ရခိုင်တွင် တပ်မတော်ကမိုင်းရှင်းလင်းရေး လုပ်ဆောင်နေစဉ်ကာလအတွင်း မိုင်းပေါက်ကွဲမှု ၇ ကြိမ်အထိရှိခဲ့၊ ၃ ဦးသေဆုံး၊ ၁၂ ဦးဒဏ်ရာရ

By Western News/ 2021 April 10

ရခိုင်ပြည်နယ်တွင် တပ်မတော်ကမိုင်းရှင်းလင်းရေးလုပ်ငန်းများကို ဖေဖော်ဝါရီလ ၁၅ ရက်နေ့က စတင်ပြီး အမ်း-စစ်တွေကားလမ်းမကြီးနှင့် ရသေ့တာင် အငူမော်ကားလမ်းတစ်လျှောက် မိုင်းရှင်းလင်းရေးလုပ်ဆောင်လျှက်ရှိသည်မှာ ယနေ့ ဧပြီလ ၁၀ ရက်ဆို လျင် ၂ လနီးပါးရှိနေပြီဖြစ်သည်။

တပ်မတော်အနေဖြင့် မိုင်းရှင်းလင်းရေးလုပ်ငန်းများကို ဆောင်ရွက်ရာတွင် ကားလမ်းမအပြင် တောင်တောင်များကိုလည်း ရှင်းလင်းပေးမှသာ မိမိတို့အနေဖြင့်နေရပ်သို့ ပြန်သွားနိုင်မည်ဖြစ်သည်ဟု စစ်ဘေးရှောင်များက ပြောဆိုနေကြသည်။ တပ်မတော် အနေဖြင့်တောတောင်များကို မိုင်းရှင်းလင်းရန်အစီစဉ်မရှိကြောင်း မတ်လ ၆ ရက်နေ့တွင် ဗိုလ်မှူးကြီး မင်းသန့်ကပြော ဆိုခဲ့သည်။

ပြီးခဲ့သည့် ဖေဖော်ဝါရီလ ၁၇ ရက်နေ့မှ ဧပြီလ ၈ ရက်နေ့အထိ ရခိုင်ပြည်နယ်အတွင်း မိုင်းပေါက်ကွဲမှု ၇ ကြိမ် အထိရှိခဲ့သဖြင့် ကလေးငယ် ၂ ဦးအပါအဝင် ၃ ဦးသေဆုံးသွားပြီး ၁၂ ဦးထိခိုက်ဒဏ်ရာရရှိခဲ့သည်။ ယင်းအပြင်ဧပြီလ ၈ ရက်နေ့တွင် ဘူးသီးတောင်မြို့နယ်၊ တောင်ရွာ(မွတ်ဆလင်)ကျေးအနီးတွင် မိုင်းပေါက်ကွဲမှုဖြစ်ပွားခဲ့သဖြင့် မိန်းကလေး ၄ ဦးနှင့် ယောကျ်ားကလေး ၂ ဦး၊ စုစုပေါင်း ၆ ဦးဒဏ်ရာရရှိခဲ့သည်။

ဒဏ်ရာရရှိခဲ့သည့် ကလေး ၆ ဦးမှာ မအဖီယာ ၁၆ နှစ်၊ မဖေရက်ဒုန် ၁၄ နှစ်၊ မအာဆမီ ၁၃ နှစ်၊ မဆိုဖီယာ ၁၀ နှစ်၊ မောင်အန်ဒါမှုဟာဆောင်း ၁၂ နှစ်နှင့် မောင်ယာဟာနုရ် ၇ နှစ်တို့ဖြစ်ကြသည်။ ဧပြီလ ၄ ရက်နေ့တွင် ကျောက်တော်မြို့နယ်၊ ရွှေပြည်ကျေးရွာနေ ဒေါ်အေးအေးသိန်းနေအိမ် ခြံဝန်းထဲ၌ စစ်ကျန်လက်နက်ပေါက်ကွဲမှု ဖြစ်ပွားရာ မိခင်အပါအဝင် သားအမိ ၃ ဦးသေဆုံးခဲ့ပြီး နောက်ထပ် သားတစ်ဦးမှာလည်း ဒဏ်ရာပြင်းထန်ရရှိခဲ့သည်။

