ရခိုင်ပြည်အတွင်း စားသောက်ကုန်များ စျေးနှုန်းဆက်တိုက် မြင့်တက်လျှက်ရှိ

By Western News/ 2021 April 24

ရခိုင်ပြည်အတွင်း ပြည်တွင်း ပြည်ပမှ တင်သွင်းသည့် စားသုံးကုန်ပစ္စည်းအချို့မှာ ဖေဖော်ဝါရီလ ဒုတိယပတ်မှ စတင်၍ ဧပြီလ ၂၃ ရက်နေ့အထိ ယခင်ထက်ကုန်စျေးနှုန်းပိုမြင့်တက်နေကြောင်း စားသောက်ကုန်စုံဆိုင် ပိုင်ရှင်များကပြောသည်။

ရခိုင်ပြည်နယ်တွင် ကုန်စျေးနှုန်းများမှာ စားသုံးဆီ ၁၀ ပိဿာဆန့်တစ်ဗူးလျှင် ယခင်က ၁၈၀၀၀ ကျပ်မှ ၃၅၀၀၀ ကျပ်၊ အချိုမှုန့် ၁၀ ပိဿာဆန့် တစ်အိတ်လျှင် ၄၀၀၀၀ ကျပ်မှ ၆၅၀၀၀ ကျပ်၊ သကြား ၃၀ ပိဿာဆန့်တစ်အိတ်လျှင် ယခင်က ၃၀၀၀၀ ကျပ်ကျော်မှ ယခု ၄၀၀၀၀ ကျပ်ကျော်၊ နို့မှုန့် အထုတ်သေး ၃၀ ဆန့်ပေါင်ထုတ် တစ်ထုတ်လျှင် ယခင် ၂၅၀၀ ကျပ်မှ ၃၅၀၀ ကျပ်အထိ စသည်ဖြင့် အသီးသီးစျေးနှုန်းများ မြင့်တက်လျှက်ရှိနေကြောင်းသိရသည်။

မင်းပြားမြို့မစျေးမှ စားကုန်ဆိုင်ပိုင်ရှင် ဦးမောင်စံကျော်က”စက်ရုံတွေကိုရပ်နားထားရလို့ကုန်ပစ္စည်းတွေထုတ်လုပ်မှုပုံမှန်မဖြစ်တော့ ကုန်စျေးနှုန်းတွေမြင့်တက်လာပေါ့။ အဲဒီလိုမြင့် တက်လာရာကနေ ကုန်စည်အချို့ပြတ်တောက်မှုတွေ ဖြစ်လာကြတယ်လေ။ ပြည်ပကတင်သွင်းတဲ့ပစ္စည်းတွေဆိုလည်း ရပ်နားထားကြတယ်လို့ဆိုတော့ ကုန်စျေးတွေ ပိုမြင့်တက်လာတာပေါ့ “ ဟုဆိုသည်။

စားသုံးကုန်ပစ္စည်းအမျိုးအစားအလိုက် ၅၀ ရာခိုင်နှုန်းနှင့် ၁၀၀ ရာခိုင်နှုန်းအကြားထိ ထိုးတက်နေကြောင်း ရခိုင်ပြည်နယ် စီးပွားရေး ဦးဆောင်အများပိုင် ကုမ္ပဏီလီမိတက်မှ မန်းနေဂျင်းဒါရိုက်တာ ဦးခင်မောင်ကြီးကလည်း Western News သို့ပြောသည်။

