By Development Media Group (DMG) / 2021 April 10

ချင်းပြည်နယ်၊ ပလက်ဝမြို့နှင့် ရခိုင်ပြည်နယ်မှ မြို့နယ်အချို့တွင် PSI ဂြိုလ်တုစလောင်းစက်များကို သိမ်းဆည်းပြီး၊ ရောင်းချခွင့် ပိတ်ပင်ခံနေရကြောင်း ဒေသခံများ၏ပြောဆိုချက်အရ သိရသည်။
ချင်းပြည်နယ်၊ ပလက်ဝမြို့တွင် ဧပြီလ ၈ ရက်နေ့ ညနေ ၅ နာရီအချိန်က မိမိနေအိမ်တွင် ရှိသည့် PSI ဂြိုလ်တု စလောင်းစက်များကို ရပ်ကွက်အုပ်ချုပ်ရေးမှူးအိမ်သို့ ဧပြီလ ၉ ရက် မနက်ပိုင်း ၁၀ နာရီ နောက်ဆုံးထားပြီး အပ်နှံရန် ရွာဆော်မှတစ်ဆင့် နှိုးဆော်အသိပေးလာသည့်အတွက် အပ်နှံလိုက်ရကြောင်း ပလက်ဝဒေသခံ ဦးအောင်အောင်ကပြောသည်။
“ရပ်ကွက် အုပ်ချုပ်ရေးမှူးက အမိန့်စာနဲ့ပြောလာတဲ့အတွက် ကိုယ့်နာမည်ကိုယ်ရေးပြီး ပို့လိုက်ပါတယ်။ ဘာကြောင့် သိမ်းတယ်ဆိုတာတော့ ကျနော်တို့လည်းမသိဘူး။ ပြည်မဖက်တွေလည်း သိမ်းတယ်ဆိုတော့ ကျနော်တို့အမြင်က သတင်းအမှောင်ချချင်လို့ပဲမြင်ပါတယ်” ဟုဆိုသည်။
PSI ဂြိုလ်တုစလောင်းမှ နေ့စဉ် ည ၈ နာရီတွင် ထုတ်လွှင့်နေသည့် Mizzima TV ရုပ်သံလိုင်းနှင့် DVB ရုပ်သံတို့မှာလည်း ဧပြီ ၈ ရက်နေ့မှစ၍ ထုတ်လွှင့်မှုအစီအစဉ် မလာတော့ကြောင်း ပလက်ဝဒေသခံ ဦးစိန်ထွန်းလှက ဆိုသည်။
“ လိုင်းမရတဲ့ ကျနော်တို့ ဒေသခံတွေအနေနဲ့က နေ့တိုင်း ဒီ PSI စလောင်းကပဲ သတင်းအချက်အလက်တွေကို နားထောင်ကြတာလေ။ အခုဆိုရင် တကယ့် အမှောင်ကျသွားသလိုဖြစ်သွားပြီ။ မနေ့ကလည်း DVB ၊ Mizzima သတင်းတွေမရဘူး။ မြဝတီတစ်ခုတည်းရတော့တယ်” ဟုဆိုသည်။
ရခိုင်ပြည်နယ် မြို့နယ်တချို့တွင်လည်း PSI ဂြိုလ်တုစလောင်းစက်များအား ရောင်းချခွင့်မပြုရန် ဆိုင်ပိုင်ရှင်များထံသို့ သက်ဆိုင်ရာ ရဲတပ်ဖွဲ့ဝင်များက လာရောက်တားမြစ် အသိပေးခဲ့ကြောင်းလည်းသိရသည်။
မင်းပြားမြို့ရှိ လျှပ်စစ်ပစ္စည်းအရောင်ဆိုင် ပိုင်ရှင်တစ်ဦးက “ PSI တွေ ကို မရောင်းချဖို့အတွက် ရဲသားတွေက မနေ့ကလာပြောတယ်။ တချို့ဆိုရင် စလောင်းခွက်တွေ သိမ်းသွားတာလည်းရှိပါတယ်။ လောလောဆယ်တော့ ကျနော်တို့လည်း မရောင်းဘဲ သိမ်းထားပါသေးတယ်” ဟုဆိုသည်။
စစ်အာဏာသိမ်းပြီးနောက် မြန်မာတစ်နိုင်ငံလုံးရှိ မိုဘိုင်းအင်တာနက်လိုင်းများ အသုံးပြုခြင်းကို ပြီးခဲ့သည့် မတ်လ ၁၅ ရက်နေ့ နံနက် ၁ နာရီမှ စတင်ကာ ပိတ်ပင်ခဲ့ပြီး Wifi အင်တာနက်လိုင်းများဖြင့်သာ အသုံးပြုနေခြင်းဖြစ်သည်။
ယမန်နေ့ ဧပြီ ၈ ရက်နေ့မှစတင်ကာ မြန်မာနိုင်ငံအနှံ့အပြားတွင် PSI တရားမဝင် စလောင်းတပ်ဆင်ခြင်း လိုက်လံဖြုတ်သိမ်းနေကြောင့် ပြည်မသတင်းမီဒီယာအချို့တွင် ရေးသားဖော်ပြထားသည်။
https://www.facebook.com/dmgnewsagency/posts/1986922481460153