သေဆုံးသွားသူ ၃ ဦးမှာ မိခင်ဒေါ်အေးအေးသိန်း(၃၅)နှစ်၊ မောင်ကျော်ဆန်းဝင်း ၂ နှစ်နှင့် ကိုကိုလင်း ၅ နှစ်တို့ဖြစ် ပြီး ဒဏ်ရာရရှိသွားသူမှာ မောင်‌ဝေယံလင်း ၇ နှစ်တို့ဖြစ်သည်။

ပြီးခဲ့သည့် ဖေဖော်ဝါရီလ ၁၇ ရက်နေ့က အမ်းမြို့နယ် သရက်ပင်ချောင်းကျေးရွာမှ ဦးမောင်ဌေး အသက် ၄၂ နှစ်မှာ အုန်းတံချောင်း တံတားအနီး မက်ကလာကျွတ် တောင်ပေါ်သို့ အဖော် ၂ ဦးနှင့်အတူ သလူရွက် ခုတ်ရန်သွားစဉ် မြေမြုပ် မိုင်းပေါက်ကွဲမူကြောင့် ယာဖက်ခြေပြတ်ကာ ပြင်းထန်စွာ ဒဏ်ရာရရှိခဲ့သည်။

အလားတူ မတ်လ ၄ ရက်တွင် ရသေ့တောင်မြို့နယ် ၊ ပဲသဒူ ကျေးရွာအနီးတွင် လက်ပံပွင့် ကောက်ရန်သွားစဉ် စစ်ကျန် ဗုံးသီး ကိုတွေ့ရှိရာ မကြည့်ရာမှ ပေါက်ကွဲဖြစ်ပွားခဲ့ပြီး ကလေးငယ်နှစ်ဦးဒဏ်ရာများရရှိခဲ့ကြသည်။

ယင်းအပြင် မောင်တောမြို့နယ်မြောက်ပိုင်း၊ တောင်ပြိုနယ်စပ် မိုင်တိုင်အမှတ် ၃၆/၃၇ ကြား၌ ဖေဖော်ဝါရီလ ၂၂ ရက် နံနက် ၈ နာရီခန့်ကနယ်စပ် ခြံစည်းရိုးပြုပြင်ရန်ဆောင်ရွက်နေစဉ် မိုင်းနင်းမိသဖြင့် အလုပ်သမားအချို့ ထိခိုက်ဒဏ်ရာရရှိသွားခဲ့သည်။

အမ်းမြို့နယ်ရှိ စစ်တပ်ကအထိုင်ချထားသည့်အမြောက်လက်နက်ကြီးစခန်းတစ်ခုအနီးတွင် မတ်လ ၂ ရက်နေ့ နံနက် ၁၀ နာရီကျော် အချိန်ခန့်က မိုင်းပေါက်ကွဲမှုဖြစ်ပွားခဲ့သည်ဟု ဒေသခံများကပြောဆိုကြသည်။ ယင်းပေါင်ကွဲမှုတွင် တစ်စုံတစ်ရာ ဒဏ်ရာရှိမှုမရှိခဲ့ပေ။

မတ်လ ၈ ရက်နေ့က မြေပုံမြို့နယ်၊ စညှင်းကျေးရွာမှ ဒေါ်နန်းခမ်းသည်ညောင်ကန်ကျေးရွာအနီးတွင်ရှိသည့် ကျွဲတလင်းတောင်သို့ သွားစဉ် စစ်ကျန်လက်နက်မိုင်းနင်းမိ၍ ခြေထောက်တစ်ဖက်ပြတ်သွားခဲ့သည်။

ရခိုင်တွင်၂ နှစ်တာဖြစ်ပွားခဲ့သည့်တိုက်ပွဲအတွင်း မိုင်းနှင့်စစ်ကျန်လက်နက်ပေါက်ကွဲမှုကြောင့် အရပ်သား သေဆုံး သူ ၄၄ ဦးနှင့် ထိခိုက်ဒဏ်ရာရရှိသူ ၈၈ ဦးအထိရှိသည်ဟု ရခိုင်တိုင်းရင်းသားမျိုးနွယ်စုများအစည်းအရုံး (REC)၏မှတ်တမ်းများအရသိရသည်။

https://www.facebook.com/westernnewsagency/posts/268099964996515

Leave a Reply

Your email address will not be published.