ရခိုင်မှ မြို့နယ်တစ်ချို့တွင် PSI စလောင်းများကိုဖြုတ်ခိုင်းနေဟုဆို၊ ကျေးရွာတစ်ချို့တွင်စတင်ဖြုတ်နေရ

By Western News/ 2021 April 12

ရခိုင်ပြည်နယ်ရှိ အမ်းမြို့နယ်နှင့် ကျောက်ဖြူမြို့နယ်တို့တွင် နေအိမ်များ၌တပ်ဆင်ထားသည့် PSI ဂြိုလ်တုစလောင်းများကို ဖြုတ်ခိုင်းနေသည်ဟု ဒေသခံများနှင့် လွှတ်တော်ကိုယ်စားဟောင်းများက ပြောဆိုကြသည်။

ယမန်နေ့ ဧပြီလ ၁၁ ရက်နေ့ ညနေပိုင်းအချိန်ခန့်တွင် ကျောက်ဖြူမြို့ပေါ်ရှိ ရပ်ကွက်များတွင် တပ်ဆင်ထားသည့် PSI ဂြိုလ်တုစ လောင်းများကို ဖြုတ်ပေးရန်အတွက် မြို့ပတ်လှည့်လည်ကာကြောညာခဲ့သည်ဟု ကျောက်ဖြူမြို့နယ် လွှတ်တော်ကိုယ်စားလှယ်ဟောင်း ဦးဖိုးစံက ပြောသည်။

“မနေ့ကညနေက PSI စလောင်းတွေကိုဖြုတ်ပေးရမယ်လို့ မြို့ကိုလှည်လို့ကြေညာခဲ့တယ်။ ရပ်ကွက်အလိုက် ကြေညာခဲ့တာ။ ရပ်ကွက်အုပ်ချုပ်ရေးမှူးတို့က အနောင်ဆာတွေကို ကြေညာခိုင်းတာလို့သိရတယ်။ တစ်မြို့လုံးမှာတပ်ဆင်ထားတဲ့ စလောင်းတွေကို ဖြုတ်ပေးရမှာဖြစ်တယ်”ဟု ပြောသည်။

ယင်းအပြင် ကျောက်ဖြူမြို့နယ်၊ ဂုံးရှိုန်ကျေးရွာတွင်လည်း ယနေ့ ဧပြီလ ၁၂ ရက် နံနက် ၅ နာရီအချိန်ခန့်တွင် ကျေးရွာရှိနေအိမ်တို့တွင် တပ်ဆင်ထားသည့် PSI ဂြိုလ်တုစ လောင်းများကို ကျေးရွာအုပ်ချုပ်ရေးမှူးကဖြုတ်ခိုင်း ခဲ့သည်ဟု ဂုံးရှိုန်ကျေးရွာသား ကိုခိုင်သန်းတင်ကပြောသည်။

“ ဒီနေ့ ၅ နာရီက အုပ်ချုပ်ရေးမှူးကနေပြီးတော့ PSI တွေကိုဖြုတ်ခိုင်းခဲ့တယ်။ ဖြုတ်ခိုင်းလို့ ရွာသားတွေက စိုးရိမ်နေကြတယ်။ အခုတော့အိမ်တိုင်းလိုလိုမှာတပ်ထားတဲ့ စလောင်းတွေကိုဖြုတ်နေကြတယ်”ဟု ပြောသည်။

လက်ရှိအချိန်တွင် အင်တာနက်လိုင်းများကိုပိတ်ပင်ထားသည့်အတွက် ကမ္ဘာတစ်ဝန်း၌ဖြစ်ပျက်နေသည့် သတင်းအချက်အလက်များကို PSI ဂြိုလ်တုစ လောင်းများမှတစ်ဆင့်ကြည့်ရှုးနေကြရခြင်းဖြစ်ပြီး PSI ဂြိုလ်တုစ လောင်းများကိုဖြုတ်လိုက်ရသည့်အတွက် သတင်းရယူကြည့်ရှုးခြင်းကိုပိတ်ပင်လိုက်သလို ဖြစ်နေသည်ဟု ဦးဖိုးစံကပြောသည်။

ပြီးခဲ့သည့် ဧပြီလ ၁၀ ရက်တွင်လည်း အမ်းမြို့ပေါ်၌ PSI ဂြိုလ်တုစ လောင်းများရောင်းချနေသည့်ဆိုင်များကို မရောင်းချရန်အတွက် ရဲနှင့်စစ်တပ်တို့ကလာရောက်ပြောဆိုခဲ့ကြသည်ဟု အမ်းဒေသခံကိုမျိုးလွင်ကပြောသည်။ ယင်းအပြင် ဧပြီလ ၁၁ ရက်နေ့၌လည်း မြို့ပေါ်ရပ်ကွက်များနှင့် ကျေးရွာအချို့တို့တွင် တပ်ဆင်ထားသည့် PSI စလောင်းများကို အုပ်ချုပ်ရေးမှုးတို့ကဖြုတ်ပေးရန် ပြောဆိုခဲ့သည်ဟု အမ်းဒေသခံ ကိုဝင်းမြင့်ကပြောသည်။

ယခုဖြစ်စဉ်နှင့်ပတ်သက်၍ အတည်ပြုချက် ရယူနိုင်ရန် ရခိုင်ပြည်နယ် စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင် ဗိုလ်မှူးကြီးမင်းသန့်အား Western News မှ ဆက်သွယ်ခဲ့သော်လည်း ဖုန်းလက်ခံဖြေဆိုခြင်းမရှိခဲ့ပါ။

အလားတူ ချင်းပြည်နယ်၊ ပလက်ဝမြို့တွင် ဧပြီလ ၈ ရက်နေ့မှစတင်ကာ မိမိနေအိမ်အတွင်းရှိနေသည့် PSI စလောင်းစက်များကို ရပ်ကွက်အုပ်ချုပ်ရေးမှုးအိမ်သို့ ဧပြီလ ၉ ရက်နေ့ နောက်ဆုံးထား အပ်နှံရန်ရွာဆော်မှ တစ်ဆင့် နှိးဆော်အသိပေးခဲ့သည်ဟု ဒေသခံများကပြောဆိုကြသည်။

စစ်အာဏာသိမ်းပြီးနောက် မြန်မာနိုင်ငံတစ်နိုင်ငံလုံး၌အသုံးပြုနေကြသည့် မိုဘိုင်းဒေတာအင်တာနက်လိုင်းများ အသုံးပြု ခြင်းကို မတ်လ ၁၅ ရက်နေ့မှစတင်ကာပိတ်ပင်ခဲ့သည်။ သို့သော်လည်း Wifi အင်တာနက်လိုင်းများကို ဆက်လက်အသုံးပြုခွင့်ပေးထားသည်။

စစ်အာဏာသိမ်းပြီးနောက် ၂ လကျော်အကြာတွင် ပြည်သူ ၇၀၆ ဦးသေဆုံးခဲ့ရပြီး ဖမ်းဆီးထိန်းသိမ်းခံထားရသူ ၃၀၅၉ ဦးအထိရှိလာနေ သည်ဟု နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း(AAPP)၏ မှတ်တမ်းအရသိရသည်။

https://www.facebook.com/westernnewsagency/posts/269366428203202

Leave a Reply

Your email address will not be published.