ရခိုင် စစ်ဘေးဒုက္ခသည်စခန်း ၈၀ ရာခိုင်နှုန်းခန့် ရေအခက်အခဲ ကြုံနေရ

By RFA/ 2021 April 30

ဦးသစ်ဆင်း (ဝါရှင်တန် ဒီစီ)

■ ရခိုင်ပြည်နယ်မြောက်ပိုင်းမှာရှိတဲ့ မြေပုံမြို့နယ်က ကမ်းထောင်းကြီး စစ်ဘေးဒုက္ခသည်စခန်း၊ ကျောက်တော် မြို့နယ်က ညောင်ချောင်းစစ်ဘေးဒုက္ခသည်စခန်း၊ တိမ်ညိုစစ်ဘေးဒုက္ခသည်စခန်းနဲ့ ပုဏ္ဏားကျွန်းစက်မှုဇုန် စစ်ဘေးဒုက္ခသည်စခန်းတွေမှာ သောက်သုံးရေရှားပါးတဲ့ အခက်အခဲနဲ့ ရင်ဆိုင်နေကြရတယ်လို့ စခန်းတာဝန်ခံ တွေက RFA ကို ပြောပါတယ်။

အခုလိုနွေရာသီမှာ ကန်ရေတွေခမ်းလာသလို ရှိနေတဲ့ ရေပမာဏထက် အသုံးပြုတဲ့ ဒုက္ခသည်တွေက များတာကြောင့် ဒုက္ခသည် ရှစ်ထောင်ကျော်ဟာ သောက်သုံးရေ အခက်အခဲနဲ့ပါ ရင်ဆိုင်နေကြရတာပါ။

ဒုက္ခသည်တစ်ထောင်ကျော်ခိုလှုံနေတဲ့ ကမ်းထောင်းကြီး စစ်ဘေးဒုက္ခသည်စခန်းမှာ အခုလက်ရှိ သောက်သုံးရေ အခက်အခဲနဲ့ ကြုံနေရတယ်လို့ စခန်းတာဝန်ခံ ဦးမောင်အေးသာ က RFA ကိုပြောပါတယ်။

“အခုဆိုရင် ကျွန်တော်တို့ စစ်ဘေးဒုက္ခသည်စခန်းမှာ လူက တစ်ထောင်ကျော်ရှိတယ်။ ရေကလည်း လုံလောက်မှုမရှိဘူး။ ရေက တော်တော်ရှားတယ် ကျွန်တော်တို့မှာ။ ရေကိုဘယ်လိုသုံးနေရလဲဆိုတော့ ရွာတွေကိုဝင်ပြီးတော့ ဟိုကန်သွားခပ်၊ ဒီကန်သွားခပ်နဲ့ သွားနေရတယ်။ သောက်ရေဆိုလို့ရှိရင်တော့ လုံလောက်မှုမရှိတာနဲ့မကဘူး ရှိကိုမရှိဘူး။ ရေလုံးဝပြတ်သွားတဲ့အခါလည်းရှိတယ်။ အမြဲတမ်းတော့ မဟုတ်ဘူး။ ဒါပေမဲ့ တစ်ခါတစ်ခါကျရင် လုံးဝရေပြတ်တယ်။ နောက်ပြီးတော့ ရေရလို့ရှိရင်လည်း အမြဲတမ်း လုံလောက်မှုမရှိဘူး။”

အဲဒီကမ်းထောင်းကြီး စစ်ဘေးဒုက္ခသည်စခန်းမှာ ဒလက်ချောင်း၊ စညှင်း၊ လေသွန်၊ သရက်ပြင်ချောင်းနဲ့ တခြား နီးစပ်ရာကျေးရွာတွေက စစ်ဘေးဒုက္ခသည်တွေ ခိုလှုံနေတာ ဖြစ်ပါတယ်။

အလားတူ ကျောက်တော်မြို့နယ် ညောင်ချောင်း စစ်ဘေးဒုက္ခသည်စခန်းမှာလည်း သောက်သုံးရေ ရှားပါးနေတာ သုံးလလောက်အထိ ရှိနေပြီဖြစ်ပြီး ဒီတစ်လလောက်ပဲ ‌တောင့်ခံနိုင်တော့မယ်လို့ စခန်းတာဝန်ခံ ကိုခိုင်မျိုးအောင်က ပြောပါတယ်။

