ယိုယွင်းပျက်စီးနေသည့် ရခိုင်မှ စစ်ဘေးရှောင်တဲအိမ်များ မိုးမကျမီပြုပြင်ရန်လို

By Western News/ 2021 April 20

ရခိုင်ပြည်နယ်မှ စစ်ဘေးရှောင်စခန်းတချို့တွင် ယိုယွင်းပျက်စီးနေသည့် ယာယီတဲအိမ်းများ မိုးမကျမီအချိန်၌ ပြန်လည်ပြုပြင်ရန် လိုအပ်နေသည်ဟု စခန်းတာဝန်ရှိသူများနှင့် စစ်ဘေးရှောင်များကပြောဆိုကြသည်။

ယာယီအဆောင်များ ပြန်လည်ပြုပြန်ရန်လိုအပ်နေသော စစ်ဘေးရှောင်စခန်းများမှာ မြေပုံမြို့နယ်၊ ကမ်းထောင်းကြီးစစ်ဘေးရှောင်စခန်း၊ အစိုးရနှင့် နိုင်ငံခြားအဖွဲ့ အစည်းများ၏ ထောက်ပံ့ မှုမရရှိသည့် မြေပုံမြို့နယ်မှ စညှင်းစစ်ဘေးရှောင်စခန်းနှင့် ကျောက်တော်မြို့နယ်မှ ညောင်ချောင်း စစ်ဘေးရှောင်စခန်းတို့ဖြစ်သည်။

လူဦးရေ ၁၀၀၀ ကျော်နေထိုင်ကြသည့် မြေပုံမြို့နယ်၊ ကမ်းထောင်းကြီးစစ်ဘေးရှောင်စခန်းတွင် ယာယီတဲအိမ် ၃၀၅ ဆောင်ရှိသည့် အထဲမှ တဲအိမ် ၁၀၀ ကျော်မှာ အမိုး၊ အကာနှင့် အခင်းများဆွေး မြေ့ကာပျက်စီး နေသော်လည်း ငွေကြေးမတတ်နိုင်သဖြင့် ပြန်လည်မပြုပြင်ဘဲ ရှိနေသည်ဟု စခန်းတာဝန်ခံကပြောသည်။

ယင်းသို့ပျက်စီးနေသည့် ယာယီတဲအိမ်များကို မိုးရာသီသို့မရောက်ရှိမီအချိန်တွင် ပြည်တွင်းပြည်ပအလှူရှင် များနှင့် နိုင်ငံတာအဖွဲ့ အစည်းတို့မှ ပြုပြင်ပေးစေလိုကြောင်း စခန်းတာဝန်ခံ ဦးမိုးလှအောင်က Western News ကိုပြောသည်။

“စခန်းမှာတဲအိမ်က ၃၀၅ လုံးရှိတယ်။ အဲဒီထဲကတဲအိမ် ၁၀၀ ကျော်လောက် ပျက်စီးနေတယ်။ အမိုးအကာ တွေဟောင်း လာတယ်။ အမိုးဓနိတွေပြိုကျလာတယ်။ တာပေါ်လစတွေဆွေးနေတယ်။ လောလောဆယ် မှာတော့ ပျက်စီးနေတဲ့ တဲအိမ်တွေကို ဘယ်အဖွဲ့ အစည်းကမှပြုပြင်ဖို့ စီစဉ်တာတွေမရှိ သေးပါဘူး။ ကျွန်တော်တို့ရဲ့စခန်းကို စားနတ်ရိက္ခာ ပုံမှန်ထောက်ပံ့ပေးနေတဲ့ ပြည်တွင်းပြည်ပ စေတနာရှင်၊ အလှူရှင်တွေ အပြင်အခြား နိုင်ငံတကာအဖွဲ့အစည်းအနေနဲ့ ဒီလို ပျက်စီးနေတဲ့ယာယီတဲအိမ်တွေကို ပြန်ပြီးပြုပြင် ပေးဖို့ အကူအညီတွေပေးစေချင်တယ်” ဟုပြောသည်။

ယင်းစစ်ဘေးရှောင်စခန်းတွင် လူဦးရေစုစုပေါင်း ၁၁၃၀ ဦး၊ အိမ်ထောင်စု ၃၀၅ ခုရှိပြီး အမ်းမြို့နယ် ဒါးလက်ချောင်းဖျား၊ အနောက်ရွာ၊ တောင်ရွာ၊ အလယ်ကျွန်း၊ မြောက်ရွာ၊ ရွာဟောင်း၊ ဖိုးထောင်ရွာ၊ သရက်ပင်ချောင်း၊ အုန်းတံချောင်း၊ ဖရုံချောင်း၊ ကျောက်ဆင်၊ ဆင်ဦးတိုက်နှင့် မြေပုံမြို့နယ်မှ ဟင်းခါးရွာ ၊ ညောင်ကန်၊ စိမ့်ညင်း၊ လဟာကြီးစသည့်ကျေးရွာတို့ှမှ စစ်ဘေးရှောင်ပြည်သူများခိုလှုံ နေထိုင်လျှက်ရှိကြသည်။

