By Narinjara/ 2021 April 9

စစ်တပ်က အာဏာသိမ်းပြီးနောက် လက်ရှိဖြစ်ပေါ်နေသော နိုင်ငံရေးအခြေအနေများကြောင့် ရန်ကုန်မှ ရခိုင်မြို့နယ်အသီးသီးရှိ နေရပ်ကိုပြန်ရန်ခက်ခဲနေသူများကို ရခိုင်သဟာယအသင်းနှင့် ရခိုင်အမျိုးသားကွန်ရက်တို့မှ အမဲ့ခရီးစဉ်များဖြင့် ပို့ပေးလျက်ရှိသည်။
ထိုသို့ပို့ပေးရာတွင် ရခိုင်သဟာယ အသင်းမှ လူဦးရေ ၂၀၀၀ ကျော်နှင့် ရခိုင်အမျိုးသားကွန်ရက်မှ လူဦးရေ ၅၀၀ ကျော် စုစုပေါင်း ၃၀၀၀ နီးပါး ပို့ပေးနိုင်ခဲ့ပြီ ယင်းကဲ့သို့ ပို့ဆောင်ရွာတွင် သင်္ကြန်ကာလအတွင်း ပို့ဆောင်မှုကိုခေတ္တရပ်ဆိုင်းထားမည်ဖြစ်ကြောင်း တာဝန်ရှိ သူများက Western News ကိုပြောသည်။
ရန်ကုန်မှ ရခိုင်နေရပ်သို့ ပြန်ရန်အတွက်အခက်အခဲဖြစ်နေသူများကို မတ်လ ၂၁ နေ့မှ စ၍ ရခိုင်သဟာယ အသင်းမှ အခမဲ့ပို့ ဆောင်ပေးခဲ့ရာ လက်ရှိတွင် ကားစီးရေ ၅၀ ဖြင့် လူဦးရေ ၂၀၀၀ ကျော်ကိုပို့ပေးနိုင်ခဲ့ပြီးဖြစ်သည်။
သင်္ကြန်ကာလနီးပြီဖြစ်သည့်အတွက် ဧပြီ ၉ ရက်နေ့ကစ၍ ပို့ဆောင်ပေးမှုကို ရပ်ဆိုင်းထားပြီး သင်္ကြန်အလွန်ကာလတွင်လည်း ခရီးသည် အပေါ်မူတည်၍ ပို့ဆောင်ပေးသွားမည်ဖြစ်ကြောင်း ရခိုင်သဟာယအသင်းမှ ဒုက္ကဌ ဦးဦးမြင့်ကျော်က Western News ကိုပြောသည်။
“ကျွန်တော်တို့ လက်ရှိအချိန်ထိကားအစီးရေ ၅၀ နဲ့ လူဦးရေ ၂၀၀၀ ကျော်ကိုပို့ပေးနိုင်ခဲ့ပြီဖြစ်တယ်။ အစကတော့ သင်္ကြန် နီးလာပြီဆိုတော့ သင်္ကြနဲ့ရွာပြန်တဲ့သူတွေပဲ သွားမဲ့သူရှိတာလေ။ အဲ့ဒါကြောင့် ဒီနေ့ နောက်ဆုံးဆိုပြီးစီစဉ်ထားတာ။ ဒါပေမယ့် စက်ရုံတွေက ၅ ရက်နေ့မှ လစာထုတ်တာတွေရှိတယ်။ အဲ့ဒါကြောင့် မနက်ဖန်တစ်ရက် ပြန်ဖို့အခက်အခဲရှိတယ်လို့ စာရင်းပေးလာတဲ့ သူရှိရင်ပို့ပေးပါမယ်။ သင်္ကြန်ပြီးရင်လည် ပြန်ဖို့အခက်အခဲဖြစ်နေတဲ့ သူတွေရှိရင် ပို့ပေးမှာပါ”ဟုပြောသည်။
ရခိုင်အမျိုးသားကွန်ရက်ကလည်း ရန်ကုန်မှ ရခိုင်ပြည်နယ်ရှိ မြို့နယ်အသီးသီးသို့ နေရပ်ပြန်လိုသူများကို အခမဲ့ပို့ေဆောင်ပေးနေသော ခရီးစဉ်များကို ဧပြီလ ၁၀ ရက်နေ့နောက်ဆုံး၂ စီးထွက်ခွာကာ ၁၁ ရက်နေ့မှစတင်၍ ရပ်နားမည်ဖြစ်ကြောင်းသိရသည်။
