By Western News/ 2021 April 22
ရခိုင်တွင် ဖေဖော်ဝါရီလပထမပါတ်လောက်မှစ၍ စက်သုံးဆီဈေးနှုန်းများမြင့်တက်လျှက်ရှိရာ ယခုဧပြီလကုန်ခါနီး အထိဈေးနှုန်း ကျဆင်းသွားခြင်းမရှိဘဲ ဆက်လက်မြင့်တက်လျှက်ရှိနေသည်။
စက်သုံးဆီရောင်းချသည့်ဆိုင်များတွင် ဒီဇယ်၊ ဓာတ်ဆီ၊ ပရီမီယန်၊ နိုင်တီတူး၊ နိုင်တီဖိုင်း စသည့်ဆီအမျိုးအစားများ ကိုရောင်းချနေ ကြခြင်းဖြစ်ပြီး တစ်လီတာကို ၁၀၀ ကျပ်နှုန်းခန့် ဈေးမြှင့်၍ရောင်းချနေကြရသည်။ စက်သုံးဆီဆိုင် များအနေဖြင့်ထိုကဲ့သို့ ဈေးနှုန်းမြှင့်တင်၍ ရောင်းချနေရခြင်းမှာ ၎င်းတို့ဝယ်ယူသည့်ဈေးကွက်ပင်ရင်း၌ ဈေးနှုန်း မြင့်တက်နေခြင်းကြောင့်ဖြစ်သည်ဟု စစ်တွေမြို့ရှိစက်သုံးဆီအရောင်းဆိုင်တစ်ခုဖြစ်သည့် ကိုအေးကျော်ဆီဆိုင်မှ ပြောသည်။
သင်္ကြန်မတိုင်မီ ၎င်းတို့ဝယ်ယူရသည့်ဆီဈေးနှုန်းများမှာ နိုင်တီတူး တစ်လီတာကို ၇၆၀ ကျပ်၊ ဒီဇယ် တစ်လီတာကို ၇၈၀ ကျပ်၊ ပရီမီယန် တစ်လီတာကို ၇၇၀ ကျပ်နှင့် ဓာတ်ဆီ တစ်ပီပါကို ၂၀၀,၀၀၀ ကျပ်နှုန်းထားဖြစ်ပြီး ယခုလက် ရှိတွင်ယခင်ဈေးနှုန်းထက် ဓာတ်ဆီ တစ်လီတာကို ၅၀ ကျပ်နှုန်း၊ တစ်ခြားစက်သုံးဆီများကို ၁၀၀ ကျပ်နီးပါးခန့်ဈေး မြင့်၍ဝယ်ယူနေရကြောင်းဆိုသည်။
စက်သုံးဆီရောင်းချသည့်ဈေးကွက်၏ခြေအနေမှာ ဈေးနှုန်းမြင့်တက်နေခြင်းသာမက သယ်ယူပို့ဆောင်ရေးနှင့် လမ်းပမ်းဆက်သွယ်ရေး ပိုင်းတို့တွင်လည်းအခက်အခဲများရှိမှုနှင့် ထိုသို့အခက်အခဲများရှိသော်လည်း စက်သုံး ဆီဈေးကွက်မှာပုံမှန်ရောင်းအားနှင့် လည်ပတ်လျက်ရှိကြောင်း စက်သုံးဆီရောင်းချသည့် ဦးကိုအေးကျော်ကဆက် လက်ပြောကြားသည်။
“ဆီကအခုဈေးတွေမြင့်သွားတယ်။ ဈေးနှုန်းမြင့်သွားပေမယ့်အရောင်းအဝယ်ကပုံမှန်ပါပဲ။ ဆီရောင်းအားကတော့ပုံမှန်ရှိ နေမှာပါပဲ” ဟု၎င်းကဆိုသည်။
စက်သုံးဆီဈေးနှုန်းမြင့်တက်နေခြင်းမှာ စစ်တွေမြို့နယ်တွင်သာမက ရခိုင်ပြည်ရှိစက်သုံးဆီရောင်းချသုံးစွဲသည့်မြို့ နယ်တိုင်း နေရာတိုင်းတွင်မြင့်တက်နေခြင်းဖြစ်ကြောင်းမင်းပြားမြို့၌ စက်သုံးဆီရောင်းချသည့်မောင်ယဉ်ဆိုင်မှပြောသည်။
“စက်သုံးဆီဈေးတက်တာကတော့ ပြည်နယ်တစ်ခုလုံးလို့ပြောလို့ရပါတယ်။ ဆီတွေကပြည်မဘက်ကယူရတာဆို တော့ ပြည်မဖက်မှာဈေးတက်ရင်ရခိုင်ပြည်မှာလည်းဈေးတက်ပြီပေါ့”ဟုဆိုသည်။
ယခုကဲ့သို့စက်သုံးဆီဈေးနှုန်းများမြင့်တက်လာခြင်းကြောင့်လုပ်ကိုင်စားသောက်ရာ၌ အခက်အခဲများဖြစ်နေရပြီး ဝင်ငွေရရှိမှု မှာလည်း ယခင်ကထက်နိမ့်ကျသွားကြောင်း စစ်တွေမြို့ပေါ်၌အိန္ဒိယသုံးဘီး(အငှားယာဉ်)မောင်းနှင်နေသည့် ဦးဝင်းသိန်းအောင်က ဆိုသည်။
“ဆီဈေးတက်နေတော့အရင်က ၁၀၀၀ ကျပ် နဲ့အငှားလိုက်နိုင်တဲ့ခရီးတစ်ခုကို အခုအဲလောက်ဈေးနဲ့မလိုက်နိုင်တော့ဘူးလေ။ ဒါပေမယ့်ငှားတဲ့သူကလည်းဈေးပိုမပေးချင်ကြဘူး။ ဒါကြောင့်ပုံမှန်ဈေးနှုန်းအတိုင်းပဲအငှား လိုက်ရတာတွေရှိတယ်။ အဲလိုဖြစ်တော့ ဝင်ငွေပိုင်းထိခိုက်ပါတယ်။ ဝင်ငွေနည်းတော့စားဝတ်နေရေးအခက်အခဲ တွေရှိလာတော့တာပါပဲ” ဟုပြောသည်။
ရခိုင်ပြည်ရှိ စက်သုံးဆီဈေးနှုန်းများမှာ စစ်တပ်မှအာဏာသိမ်းပြီးနောက်ပိုင်းမြင့်တက်လာခြင်းဖြစ်ပြီး သင်္ကြန်ကာ လလွန်သည့် အခါလည်း ကျဆင်းသွားမှုမရှိဘဲဈေးနှုန်းမှာပိုမြင့်လာကြောင်း ယင်းကဲ့သို့ဖြစ်ခြင်းမှာလက်ရှိနိုင်ငံရေးအခြေ အနေများနှင့်သက်ဆိုင်ကြောင်း စက်သုံးဆီအရောင်းဆိုင်များနှင့်သုံးစွဲသူများကဆိုကြသည်။
https://www.facebook.com/westernnewsagency/posts/275859637553881