အလားတူ ယခင်အစိုးရ(NLD)လက်ထက်တွင် တရားဝင်အသိမှတ်ပြုခြင်းမခံခဲ့ရသည့် မြေပုံမြို့နယ် စညင်းစစ်ဘေးရှောင် စခန်းတွင်လည်း ယာယီတဲအိမ် ၁၃၀ ကျော် ရှိသည့်အနက် ၄၀ ကျော်ခန့်မှာပျက်စီးနေသည်။ ယင်းအပြင် စစ်ဘေးရှောင်များအတွက် စားနတ်ရိက္ခာအခက်အခဲနှင့်လည်း ရင်ဆိုင်ကြုံတွေ့နေရကြောင်း စခန်းမှတာဝန်ရှိသူ ဆရာတော်သဘာဝနဒီက မိန့်သည်။

“ စခန်းမှာ ပျက်စီးနေတဲ့တဲအိမ်အလုံး ၄၀ ကျော်ရှိတယ်။ ငွေကြေးမတတ်နိုင်တဲ့အတွက် အဲဒါတွေကို မပြုပြင်နိုင်ဘူး။ လက်ရှိမှာလည်း စားဝတ်နေရေးကို မနည်းဖြေရှင်းနေရတယ်။ ဆန်ပြုတ်တွေစားနေကြရတယ်။ ဒီလိုမျိုးအခက်အခဲတွေနဲ့ ရင်ဆိုင်ကြုံတွေ့နေရတာ ၁ နှစ်ကျော်ရှိနေပါပြီ။ ဒီစစ်ဘေးရှောင်စခန်းက အစိုးရ တရားမဝင်အသိအမှတ်ပြုထားတဲ့စခန်းမဟုတ်ဘူး။ ဒါကြောင့် အခက်အခဲဟူသမျှကို ရခိုင်ပြည်သူတွေနဲ့ပူးပေါင်း ပြီး ကိုယ့်နည်းကိုယ့်ဟန်နဲ့ ဖြေရှင်းလာတာပါ” ဟုပြောသည်။

အဆိုပါစစ်ဘေးရှောင်စခန်းတွင် အိမ်ထောင်စု ၁၃၇ စုနှင့် လူဦးရေ ၄ဝဝ ကျော်ရှိပြီး မြောက်ဦးမြို့နယ် ဟင်းခရွာ၊ အင်ကြင်း၊ ဒါးလက်စသည့် ကျေးရွာတို့မှ စစ်ဘေးရှောင်ပြည်သူများနေထိုင်လျှက်ရှိကြသည်။ ယင်းကြောင့် ယခင်အစိုးရလက်ထက်က ၎င်းစခန်းကိုတရားဝင်အသိအမှတ်မပြုခဲ့သော်လည်း လက်ရှိ ရခိုင်ပြည်နယ်စီမံအုပ်ချုပ်ရေးကောင်စီ အနေဖြင့် လူသားချင်းစာနာထောက်ထားပြီး တရားဝင်အသိ အမှတ်ပြု ပေးစေချင်လိုကြောင်းလည်းဆရာတော်ကမိန့်သည်။

အလားတူ အိမ်ထောင်စု ၈၂၀ ကျော်ရှိသည့် ကျောက်တော်မြို့နယ် ညောင်ချောင်းစစ်ဘေးရှောင်စခန်းမှ ယာယီအဆောက်အဦး သုံးပုံနှစ်ပုံခန့်မှာ အမိုးအကာများ ပျက်စီးပေါက်ပြဲကာ တိုင်ခြေရင်းများမှာလည်း ကျိုးပဲ့နေပြီဖြစ်ပြီး အမြန်ဆုံးပြုပြင်ရန် လိုအပ်နေသည်ဟု စခန်းတာဝန်ခံ ကိုခိုင်မျိုးအောင် ကပြောသည်။

ရခိုင်ပြည်နယ်တွင် တပ်မတော်နှင့် ရက္ခိုင့်တပ်တော်တို့ ၂ နှစ်ကျော်တိုက်ပွဲဖြစ်ပွါးခဲ့ကြသည့်အတွက် မြောက်ဦး၊ မင်းပြား၊ ကျောက်တော်၊ အမ်း၊ မြေပုံ၊ ပလက်ဝ၊ ဘူးသီးတောင်၊ မောင်းတော၊ ရသေ့တောင်၊ ပုဏ္ဏားကျွန်းနှင့် စစ်တွေမြို့နယ်တို့၌ စုစုပေါင်း စစ်ဘေးရှောင်စခန်း ၁၄၈ ခုရှိပြီး လူဦးရေစုစုပေါင်း ၁ သိန်း ၆ သောင်းကျော်ရှိသည်ဟု ရခိုင်တိုင်းရင်းသားမျိုးနွယ်စုများ အစည်းအရုံး( REC ) စာရင်းအရသိရသည်။

https://www.facebook.com/westernnewsagency/posts/274520917687753

Leave a Reply

Your email address will not be published.