“ကျွန်တော်တို့ ရေရှားပါးမှုနဲ့ ကြုံနေရတာကတော့ သုံးလလောက်ရှိပါပြီ။ အခုဆိုရင် ရေကလည်း ကန်တွေမှာ တော်တော်လေး ခမ်းလာတယ်။ ဒီသင်္ကြန်ကာလကျော်ရင် လေးလပိုင်းကုန်ရင်တော့ ကျနော်တို့ တော်တော် အခက်အခဲ ဖြစ်မယ်။ ဘာလို့လည်းဆိုရင်တော့ ကန်မှာရေနည်းနည်းလေးပဲ ရှိတော့တယ်။ မိုးလည်းမရွာတဲ့အခါကျတော့ လာမယ့် ငါးလပိုင်းမှာ တော်တော်လေးကို အခက်အခဲ ရှိလာမယ်လို့ ကျနော်မြင်တယ်။ တချို့ ကန်ရေကျတော့လည်း သုံးလို့အဆင်မပြေတဲ့ ကန်တွေရှိတယ်။ ပြီးတော့ ပြီးခဲ့တဲ့နှစ်က မြောက်ဦးက အလှူရှင်က ပေးထားတဲ့ ပိုက်လိုင်းကလည်း သေးတဲ့အခါကျတော့ ဒီမှာလူတွေကလည်း အဆမတန်များတော့ ရေတစ်လုံးရဖို့အတွက်ကို နာရီနဲ့ချီပြီး တန်းစီပြီးတော့ စောင့်နေရတဲ့အနေအထားမျိုး ရှိတယ်။”

ညောင်ချောင်းစစ်ဘေးဒုက္ခသည်စခန်း ပလက်ဝမြို့နယ်က ကျေးရွာခြောက်ရွာနဲ့ ကျောက်တော်မြို့နယ်က ကျေးရွာ ၁၆ ရွာက စစ်ဘေးဒုက္ခသည် အိမ်ထောင်စုပေါင်း ၈၂၄ စု လူဦးရေ ၃၀၀၀ ကျော် ခိုလှုံနေကြတာ ဖြစ်ပါတယ်။အဲဒီလိုပဲ မြောက်ဦးမြို့နယ် တိမ်ညိုစစ်ဘေးဒုက္ခသည်စခန်းမှာလည်း ကန်ရေခမ်းသွားတာကြောင့် ချောင်းရေ ကို သုံးပဲသုံးနေရပြီး သောက်ရေလည်း အခက်အခဲရှိတယ်လို့ စခန်းတာဝန်ခံ ဦးစိုးနိုင် က ပြောပါတယ်။

“ရေကတော့ ဒီအချိန်ကျရင် ကျွန်တော်တို့ဆီမှာ ရှားပါတယ်။ ဘာလို့လဲဆိုတော့ ရေကန်က အဲဒီ တစ်ကန်ပဲ ရှိတယ်။ အဲဒီကန်က ဖေဖော်ဝါရီလလောက်ပဲ သုံးလို့ရတယ်။ အဲဒီနောက်ပိုင်းဆိုလို့ရှိရင် ရေကမရှိတော့ဘူး။ အဲဒါကြောင့် ချောင်းရေကိုတင်ပြီးတော့ သုံးရေအဖြစ် အသုံးပြုနေရပါတယ်။ ချောင်းရေ ဆိုတော့ သိတဲ့အတိုင်းပဲ သိပ်တော့ အဆင်မပြေဘူး။ ပြီးရင် အဲဒီရေကသောက်လို့မရဘူး။ အဲဒါကြောင့် သောက်ရေအခက်အခဲက ရှိပါတယ်။”

တိမ်ညိုစစ်ဘေးဒုက္ခသည်စခန်းဟာ ပြီးခဲ့တဲ့ ဧပြီလ ၃ ရက်နေ့က အဆောင် ၈၇၅ ခန်းအနက် လူနေအဆောင် ၆၆၃ ခန်းမီးလောင်းသွားပြီး လူဦးရေ ၂၅၀၀ ကျော် အိုးမဲ့အိမ်မဲဖြစ်သွားတဲ့စခန်း ဖြစ်ပါတယ်။

