ရေပြတ်လပ်မှုများကြုံတွေ့ရပါက ဆက်သွယ်နိုင်ကြောင်း စစ်တွေစည်ပင်ဆို

By Developement Media Group (DMG)/ 2021 April 29

ရခိုင်ပြည်နယ်၏ မြို့တော်ဖြစ်သော စစ်တွေမြို့တွင် ရေပြတ်လပ်မှုနှင့် ကြုံတွေ့ရပါက မြို့နယ်စည်ပင်သာယာရေးကော်မတီသို့ ဆက်သွယ်အကြောင်းကြားနိုင်ကြောင်း စစ်တွေမြို့နယ် စည်ပင်သာယာရေးအဖွဲ့ တာဝန်ခံအင်ဂျင်နီယာ ဦးကျော်မျိုးဌေးက ဆိုသည်။

စစ်တွေမြို့ရေပေးဝေနိုင်ရေးအတွက် ယခင်က ကန်တော်ကြီးရေကန်ကို အားထားခဲ့ရသော်လည်း တိုးပွားလာနေသောလူဦးရေနှင့် ပြောင်းလဲလာနေသော မိုးရေချိန်တို့ကြောင့် နွေရာသီကာလတွင် ရေပြတ်လပ်မှုများနှင့် ကြုံတွေ့လာနေရခြင်းဖြစ်ကြောင်း သူကဆိုသည်။

“ကန်တော်ကြီးရေကန်က အင်္ဂလိပ်လက်ထက်တုန်းက လူဦးရေငါးသောင်းစာအတွက် ရည်ရွယ်ပြီးလုပ်ခဲ့တယ်။ ဒါပေမယ့် လက်ရှိမှာ စစ်တွေမြို့ရဲ့ လူဦးရေက သုံးသိန်းလောက်ရှိနေတယ်။ ဒါကြောင့် ရေတွေများများ သိုလှောင်နိုင်ဖို့ ကန်ကိုဘောင်တွေခတ်ပြီး အဆင့်မြှင့်ပေမယ့် မိုးရေချိန်တွေက အရင်က လက်မ ၂၀၀ လောက် ရွာပေမယ့် အခုနောက်ပိုင်း လက္မ ၁၆၀ လောက်ပဲရွာတဲ့အတွက် ရေတွေက ထင်သလောက် မရပြန်ဘူး” ဟု ဦးကျော်မျိုးဌေးကရှင်းပြသည်။

လက်ရှိ စစ်တွေမြို့တွင် မြေသားရေကန် ၁၇ ကန်၊ ကျောက်ရေတွင်း ၃၁ တွင်းနှင့် အဝီစိရေတွင်းပေါင်း ၈၀၀၀ ကျော် ခန့်ရှိကြောင်းကိုလည်း သူကပြောသည်။

စစ်တွေမြို့ပေါ်တွင် ရပ်ကွက်ပေါင်း ၃၃ ရပ်ကွက်ရှိပြီး ရေလိုအပ်ချက်မှာ ဂါလံပေါင်း ၁ ဒသမ ၉ သန်း ရှိသည့်အတွက် ရေပြတ်တောက်မှုမရှိစေရေးအတွက် အဝီစိတွင်း ၄၈ တွင်းဖြင့် မြေအောက်ရေစုပ်ယူကာ ဖြန့်ဖြူးပေးလျှက်ရှိကြောင်းကိုလည်း သူကဆိုသည်။

“ကျွန်တော်တို့အနေနဲ့ ရပ်ကွက် ၃၃ ခုမှာ လုံးကိုတော့ ရေအပြည့်အဝ မထောက်ပံ့ပေးနိုင်သေးပါဘူး။ ရပ်ကွက်သုံးခုလောက်တော့ ကျန်နေပါသေးတယ်။ ဒါကိုလည်း ရေပေးနိုင်ဖို့ ကြိုးစားနေပါတယ်။ အကယ်၍ ရပ်ကွက်တစ်ခုခုမှာ ရေပြတ်တာတွေရှိခဲ့ရင် ကျွန်တော်တို့ စည်ပင်ကို အကြောင်းကြားပေးပါ။ ကျွန်တော်တို့ဘက်က အဆင်ပြေဆုံးဖြစ်အောင် ဆောင်ရွက်ပေးသွားမှာပါ” ဟု ဦးကျော်မျိုးဌေးကပြောသည်။