ရခိုင်အမျိုးသားကွန်ရက်မှ ရခိုင်ပြန်လိုသော်လည်း ပြန်ရန်အခက်အခဲဖြစ်နေသည့် ရန်ကုန်ရောက် ရခိုင်ရွေ့ပြောင်း အလုပ်သမားများကို ပြီးခဲ့သည့် မတ်လ ၂၅ ရက်နေ့က စတင်ပို့ပေးခဲ့ပြီး လက်ရှိတွင် ၅၀၀ ခန့်ပို့ပေးခဲ့ပြီးဖြစ်ရာ လာမည့် ဧပြီ ၁၁ ရက်နေ့ ရန်ကုန်-စစ်တွေ ခရီးစဉ်ကိုရပ်နားမည်ဖြစ်သည်။
သင်္ကြန်မတိုင်မီ ရန်ကုန်-ကျောက်ဖြူခရီးစဉ်ကို ခရီးသည်အခြေနေပေါ်မူတည်၍ စီစဉ်သွားမည်ဖြစ်ကြောင်း ရခိုင်အမျိုးသားကွန်ရက်မှ ဥက္ကဌ ဦးတင်ထူးအောင်က Western News ကိုပြောသည်။
“ကျွန်တော်တို့ အဓိကကတော့ ကိုဗစ်ကာလကတည်းက အလုပ်အကိုင်တွေအခက်အခဲဖြစ်ပြီး ရခိုင်ကို ပြန်ချင်ပေမယ့် ပြန်ဖို့အဆင် မပြေသေးတဲ့သူတွေပြီးတော့ လက်ရှိအခဲတွေကြောင့် နေရပ်ပြန်ဖို့ခက်ခဲနေတဲ့သူတွေကို အဆင် ပြေလည်စေချင်တဲ့ အတွက်ပေးပို့တာ ဖြစ်တယ်။ လက်ရှိမှာတော့ ကျွန်တော်တို့ ၅၀၀နီးပါးကို ပို့ပေးနိုင်ခဲ့ပါပြီ။ အခု လည်းရန်ကုန်-စစ်တွေ ၁၀ ရက်နေ့ထိပို့ပေးမှာပါ။ ၁၁ ရက်နေ့ကနေ ကျောက်ဖြူ ခရီးစဉ်တွေစီစဉ်မယ်။ သင်္ကြန်လွန်ရင်တော့ အခြေနေပေါ်မူတည်ပါတယ်။ အကုန်လုံးက သင်္ကြန်မတိုင်မီ ပြန်ကြတာဆိုတော့လေ”ဟုပြောသည်။
စစ်တပ်ကအာဏာသိမ်းပြီးနောက်ပြီးခဲ့သည့် မတ်လ ၁၄ ရက်နေ့က လှိုင်သာယာနှင့်ရွှေပြည်သာမြု့နယ်များတွင် စစ်အုပ်ချုပ်ရေးဖြင့် အုပ်ချုပ်မည်ဟုကြေညာစဉ်မှစ၍ ၎င်းမြို့နယ်ရှိ ရခိုင်ရွေ့ပြောင်းအလုပ်သမားများမှာ ရခိုင်သို့ပြန်လာနေကြသည်။
လက်ရှိတွင်လည်း ဆန္ဒပြမှုများဆက်တိုက်ရှိနေပြီး အရပ်သားရာကျော်သေဆုံးမှုများရှိနေသည်။ စက်ရုံအလုပ်ရုံများမှာလည်း လက်ရှိနိုင်ငံရေးမတည်ငြိမ်မှုကြောင့်ခေတ္တပိတ်ထားရသည့်အတွက် အလုပ်သမားများအလုပ်လက်မဲ့ဖြစ်ကာ မိမိတို့နေရပ်သို့ ပြန်လာနေကြသည်။ ရန်ကုန်တွင် ရခိုင်ရွေ့ပြောင်းအလုပ်သမား ၆၀၀၀၀ ကျော်ထိရှိကြောင်း ရခိုင်အမျိုးသားကွန်ရက်၏ စာရင်းအရ သိရသည်။
https://www.facebook.com/westernnewsagency/posts/266678988471946