ရခိုင်တွင်သင်္ကြန်ပွဲများ ကျင်းပသွားမည်၊ မဏ္ဍာပ်တစ်ခုတွင် လူ ၅၀ ထက်မပိုစေရဟု ပြည်နယ်ကောင်စီပြော

By Western News/ 2021 April 1

ရခိုင်ပြည်နယ် စစ်ကောင်စီက ယခုနှစ်သင်္ကြန်းပွဲကို ကျင်းပပြုလုပ်သွားရန် စီစဉ်ပြင်ဆင်နေပြီးသင်္ကြန်မဏ္ဍာပ်တစ်ခုတွင် လူ ၅၀ ထက်မပိုစေရဟု ပြည်နယ်ကောင်စီက ပြောဆိုလိုက်သည်။

လက်ရှိနိုင်ငံရေးအခြေအနေကြောင့် လူပေါင်းများစွာ သေဆုံးနေကြချိန်တွင် သင်္ကြန်ပွဲ ကြီးကြီးမားမားပြုလုပ်ပါက အခြားတိုင်းနှင့် ပြည်နယ်ကသော်လည်းကောင်း၊ နိုင်ငံတကာကသော်လည်းကောင်း ရခိုင်လူထုကို မျက်မုန်းကျိုးသွားနိုင်ခြေရှိသည် ရခိုင်လူမှုအဖွဲ့ အစည်းများကဝေဖန်သည်။

အဆိုပါ သင်္ကြန်ပွဲကို ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနမှ ချမှတ်ထားသည့် ကိုဗစ်စည်းကမ်းချက်များနှင့် အညီ ကျင်းပပြုလုပ်သွား မည်ဟု ရခိုင်ပြည်နယ် စီမံအုပ်ချုပ်ရေးကောင်စီ၏ သတင်းနှင့် ပြန်ကြားရေးတာဝန်ခံ ဦးလှသိန်းက ဧပြီလ ၁ ရက်နေ့က ရခိုင်ပြည်နယ် ဥပဒေချုပ်ရုံးတွင် သတင်းထောက်များနှင့်တွေ့ဆုံစဉ် ပြောကြားခဲ့သည်။

“ကျွန်တော်တို့ ရခိုင်ရိုးရာ သင်္ကြန်းပွဲမကျင်းပရတာ ၂ နှစ်ရှိပြီ၊ တိုက်ပွဲတွေကြောင့်၊ ကိုဗစ်ရောဂါကြောင့် လူတွေက သင်္ကြန်းပွဲတော်နဲ့ ကင်းကွာနေကြတယ်။ ဒီနှစ်တော့ သင်္ကြန်းမဏ္ဍာပ်တစ်ခုမှာ လူ ၅၀ ထပ်မပိုစေဘဲ ကျန်းမာရေးနဲ့ အားကစားဝန်ကြီးဌာနကချမှတ်ထားတဲ့ စည်းကမ်းဘောင်အတွင်းက ကျင်းပပါလို့ ခွင့်ပြုတယ်။ အဲ့တော့ သတ်မှတ်ချက်အတိုင်း လူ ၅၀ ထက်ပိုခွင့်မပြုဘူး” ဟုပြောဆိုသည်။

ယင်းအပြင် စစ်တွေမြို့ ပင်လယ် ကမ်းခြေတွင် လောင်းလှေဖြင့် ရေလောင်းလို့ရသည့် သင်္ကြန်မဏ္ဍာပ်တစ်ခုဆောက်လုပ်သွားမည်ဖြစ်ပြီး လူ ၅၀ ထက်မပိုစေရန်လည်း ကြီးကြပ်သွားမည်ဖြစ်ကြောင်းနှင့် တစ်ခြား သင်္ကြန်မဏ္ဍာပ်များတွင်လည်း လူ ၅၀ ထက်မပိုစေဘဲ ကျင်းပရမည်ဟု သတင်းနှင့်ပြန်ကြားရေးတာဝန်ခံ ဦးလှသိန်းက ပြောဆိုသည်။

“ တစ်ခြား ရပ်ကွက်တွေ၊ အဖွဲ့အစည်းတွေက လုပ်မယ်ဆိုရင်လည်း လုပ်တော့လုပ် လူ ၅၀ ထက် မပိုစေရဘူး၊ တစ်ယောက်နဲ့ တစ်ယောက် ပူးပူးကပ်ကပ်နေလို့မရဘူး၊ နောက် ကိုဗစ် စည်းကမ်းအတိုင်း သွားလာတဲ့အခါ မျက်နှာဖုံးတွေအုပ်ထားရမယ်ပေါ့၊ ဒါကတော့ သူ့ကိုဗစ်စည်းကမ်းအတိုင်းပေါ့၊ အစိုးရကလည်း အဲ့စည်းကမ်းတွေကို လျော့ပေးထားတာမရှိသေးဘူး” ဟု ဦးလှသိန်း ကပြောဆိုသည်။