မိမိတို့ထံသို့ ရေပြတ်လပ်ကြောင်းကို အကြောင်းကြားလာပါက အဆိုပါနေရာတွင် ရေပိုက်များရှိပါက စစ်ဆေးပေးခြင်းတို့ကို အမြန်ဆုံးဆောင်ရွက်သွားမည်ဖြစ်ပြီး ရေပိုက်များမရှိပါက ရေကားများဖြင့် ရေဖြန့်ဝေပေးသွားမည်ဖြစ်ကြောင်း သူကရှင်းပြသည်။

ထို့အပြင် “ ရပ်ကွက်တွေချည်းပဲမဟုတ်ပါဘူး။ စစ်တွေမြိုကပေါ်က စစ်ဘေးရှောင်တွေ ခိုလှုံနေတဲ့ ဘုန်းတော်ကြီး ကျောင်းတွေအနေနဲ့လည်း ရေပြတ်လပ်မှုတွေရှိခဲ့ရင် ကျွန်တော်တို့ဆီကို အကြောင်းကြားနိုင်ပါတယ်။ ကျွန်တော်တို့ အမြန်ဆုံးရေဖြန့်ဝေပေးသွားမှာပါ” ဟု ဦးကျော်မျိုးဌေးကဆိုသည်။

စစ်တွေမြို့ စက်ရုံစုရပ်ကွက်တွင် နှစ်စဉ် ဧပြီလလဆန်းပိုင်းကစတင်ကာ ရေပြတ်လပ်မှုနှင့် ကြုံတွေ့ရလေ့ရှိပြီး လက်ရှိတွင် ရေတစ်စည်လျှင် သုံးထောင်ကျပ်နှုန်းဖြင့် ဝယ်ယူသုံးစွဲနေရကြောင်း အဆိုပါရပ်ကွက်တွင်နေထိုင်သူ ဒေါ်ရီရီသန်းကပြောသည်။

“ကန်တော်ကြီးမှာ ရေကုန်ပြီဆိုတာနဲ့ ဒီဘက်မှာရေပြတ်တော့တာပဲ ။ဘယ်သူ့ကို သွားပြောရမယ်မှန်းလဲ မသိဘူး။ အနီးအနားကရပ်ကွက်တွေမှာတော့ ရေလာဝေတာတွေတော့ကြားမိတယ်။ ဒါပေမယ့် ရေကနည်းနည်းပဲရတော့ မလောက်ဘူးလို့ကြားတယ်”ဟု သူကဆိုသည်။

စစ်တွေမြို့တွင် နှစ်စဉ်နွေရာသီရောက်တိုင်း ရေပြတ်လပ်မှုများနှင့် ကြုံတွေ့လာနေရပြီး စည်ပင်သာယာရေး ကော်မတီအနေဖြင့်လည်း ရေဖူလုံစွာဖြန့်ဖြူးနိုင်ရေးအတွက် Plan များကို ရေးဆွဲကာ သက်ဆိုင်ရာသို့ တင်ပြထားကြောင်းသိရသည်။

https://www.dmgburmese.com/%E1%80%9E%E1%80%90%E1%80%84%E1%80%B9%E1%80%B8/%E1%80%B1%E1%80%9B%E1%80%BB%E1%80%95%E1%80%90%E1%80%B9%E1%80%9C%E1%80%95%E1%80%B9%E1%80%99%E1%82%88%E1%80%99%E1%80%BA%E1%80%AC%E1%80%B8%E1%81%BE%E1%80%80%E1%80%B3%E1%80%B6%E1%80%B1%E1%80%90%E1%80%BC%E1%82%95%E1%80%9B%E1%80%95%E1%80%AB%E1%80%80-%E1%80%86%E1%80%80%E1%80%B9%E1%80%9E%E1%80%BC%E1%80%9A%E1%80%B9%E1%80%94%E1%80%AD%E1%80%AF%E1%80%84%E1%80%B9%E1%80%B1%E1%81%BE%E1%80%80%E1%80%AC%E1%80%84%E1%80%B9%E1%80%B8-%E1%80%85%E1%80%85%E1%80%B9%E1%80%B1%E1%80%90%E1%80%BC%E1%80%85%E1%80%8A%E1%80%B9%E1%80%95%E1%80%84%E1%80%B9%E1%80%86%E1%80%AD%E1%80%AF.html?fbclid=IwAR0cBMXxsVfz9qCZicUdc8r4v0Zsy1Jno9blf32k43EcOey3AxszWES-e5s

https://www.facebook.com/dmgnewsagency/posts/2001413390011062

Leave a Reply

Your email address will not be published.