လက္ကာ၊ ပေါက်တောပြင်၊ ပေါက်ပင်ကွင်း၊ ဝေသာလီစတဲ့ ကျေးရွာတွေအပါအဝင် မြောက်ဦးမြို့နယ်က ကျေးရွာပေါင်း ၁၃ ရွာက ဒုက္ခသည် ၃၃၀၀ ကျော်ဟာ အဲဒီ တိမ်ညိုစစ်ဘေးဒုက္ခသည်စခန်းမှာ ခိုလှုံနေတာပါ။ အဲဒီလို ကိုယ်ထူကိုယ်ထ ဆောက်လုပ်ထားတဲ့ စစ်ဘေးဒုက္ခသည်စန်းတွေမှာ သောက်ရေသုံးရေ အခက်အခဲနဲ့ ကြုံနေရသလို အစိုးရက ဖွင့်လှစ်ခဲ့တဲ့ ဒုက္ခသည်စခန်းမှာလည်း ရေအခက်အခဲနဲ့ ကြုံနေကြရပါတယ်။

ပုဏ္ဏားကျွန်းမြို့ စက်မှုဇုန် စစ်ဘေးဒုက္ခသည် စခန်းမှာလည်း ရေအခက်အခဲနဲ့ ကြုံနေရတယ်လို့ စခန်း တာဝန်ခံ ဦးကျော်သိန်းဝင်းကပြောပါတယ်။

“ရေကတော်တော်လေးကို အခက်အခဲရှိပါတယ်။ မီးသတ်က တစ်ရက်ကိုတစ်ခေါက် လာပေးတာလည်း မရောက်တဲ့အခါ မရောက်ဘူး။ အခုလည်း တစ်ရက်မှမရောက်ဘူး။ ရေရှားတာက သုံးလပိုင်းကတည်းက ကြုံနေရတာပါ။ သုံးရေက တော်တော်လေး အခက်အခဲရှိတယ်။ မီးသတ်ကလာလှူမှပဲ ကျွန်တော်တို့ သုံးရပါတယ်။”

အဲဒီဒုက္ခသည်စခန်းတွေမှာ ပြီးခဲ့တဲ့နှစ်တွေကလည်း သောက်သုံးရေ အခက်အခဲနဲ့ ကြုံခဲ့ပြီး အရပ်ဘက် အဖွဲ့ အစည်းတွေနဲ့ အနီးအနားကျေးရွာတွေက အကူအညီတွေနဲ့ ဖြစ်သလို ဖြေရှင်းခဲ့ရတယ်လို့လည်း စခန်း တာဝန်ခံတွေက RFA ကိုပြောပါတယ်။

အဲဒီလို စစ်ဘေးဒုက္ခသည်စခန်းတွေမှာ နှစ်စဉ်နှစ်တိုင်း ရေအခက်အခဲ ကြုံနေရတာနဲ့ပတ်သက်လို့ အကူအညီ ပေးဖို့ လက်ရှိအုပ်ချုပ်နေတဲ့ စစ်ကောင်စီမှာ တာဝန်ရှိပြီး ရေရှည်အဆင်ပြေမယ့် နည်းလမ်းတွေလည်း ရှာသင့်တယ်လို့ ရခိုင်တိုင်းရင်းသားမျိုးနွယ်များအစည်းအရုံးREC အတွင်းရေးမှူး ကိုဇော်ဇော်ထွန်းက ထောက်ပြပါတယ်။

