ရခိုင်မှ ရွှေ့ပြောင်းလုပ်သားသုံးထောင်ခန့် ရန်ကုန်မှပြန်လာ

By Development Media Group (DMG) / 2021 April 9

ရခိုင်ပြည်နယ်အတွင်းမှ ရန်ကုန်မြို့တွင် သွားရောက်အလုပ်လုပ်ကိုင်နေသည့် ရွှေ့ပြောင်းအလုပ်သမားများမှာ လတ်တလောအခြေအနေများကြောင့် မိမိနေရပ်သို့ပြန်လာသူ စုစုပေါင်း သုံးထောင်ခန့်ရှိနေပြီဖြစ်ကြောင်း နေရပ်ပြန်ရေးအကူအညီပေးနေသည့် ရခိုင်အဖွဲ့အစည်းများထံမှ သိရသည်။

ရန်ကုန်မြို့တွင် ရွှေ့ပြောင်းလုပ်ကိုင်နေသူများထဲမှ နေရပ်ပြန်ရန် ငွေကြေးအခက်အခဲရှိသူများနှင့် ရန်ကုန်မြို့တွင် ဆက်လက်နေထိုင်ရန် အခက်အခဲရှိနေသူများကို အဓိကထားပြီး ရခိုင်သဟာယအသင်းနှင့် ရခိုင်အမျိုးသားကွန်ရက်တို့မှ ရခိုင်သို့ပြန်နိုင်ရန်အတွက် အခမဲ့ပို့ဆောင်ပေးလျက်ရှိသည်။

ထိုသို့နေရပ်ပြန်မည့်သူများကို ပြီးခဲ့သည့်မတ်လအတွင်းမှ စတင်ပို့ဆောင်ပေးလျက်ရှိရာ လက်ရှိအချိန်ထိ ကားအစီးရေ ၅၀ ဖြင့် လူဦးရေ သုံးထောင်ခန့်ကို ရခိုင်ပြည်နယ်သို့ ပို့ဆောင်ပေးခဲ့ပြီဖြစ်ကြောင်း သိရသည်။

နောက်ထပ် နေရပ်ပြန်မည့် လူဦးရေ ၂၀၀ ခန့်ကို ဧပြီလ ၁၀ ရက်နေ့နောက်ဆုံးထားပြီး ပို့ဆောင်ပေးသွားမည် ဖြစ်ကြောင်း ရခိုင်အမျိုးသားကွန်ရက်မှ သိရသည်။ သင်္ကြန်ကာလအတွင်းတွင် နေရပ်ပြန်မည့်သူများ ပို့ဆောင်မည့်အစီအစဉ်ကို ခေတ္တရပ်နားထားမည်ဖြစ်ကြောင်း ဆိုသည်။

ရခိုင်သဟာယအသင်း ဒုတိယဥက္ကဋ္ဌ ဦးဦးမြင့်ကျော်က “အခုဆိုရင် နိုင်ငံရေးအပြောင်းအလဲကြောင့် အလုပ် လက်မဲ့ဖြစ်ကြတယ်။ သူတို့မှာ အစစအရာရာအခက်အခဲဖြစ်ကြတယ်။ ရခိုင်ကိုပြန်သွားသူတွေလည်း ကားအစီးရေ ၅၀ ရှိနေပြီ။ ကျနော်တို့အနေနဲ့ သင်္ကြန်ကာလပြီးရင်လည်း အခြေအနေပေါ်မူတည်ပြီး ပြေးဆွဲ ပေးမယ်ပေါ့” ဟု ဆိုသည်။

ရခိုင်သို့ နေရပ်ပြန်မည့်သူများကို ပို့ဆောင်ရာတွင် အလှူရှင်များ၏ ထောက်ပံ့ငွေဖြင့် ပို့ဆောင်ပေးနေခြင်းဖြစ်ပြီး လက်ရှိတွင် ဘဏ်များပိတ်ထားသဖြင့် အလှူရှင်များနည်းပါးလာနေပြီး ခရီးသည်တင်ကားများ ငှားရာတွင်လည်း အခက်အခဲဖြစ်နေကြောင်း ရခိုင်အမျိုးသားကွန်ရက်ဥက္ကဋ္ဌ ကိုတင်ထူးအောင်က ပြောသည်။

