By Development Media Group (DMG) / 2021 April 10
တပ်မတော်က လူအခွင့်ရေး ချိုးဖောက်မှုနှင့် ပတ်သက်၍ ဆန္ဒထုတ်ဖော်ခဲ့သည် ကျောင်းသားများ၏ အမှုတွင် တရားလိုပြသက်သေ ရောက်တရားရုံးတော်ကို ရောက်ရှိလာသော်လည်းစစ်ဆေးနိုင်ခြင်းမရှိဟု ကျောင်းသားများ၏ အမှုလိုက်ပါဆောင်ရွက်နေသည့် ရှေ့နေက ပြောသည်။
တရားလိုပြသက်သေတစ်ဦးဖြစ်သည့် စစ်တွေမြို့နယ်ရဲစခန်းမှ ရဲးမှူးဇော်နိုင်အား ဧပြီလ ၉ ရက်နေ့တွင်စစ်ဆေးရမည်ဖြစ်သော်လည်း ၎င်းမှာတရားရုံးတော်ကို ရောက်ရှိလာပြီး အရေးကြီးကိစ္စရှိသည်ဟုဆိုကာ စစ်ဆေးနိုင်ခြင်းမရှိဘဲ နောက်အပတ် ရုံးချိန်းကို ထပ်ချိန်းလိုက်သည်ဟု တရားလွတ်တော်ရှေ့နေ ဦးကျော်ညွှန်မောင်က ပြောသည်။
“ဒီနေ့တော့ ၅၀၅(ခ)နဲ့ ငြိမ်စုစီ ဖြင့်စွဲထားတဲ့ တရားလိုကိုစစ်ဖို့ချိန်းထားတယ်။ မြို့နယ်မှူးမှာ တခြားအရေးကြီးကိစ္စတွေရှိကြောင်း မြို့နယ်မှူးကိုယ်တိုင်လာပြီး တရားရုံးတော်မှာ နောက်ရုံးချိန်အပတ်မှာဖြစ်အောင်စစ်မယ်။ ဒီနေ့ အရေးကြီးကိစ္စတွေ ရှိနေတဲ့အတွက်နဲ့၊ နောက်ပြီးသင်္ကြန်ကာလနဲ့လည်း နီးနေတဲ့အတွက်နဲ့ ကျွန်တော်မအားနိုင်လို့ပါဆိုပြီး သူ ခွင့်တောင်းလာတောင်းတယ်”ဟု တရားလွတ်တော်ရှေ့နေ ဦးကျော်ညွှန်မောင်က ပြောသည်။
နောက်ထပ်ရုံးချိန်ကို ဧပြီ ၂၃ ရက်နေ့တွင် ချိန်ဆိုထားသည်ဟု သိရသည်။ ဘေးစီမံနဲ့ စွဲဆိုထားသည့်လိုပြသက်သေမှာ ပြီးခဲ့သည့် ရုံးချိန်းက စစ်ဆေးခဲ့သောကြောင့် ရုံးတော်ကို ရောက်ရှိခြင်းမရှိဟု တရားလွတ်တော်ရှေ့နေ ဦးကျော်ညွှန်မောင်က ပြောသည်။
ယင်းဆန္ဒထုတ်ဖော်ခဲ့မှုကြောင့် အဆိုပါကြောင်းသားများကို စစ်တွေမြို့နယ်မှ ရဲမှူးဇော်နိုင်က နိုင်ငံတော်ကြည်ညိုပျက်စေမှု ပုဒ်မ ၅၀၅ (ခ) ဖြင့်တရားစွဲထားသလို သဘာဝဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှူး ဦးစီးဌာနမှ ဦးစီးအရာရှိ ဦးအောင်ဇံဝေမှလည်း သဘာဝဘေးအန္တရာယ်ဆိုင်ရာ ပုဒ်မ ၂၉ ဖြင့် ထပ်မံ တရားစွဲဆိုခြင်းဖြစ်သည်။
အဆိုပါ ပုဒ်မ ၂ မ နှစ်ခုဖြင့် တရားစွဲဆိုခံထားရသောသူမျာမှာ စစ်တွေကျောင်းသားသမဂ္ဂမှ ပြန်ကြားရေးတာဝန်ခံကိုကျော်နိုင်ဌေး၊ တွဲဖက်ပြန်ကြားရေးတာဝန်ခံ ကိုဦးသန်းနိုင်၊ ကျောက်ဖြူကောလိပ်မှ ကိုမြတ်စိုးဝင်းနှင့် ဒဂုံတက္ကသိုလ် ရခိုင်ကျောင်းသားများသမဂ္ဂမှ ကိုကောင်းထွန်းတို့ဖြစ်ကြသည်။ အဆိုပါ ကျောင်းသား၄ ဦးအားလက်ရှိတွင် စစ်တွေအကျဉ်းထောင်၌ ထိန်းသိမ်းထားသည်။
ပြီးခဲ့သည့် ၂၀၂၀ ခုနှစ် အောက်တိုဘာ ၁၉ ရက်နေ့က စစ်တွေမြို့ပေါ်၌ ပြုလုပ်ခဲ့သည့် ဆန္ဒထုတ်ဖော်မှုတွင် ကိုလိုနီအစိုးရအလိုမရှိ၊ နယ်ချဲ့စစ်တပ်အလိုမရှိ၊ No Bloody Government ၊ No Murder Army ၊ ဖက်ဆစ်စစ်တပ်အလိုမရှိ Burmese Governmemt Get Out ၊ Burmese Army Get Out စသည့်များကိုင်ဆောင်ကာ ကြွေးကြော် ဆန္ဒပြတောင်းဆိုခဲ့ကြသည်။
https://www.facebook.com/westernnewsagency/posts/268028625003649