“ကျွန်တော်တို့ ရေအခက်အခဲကြုံရတာက တစ်နှစ်ထက်တစ်နှစ် ပိုဆိုးလာတယ်ပေ့ါနော်။ ပြီးတော့ ရခိုင်မှာက နေရပ်ရွှေ့ပြောင်းမှုတွေ များလာတယ်ပေါ့နော်။ အဲဒီအခါမှာ လူနေသိပ်သည်းသွားတဲ့ နေရာ တွေမှာတော့ ဒီနှစ်နဲ့မက နောက်နှစ်တွေမှာလည်း ပိုအခက်အခဲ ဖြစ်လာနိုင်ပါတယ်။ အဲဒီအတွက်ကို အစီအစဉ်တွေ ဆွဲထားဖို့လိုတာပေါ့နော်။ ဖြစ်လာတဲ့အခါကျမှပဲ အရေးပေါ်အကူအညီတစ်ခုနဲ့တော့ အဆင်မပြေဘူးပေါ့နော်။ ရေရှည်အဆင်ပြေမယ့်နည်းလမ်းတွေ ရှာသင့်တယ်ပေါ့။ အဲဒီလိုရှာနိုင်ဖို့ အတွက်လည်း အုပ်ချုပ်တဲ့လူတွေမှာ တာဝန်ရှိသလိုမျိုးပဲ တခြားနိုင်ငံတကာနဲ့ ဒေသခံ အဖွဲ့အစည်းတွေ ကလည်း ဝိုင်းဝန်းပြီးပါဝင်ဆောင်ရွက်ဖို့ လိုတာပေါ့နော်။”

အဲဒီစစ်ဘေးဒုက္ခသည်စခန်းတွေမှာ ရေရှားပါးမှုနဲ့ ကြုံနေရသလိုပဲ ရခိုင်ပြည်နယ်အတွင်းက စစ်ဘေး ဒုက္ခသည်စခန်း ၁၄၈ ခု အနက် ၈၀ ရာခိုင်နှုန်းမှာ ရေအခက်အခဲနဲ့ ကြုံနေရပြီး ဒုက္ခသည်ခစန်း ၃၀ ရာခိုင်နှုန်း ကတော့ ရေအရေးတကြီး ရေအခက်အခဲဖြစ်နေတယ်လို့လည်း ကိုဇော်ဇော်ထွန်း ကဆိုပါတယ်။

အပြည်ပြည်ဆိုင်ရာ ကြက်ခြေနီကော်မတီ (ICRC) အဖွဲ့ရဲ့ မီဒီယာဆက်သွယ်ရေးအရာရှိ ဒေါ်ခင်ဌေးဦး ကလည်း ရခိုင်ပြည်နယ်က ကျေးရွာတွေနဲ့ စစ်ဘေးဒုက္ခသည်စခန်းတွေမှာ သောက်သုံးရေရှားပါးမှုနဲ့ ကြုံနေရပြီး ICRC အဖွဲ့အနေနဲ့တော့ မြန်မာနိုင်ငံ ကြက်ခြေနီအဖွဲ့အတူ ကူညီပေးမှုတွေ လုပ်ဆောင်နေတယ် လို့ RFA ကို ပြောပါတယ်။

“ပြီးခဲ့တဲ့နှစ်ကလည်း ရခိုင်ပြည်နယ်ဟာ ရေရှားပါးမှုတွေ ကြုံရတယ်။ ဒီနှစ်မှာဆိုလို့ရှိရင် ဒီဇင်ဘာလ အစောပိုင်းကတည်းကနေပြီးတော့ ရေရှားပါးမှု အမြဲတမ်းကြုံနေရတဲ့ကျေးရွာတွေ၊ စစ်ရှောင်စခန်းတွေ မှာပေါ့နော် အချက်အလက်တွေကို ကြည့်ကြတယ်။ ဘယ်လိုအခက်အခဲတွေ ရှိမလဲ။ အဲဒီမှာ တချို့ ရွာတွေမှာ တချို့စခန်းတွေမှာ ရေတွေက ပြတ်နေပြီ။ အဲဒီနေရာတွေကို ကျွန်မတို့က ရေတင်ကားတွေနဲ့ ပို့ပေးတယ်။ နောက်ပြီးတော့ ရေကန်တွေမှာ မြတ်ချောင်းတွေက ရေချိုတွေကို ဖြည့်တင်းတင်းပေးတာတွေ လုပ်ပါတယ်။”

အခုလိုဒုက္ခသည်စခန်းတွေမှာ ရေပြတ်လတ်မှုမရှိအောင် ကျေးရွာမှာ ရှိတဲ့လူတွေနေတဲ့လူတွေနဲ့ ဆွေးနွေး နေပြီး ရှေ့ဆက်အကူအညီတွေ ပေးသွားဖို့ရှိတယ်လို့ ICRC က ဆိုပါတယ်။