“ အာဏာသိမ်းပြီးတည်းကအခုအချိန်ထိ စားသုံးကုန်စျေးနှုန်းတွေ အကုန်ထိုးတက်နေတယ်။ အကျမရှိဘူး၊ နယ်စပ်ကုန်သွယ်ရေး အတားအဆီးတွေကြောင့်ပေါ့။ ကုန်ပစ္စည်းသယ်ယူပို့ဆောင်ရေးအခက်အခဲဖြစ်တယ်။ နောက်ပြီး မြန်မာငွေကြေးတန်ဖိုးနိမ့်ကျနေတယ်။ ဒါကြောင်းမို့ကုန်စျေးနှုန်းတွေထိုးတက်တယ်။ ရခိုင်ပြည်ထဲကို စားသုံးကုန်ပစ္စည်းဆိုရင် ယိုးဒယား၊ တရုတ်နိုင်ငံတွေကဝင်တာတွေပေါ့။ အဲဒါတွေအကုန်မြင့်တက်နေတယ်” ဟုပြောသည်။

ပြည်တွင်း ပြည်ပမှ တင်သွင်းသည့် ကုန်စည်စီးဆင်းမှုများပုံမှန်လည်ပတ်မှု မရှိသောကြောင့် ရခိုင်ပြည်အတွင်း စားကုန်စျေးနှုန်းများ မြင့်တက်နေသည့်အပြင် ဂျုံမုန့်၊ ကော်ဖီမစ် ၊ နို့မုန့်နှင့် ပေါင်မုန်ကြွတ်မျိုးစုံစသည့်ကုန်ပစ္စည်းများမှာလည်း လုံးဝပြတ်တောက်လျှက် ရှိကြောင်း မင်းပြားမြို့မှ စားသုံးကုန်ဆိုင်ပိုင်ရှင်များကပြောသည်။

ယခုကဲ့သို့စည်နှုန်းများမြင့်တက်လာသောကြောင့်အိမ်ရှင်မများအနေဖြင့် အရင်က တစ်နေ့ကို စျေးဖိုး ၁၀၀၀၀ ကျပ်သာသုံးခဲ့ရသော်လည်း ယခုအခါ ၁၅၀၀၀ ခွဲ ၂၀၀၀၀ လောက်ပိုသုံးနေရပြီး လုပ်ခနှင့် အသုံးစရိတ်များမမျှတတော့ဟု ပြောဆိုသည်။

စစ်တွေ မင်းဘာကြီးလမ်းတွင် နေထိုင်သည့်အိမ်ရှင်မ တစ်ဦးဖြစ်သူ ဒေါ်ညိုညိုဝင်းက” အရင်ကဆိုရင် တစ်နေ့ကို စျေးဖိုး ၁၀၀၀၀ ကျပ်ကုန်တယ်ဆိုရင် အခုက ၁၅၀၀၀ ခွဲ ၂၀၀၀၀ လောက်ပိုသုံးနေရတယ်။ အရင်က ထက်ကုန်ကျငွေပိုများလာတော့ မိသားစုအကြပ်အတည်း ပိုပြီးတော့ဖြစ်စေတယ်။ တစ်နေ့ရှာလို့ရတဲ့ငွေနဲ့ တစ်နေ့လိုက်မမိဘူးဖြစ်တယ်။ ကျမက နှလုံးနဲ့အဆုပ်တွေမကောင်းတောာ့ တစ်လတစ်ခါ ဆေးခန်းပြနေရတယ်။ ဝင်ငွေနည်းတယ်။ အသုံးစရိတ်ပိုများလာတယ်။ ကုန်စည်းနှုန်းတွေကအကုန်တက်နေတယ်။ တစ်ချို့ပစ္စည်းတွေ ဆိုရင် လုံးဝ ဝယ်မရဘူး”ဟုပြောသည်။

သို့သော်လည်း ကြက်သွန်နီ၊ ကြက်သွန်ဖြူ၊ ချင်း၊ ငရုပ်ကောင်စည်စားသောက်ကုန်းပစ္စည်များသည် ယခင်စျေးတိုင်း စျေးတက်ခြင်းမရှိဘဲ ဝယ်ယူရောင်းချလို့အဆင်ပြေနေကြောင်း စားသောက်ကုန်စုံဆိုင် ပိုင်ရှင်များကပြောသည်။

https://www.facebook.com/westernnewsagency/posts/277109997428845

Leave a Reply

Your email address will not be published.