလသမဂ္ဂ ကမ္ဘာ့စားနပ်ရိက္ခာအစီအစဉ် WFP ကအဆိုပါ စစ်ဘေးရှောင်စခန်းကို တစ်လလျှင်းတစ်ဦးကို ငွေကျပ် ၅၀၀ ထောက်ပံ့ပေးထားပြီး အပြည်ပြည်ဆိုင်ရာကြက်ခြေကော်မတီ(ICRC)လာရောက်ထောက်ပံ့မရှိကြောင်းစခန်းတာဝန်ခံများက ပြောဆိုသည်။
ညောင်ချောင်းစစ်ဘေးရှောင်စခန်း၌ ကျောက်တော်မြို့နယ်မှ ကျေးရွာ ၂ဝ၊ မြောက်ဦးမြို့နယ်မှ ကျေးရွာ ၁ ရွာနှင့် ချင်းပြည်နယ် ပလက်ဝမြို့နယ်မှ ကျေးရွာ ၅ ရွာတို့မှ စစ်ဘေးရှောင်လူဦးရေ ၃၄၁၃ ဦးနှင့် အိမ်ထောင်စု ၈၂၄ စု ရှိကြောင်း သိရသည်။
https://www.facebook.com/westernnewsagency/posts/267424398397405