ရခိုင်ပြည်နယ် စီမံအုပ်ချုပ်ရေး ကောင်စီဝင် ဦးသန်းထွန်းကတော့ ဒုက္ခသည်စခန်းတွေမှာ ရေအခက်အခဲ ဖြစ်နေတာနဲ့ပတ်သက်လို့ ကူညီပေးဖို့ပြင်ဆင်နေပြီး အကြောင်းကြားလာရင်လည်း ကူညီပေးဖို့ အဆင်သင့် ရှိတယ်လို့ RFA ကိုပြောပါတယ်။

“မြောက်ဦးမြို့နယ်က တိမ်ညိုစစ်ဘေးဒုက္ခသည်စခန်းကိုတော့ မြို့နယ်အုပ်ချုပ်ရေးစီမံရေးအဖွဲ့က ရေပေးနေတာတွေ ရှိပါတယ်။ ဒါပေမဲ့ ဒီသင်္ကြန်သုံးရက်လောက်ကတော့ ကားသမားတွေ ခွင့်တိုင်ထားတဲ့ အတွက်ကြောင့် နည်းနည်းနောက်ကျသွားတယ်။ ဒါပေမဲ့ ဒီနေ့တော့ တိမ်ညိုစစ်ဘေးဒုက္ခသည်စခန်းကို ရေရောက်သွားပါပြီ။ အဲဒီလိုပဲ ကမ်းထောင်းကြီးစစ်ဘေးဒုက္ခသည်စခန်းကိုလည်း ရေအကူအညီပေးဖို့ စီစဉ်နေပါတယ်။ ရေရှည်အတွက်လည်း အဲဒီလိုပဲ ကားတွေနဲ့ ရေပေးတာတွေပဲ လုပ်ရမှာပေ့ါ။ နောက်ပြီး တိုက်ပွဲရှောင်တွေဆိုတာက အခြေအနေကောင်းရင် ပြန်သွားရတဲ့သူတွေဆိုတော့ သူတို့ကို ရေရှားတယ် ဆိုရင်တော့ ချက်ချင်း မြို့နယ်အုပ်ချုပ်ရေးအဖွဲ့ကို အကြောင်းကြားရင်တော့ မြို့နယ်အုပ်ချုပ်ရေးအဖွဲ့က စီစဉ်ပေးတာပေါ့။”

ရခိုင်ပြည်နယ်အတွင်းမှာ တပ်မတော်နဲ့ ရက္ခိုင့်တပ်တော် AA တို့ တိုက်ပွဲကာလအတွင်းမှာ အိုးအိမ်တွေ စွန့်ခွာတိမ်းရှောင်ရတဲ့ စစ်ဘေးဒုက္ခသည် ဒီကနေ့အထိ တစ်သိန်းသုံးသောင်းကျော် ရှိနေသေးတယ်လို့ ရခိုင်တိုင်းရင်းသားမျိုးနွယ်များ အစည်းအရုံး REC ရဲ့ စာရင်းတွေအရ သိရပါတယ်။

အဲဒီဒုက္ခသည်တွေဟာ ရက္ခိုင့်တပ်တော်(AA) နဲ့ တပ်မတော်တို့အကြား အခုအချိန်မှာ တိုက်ပွဲတွေ ရပ်စဲနေပေမယ့် နောက်ထပ်မဖြစ်တော့ဘူးလို့ ယုံကြည်စိတ်ချလို့မရသေးတာ၊ ကျေးရွာတွေမှာ မိုင်း ရှင်းလင်းရေးတွေ မလုပ်ရသေးတာ၊ နေအိမ်တွေကို ပြန်မဆောက်ရသေးတာတွေကြောင့် နေရပ် မပြန်နိုင်ကြ သေးတာပါ။

နေရပ်ပြန်ဖို့ မသေချာသေးတဲ့အတွက် သောက်သုံးရေ အခက်အခဲမဖြစ်အောင် ရေရှည်လုပ်ငန်း ဆောင်ရွက် ပေးဖို့ကို လိုလားနေကြပါတယ်။

https://www.facebook.com/rfaburmese/posts/10161042129573128

Leave a Reply

Your email address will not be published.