By Development Media Group (DMG) / 2021 April 7

မာန်အောင်မြို့နယ်တွင် သီဟိုဠ်စေ့ရောင်းချမှု ယခင်နှစ်ထက် ဈေးမြင့်တက်ကြောင်း သီဟိုဠ်စိုက်တောင်သူများထံမှ သိရသည်။
၂၀၂၀ ခုနှစ်က ကိုဗစ်ကပ်ရောဂါဖြစ်ပွားမှုကြောင့် သီဟိုဠ်စေ့ တစ်ပိဿာကို အမြင့်ဆုံးဈေး ၈၀၀၀ ကျပ်သာ ရရှိခဲ့ပြီး ယခု ၂၀၂၁ တွင် တစ်ပိဿာကို ၁၂၀၀၀ ကျပ်အထိ ရရှိနေ၍ သီဟိုဠ်စိုက်တောင်သူများမှာ အနည်းငယ် အဆင်ပြေနေကြသည်။
သီဟိုဠ်စိုက်သူ ဦးကျော်တင်က “ မနှစ်က လုပ်သားခတောင်ပြန်မရဘူး။ မကောက်ဘဲထားခဲ့တာလဲရှိတယ်။ စျေးကမကောင်းတော့ တောင်ပေါ်တက်ပြီးနေရတဲ့ စားစရိတ်တောင် မကာဘူးဆိုတော့ လုပ်နေလဲ မထူးဘူးလေ။ ဒီနှစ်တော့စျေးကမဆိုးဘူး။ ပိဿာ ၅၀၀ လောက်တော့ ရောင်းရပြီးပြီ။ ” ဟု ပြောသည်။
သီဟိုဠ်စေ့ကို မတ်လနှင့် ဧပြီလကုန်ထိသာ ကောက်ယူရပြီး မိုးရွာသွန်းမှုဖြစ်လာလျှင် အစေ့မအောင်မြင်ခြင်းကြောင့် ကောက်ယူ၍မရတော့ပေ။
ယင်းကဲ့သို့ သီဟိုဠ်စေ့ ဈေးကောင်းရခြင်းမှာ တရုတ်နှင့် ထိုင်းနိုင်ငံတို့က ဝယ်ယူမှုမြင့်တက်ခြင်းကြောင့် ဖြစ်ပြီး ယခင်နှစ်က ကိုဗစ်ကပ်ရောဂါကြောင့် ဝယ်ယူမှုနည်းပါး၍ ဈေးကောင်းမရခြင်းဟု အရောင်းအဝယ်လုပ်ကိုင်သူ ကိုနိုင်နိုင်က ပြောသည်။
“မနှစ်က ဝယ်တဲ့ သီဟိုဠ်စေ့တွေ အခုတောင်ရှိသေးတယ်။ ကောင်းတော့ မကောင်းတော့ဘူးပေါ့။ ရှုံးလည်းတော်တော်ရှုံးခဲ့တယ်။ ပို့ဆောင်ဖို့အတွက်က လမ်းကြောင်းတွေက ပိတ်ထားတာဆိုတော့ ဒီနှစ်တော့ စပြီး ပို့ဆောင်နေကြရပြီ” ဟု ပြောသည်။
သို့သော်လည်း နိုင်ငံရေးတည်ငြိမ်မှုမရှိသည့်အတွက် စျေးပြန်လည်ကျဆင်းသွားမည်ကို သီဟိုဠ်စိုက်တောင်သူများ စိုးရိမ်နေကြသည်။
မာန်အောင်မြို့နယ်တွင် သီဟိုဠ်စိုက်ခင်း ခန့်မှန်းခြေ ဧက ၄၀၀ ကျော်ရှိပြီး သီဟိုဠ်ပင်တစ်ပင် အသီးသီးရန်အတွက် ၄ နှစ်တာကြာမြင့်ကြောင်း သိရသည်။
https://www.facebook.com/dmgnewsagency/posts/1984763941676007