By Development Media Group (DMG) / 2021 April 2
ရခိုင်ပြည်နယ်သို့ ရန်ကုန်နှင့် မန္တလေးမှ အဓိကတင်သွင်းသည့် အိမ်ဆောက်ပစ္စည်းများမှာ ယခင်နှစ်ကထက် ၁၀ ရာခိုင်နှုန်းမှ ၁၅ ရာခိုင်နှုန်းအထိ စျေးနှုန်းမြင့်တက်သွားကြောင်း အိမ်ဆောက်ပစ္စည်းအရောင်းဆိုင်များမှ သိရသည်။
နိုင်ငံရေးမတည်ငြိမ်မှုများကြောင့် လမ်းပန်းဆက်သွယ်ရေးအခက်အခဲ များရှိခြင်း၊ ကုန်ပစ္စည်းများ သယ်ယူရာတွင် ကြန့်ကြာမှုများရှိခြင်း၊ ကုန်ပစ္စည်းများကို လိုသလောက် မှာယူ၍မရခြင်း စသည့်အခက်အခဲများကြောင့် အိမ်ဆောက်ပစ္စည်းများ စျေးတက်ရခြင်းဖြစ်ပြီး ရောင်းချရမှုအပိုင်းတွင်လည်း ယခင်နှစ်ကထက် ကျဆင်းနေကြောင်း မြေပုံမြို့မှ အိမ်ဆောက်ပစ္စည်း အရောင်းဆိုင်ပိုင်ရှင် ဒေါ်ခင်စောမြင့်က ပြောသည်။
“ဒီနှစ်ရောင်းချရတဲ့အခြေနေက အရင်နှစ်နဲ့ ယှဉ်ပြောရရင် အများကြီးကျဆင်းသွားတယ်။ ဒီအချိန်က ပွင့်လင်းရာသီ ဆိုတော့ အိမ်တွေ၊ ဘုရားသိမ်တွေ၊ အဆောက်အအုံးတွေ အများကြီးဆောက်လုပ်ကြတယ်။ ဒါပေမယ့် ဒီနှစ်က ကုန်စျေးနှုန်းတွေလည်းတက်တော့ ဆောက်တဲ့သူတွေလည်း နည်းသွားတယ်။ အရင်နှစ်တုန်းကဆိုရင် ဒီအချိန်က အရမ်းရောင်းကောင်းတဲ့ ရာသီဖြစ်တယ်။ ဒီနှစ်မှာ ဆောက်လုပ်ရေးသမားတွေ အနေနဲ့လည်း ရှုံးပေါ်ကြတယ်” ဟု ဆိုသည်။
ယခင်က (စိန်) ဘိလပ်မြေ တစ်အိတ်ကို ငွေကျပ် ၇၅၀၀ ကျပ်ရှိခဲ့သော် လက်ရှိတွင်ငွေ ၉၅၀၀ ကျပ်၊ (ဆင်) ဘိလပ်မြေတစ်အိတ်ကို ယခင်ကငွေကျပ် ၇၀၀၀ ကျပ်ခန့် ရှိခဲ့သော်လည်း လက်ရှိမှာ ၉၀၀၀ ကျပ်၊ ယခင်ကသံတစ်တန် ကို ၆ သိန်း ၇ သိန်းခန့် ရှိခဲ့သော်လည်း လက်ရှိငွေကျပ် ၈ သိန်းကျော် အထိစျေးနှုန်း မြင့်တက်သွားသည်။
စစ်တွေမြို့ ပွင့်ဆန်း အိမ်ဆောက်ပစ္စည်းအရောင်းဆိုင်ပိုင်ရှင်က “ အိမ်ဆောက်တဲ့သူတွေက သံထည် ပစ္စည်းတွေကို အရင်ထက် ပိုပြီး အသုံးပြုပြီးဆောက်လုပ်လာကြတယ်။ ကျနော်တို့ ဆိုင်ပိုင်ရှင်တွေမှာလည်း ပစ္စည်းကို အလုံအလောက် ဝယ်ယူလို့ မရနိုင်ကြတော့ အိမ်ဆောက်တဲ့သူတွေမှာ အခက်အခဲရှိပါတယ်” ဟု ဆိုသည်။
အိမ်ဆောက်ပစ္စည်းများ စျေးတက်သွားခြင်းကြောင့် ယခင်ထက် ကုန်ကျစရိတ် များပြားလာသည်ဟု လက်ရှိ အိမ်ဆောက်နေသည့် ဦးဦးဖိုးတင်က ပြောသည်။
“အခုလိုမျိုး အိမ်ဆောက်ပစ္စည်းတွေ စျေးတက်သွားတာကြောင့် သိန်း ၂၀၀ ကုန်ကျမယ့် နေရာမှာ သိန်း ၃၀၀ လောက်ကုန်ကျတယ်။ နယ်ဘက်က ဆိုတော့ ကုန်တင်ခ၊ ကုန်ချခ စတာတွေလည်း အရင်ထက် ပိုကုန်သွားတယ် ပေါ့နော်။ အခုလိုမျိုး စျေးတက်နေတော့ အိမ်ဆောက်တာလည်း အရင်နှစ်လောက် မဆောက်ကြတော့ဘူး” ဟု ဆိုသည်။
လက်ရှိတွင်လည်း ရခိုင်ပြည်နယ်အတွင်း အိမ်ဆောက်ပစ္စည်းများမှာ ၁၀ နှင့် ၁၅ ရာခိုင်နှုန်းအထိ စျေးနှုန်း မြင့်တက်နေကြောင်းလည်း ဦးတင်အောင်ဦးကပြောသည်။
“အကုန်လုံးခြုံငုံလို့ ပြောရရင်တော့ ၁၀ ရာနှုန်းကနေ ၁၅ ရာနှုန်းလောက်တက်သွားတယ်လို့ ပြောလို့ရမှာပေါ့နော်” ဟုပြောသည်။
ရခိုင်ပြည်နယ်သည် ပြည်မမှတင်ပို့သော ကုန်ပစ္စည်းများ၏ ၈၀ ရာခိုင်နှုန်းကျော်ကို မှီခိုနေရပြီး လက်ရှိတွင် ကုန်သွယ်ရေးလမ်းကြောင်းများ နှေးကွေးနေသည့်အတွက် အချို့သောကုန်ပစ္စည်းများမှာ လိုသလောက်မရခြင်းနှင့် ကြုံတွေ့နေရကြောင်း ရခိုင်ပြည်နယ် ကုန်သည်များနှင့် စက်မှုလက်မှု လုပ်ငန်းရှင်များအသင်း ဥက္ကဋ္ဌ ဦးတင်အောင်ဦးက ပြီးခဲ့သည့် မတ်လ ၂၄ ရက်နေ့က DMG ကို ဖြေကြားခဲ့သည်။
https://www.facebook.com/466648543487562/posts/1980671102085291/