“ရန်ပုံငွေအခက်အခဲရှိတယ်။ မိတ်ဆွေအလှူရှင်တွေ ထောက်ပံ့မယ့်အပိုင်းမှာလည်း ဘဏ်စနစ်အခက်အခဲ ဖြစ်တယ်။ သူတို့ကလှူမယ်လို့ပြောထားပေမယ့်လည်း ဘဏ်ကငွေထုတ်လို့မရဘူး။ အလှူရှင် ဆုတ်ယုတ် သွားတယ်။ ကားငှားဖို့အတွက်လည်းအခက်အခဲဖြစ်လာတယ်” ဟု ၎င်းကဆိုသည်။

ရန်ကုန်မြို့တွင် ရွှေ့ပြောင်းလုပ်ကိုင်နေသူများမှာ လက်ရှိအလုပ်အကိုင်အခက်အခဲကြောင့် နေရပ်သို့ ပြန်လာ ကြရာ မိမိနေရပ်ရခိုင်ပြည်နယ်သို့ ပြန်ရောက်ချိန်တွင်လည်း အလုပ်မက်မဲ့ဖြစ်မည်ကို စိုးရိမ်ကြောင့် ရန်ကုန်မြို့မှ နေရပ်ပြန်လာသည့် မမိငယ်က ပြောသည်။

“ဒီမှာနေထိုင်တဲ့သူတွေတောင် အလုပ်လတ်မဲ့ဖြစ်နေတဲ့အချိန်မှာ ရန်ကုန်ဖက်ကသူတွေလည်း ပြန်လာတယ် ဆိုတော့ ပိုပြီးတော့အလုပ်အကိုင်တွေရှားပါးနိုင်တယ်။ ဒါကြောင့် သက်ဆိုင်ရာတာဝန်ရှိသူတွေအနေနဲ့ အလုပ်အကိုင်အခွင့်အလမ်းရအောင် လုပ်ဆောင်ပေးဖို့လိုအပ်ပါတယ်” ဟု ဆိုသည်။

တပ်မတော်မှ နိုင်ငံတော်အာဏာသိမ်းယူပြီးနောက် တိုင်းနှင့်ပြည်နယ်အများအပြားတွင် ဆန္ဒပြမှုများဖြစ်ပေါ်ကာ ယင်းသို့ဆန္ဒပြမှုဖြိုခွင်းခံရမှုကြောင့် သေဆုံးသူအများအပြားရှိခဲ့ပြီး နိုင်ငံရေးအကျဉ်းသားများ ကူညီ စောင့်ရှောက်ရေးအသင်း (AAPP)မှ ကောက်ယူထားသည့်စာရင်းအရ ဧပြီလ ၈ ရက်နေ့အထိ သေဆုံးသူ စုစုပေါင်း ၆၁၄ ဦးရှိကြောင်း သိရသည်။

ယင်းအပြင် ဖမ်းဆီးချုပ်နှောင်ခံရသူစုစုပေါင်း ၂၈၅၇ ဦးရှိကာ ယင်းအထဲမှ ၅၂ ဦးမှာ ထောင်ဒဏ်ချမှတ်ခံထား ရကြောင်းလည်း AAPP က ဖော်ပြသည်။

https://www.dmgburmese.com/%E1%80%9E%E1%80%90%E1%80%84%E1%80%B9%E1%80%B8/ov-3ths-rt-labour.html?fbclid=IwAR3X-bcR8gUIWT3Zjrp3ZiPCLXWYuROeGEd62KypEPen3eoY9BZHJxSJtlY

https://www.facebook.com/dmgnewsagency/posts/1986208244864910

Leave a Reply

Your email address will not be published.