ရခိုင်ပြည်နယ်တွင် ၂၀၁၉ ခုနှစ်က ရက္ခိုင့်တပ်တော် AA နှင့် တပ်မတော်တို့၏ စစ်ရေးပဋိပက္ခများကြောင့် သင်္ကြန်ပွဲ ကျင်းပခဲ့ခြင်း မရှိခဲ့သလို ၂၀၂၀ ခုနှစ်တွင်လည်း ကိုဗစ်ရောဂါကြောင့် သင်္ကြန်းပွဲကျင်းပနိုင်ခြင်းမရှိခဲ့ပေ။

ယင်းကဲ့သို့ စစ်ရေးပဋိပက္ခများနှင့် ကိုဗစ်ရောဂါကြောင့် ပြည်သူများမှာ လွတ်လပ်မှုနှင့် ပျော်ရွှင်မှုများကို ဆာလောင်မွတ်သိပ်နေသည့် အချိန်ကာလတွင် ပြည်နယ်စစ်ကောင်စီ၏ လူ ၅၀ ထက်မပိုစေဘဲ သင်္ကြန်ပွဲကျင်းပမည်ဆိုသည်မှာ မေးခွန်းထုတ်စရာဖြစ်နေသည်ဟု ဝံလတ်ဖောင်ဒေးရှင်း ဒါရိုက်တာ ဦးခိုင်ကောင်းစံ ကထောက်ပြပြောဆိုသည်။

“ကျွန်တော်ထင်တယ် မဖြစ်နိုင်ပါ။ လူတွေက လွတ်လပ်မှု၊ ပျော်ရွင်မှုတွေကို ဆာလောင်မွတ်သိပ်နေကြတဲ့အချိန်ဖြစ်တယ်။ လူ ၅၀ ဆိုတာက ကား ၂ စီး၊ ၃ စီးလောက်လာကြရင်တောင် လူ ၅၀ ကျော်နေမှာဖြစ်တယ်။ နောက်ပြီး မဏ္ဍာပ်တွေချ၊ သီချင်းတွေဖွင့် အဲ့လိုအချိန်မျိုးမှာ လူ ၅၀ ထက်မပိုရဆိုတာက မေးခွန်းထုတ်စရာဖြစ်နေတယ်” ဟုပြောဆိုသည်။

ယင်းအပြင် ရခိုင်လူထုသည် ၂၀၁၂ ပဋိပက္ခ၊ ၂၀၁၄ ပဋိပက္ခများတွင် ကမ္ဘာ့အလယ်တွင် ဗိန်လိန်ဖြစ်ခဲ့ရသည့်အတွက် ပဋိပက္ခတိုင်းတွင် ရခိုင်လူထုသည် ဗိန်လိန်အဖြစ်အသုံးချခံနေရသကဲ့သို့ဖြစ်နေသည်ဟု ဦးခိုင်ကောင်းစံက ဆက်လက်ပြောဆိုသည်။

ရခိုင်ပြည်နယ်တွင် စစ်ရေးပဋိပက္ခများနှင့် ကိုဗစ်ရောဂါဖြစ်ပွားမှု ငြိမ်သတ်နေသည့်အတွက် သင်္ကြန်ပွဲကျင်းပ၍ရနိုင်သော်လည်း ရန်ကုန်၊ မန္တလေးစသည့် ပြည်မဖက်တွင် စစ်အာဏာရှင် ဆန့်ကျင်ဆန္ဒပြပွဲများအတွင်း ရာနှင့်ချီသေဆုံးမှုများရှိနေ၍ ရခိုင်ပြည်သူများ အနေဖြင့်လည်း သင်္ကြန်ပွဲတွင် အလွန်အကျွံ ပျော်ပါးခြင်းများမလုပ်ကြရန် တိုက်တွန်းနှိုးဆော်မှုများလည်းရှိနေသည်။

အခြားတိုင်းနှင့် ပြည်နယ်များတွင် ပြည်သူများ ရာနှင့် ချီသေဆုံးမှုများရှိနေကြပြီး စိတ်မချမ်းမြေ့ဖွယ် ခံစားနေရသည့် အချိန်ကာလတွင် ရခိုင်ပြည်သူများအနေဖြင့် သင်္ကြန်ကာလတွင် အပျော်အပါးလွန်ကျုးမှုများ မလုပ်ကြရန် မဟာရက္ခိတအဖွဲ့မှ စစ်တွေမြို့တွင် မတ်လ ၃၁ ရက်နေ့က လက်ကမ်းစာရွက်များဖြန့်ဝေကာ တိုက်တွန်းနှိုးဆော်ထားသည်။

https://www.facebook.com/102405104899336/posts/262292195577292/

https://www.facebook.com/102405104899336/posts/262292195577292/

Leave a Reply

Your email address will not be published.