By Western News/ 2021 April 7
မြန်မာနိုင်ငံတွင် မြေမြုပ်မိုင်းနှင့် မပေါက်ကွဲသေးသော စစ်လက်နက်ပစ္စည်းများပေါက်ကွဲမှုကြောင့် သေဆုံးဒဏ်ရာရရှိသူများထဲတွင် သုံးပုံတစ်ပုံကျော်မှာကလေးငယ်များဖြစ်ကြောင်းနှင့် ယင်းသေဆုံးမှုတွင် ရခိုင်ပြည်နယ်၌ အများဆုံးဖြစ်သည်ဟု ယူနီဆက်မြန်မာ(UNICEF Myanmar) က ဧပြီလ ၆ ရက်နေ့တွင်ထုတ်ပြန်သည်။
အဆိုပါထုတ်ပြန်ချက်တွင် ရခိုင်ပြည်နယ်သည် ထိခိုက်ဒဏ်ရာရသေဆုံးသူ ကလေးငယ်အများဆုံးဖြစ်ပြီး စုစုပေါင်း၏ ၄၇ ရာခိုင်နှုန်းအထိရှိသည်ဟု ဖော်ပြထားသည်။
ဧပြီလ ၄ ရက်နေ့တွင် ကျောက်တော်မြို့နယ်၊ ရွှေပြည်ကျေးရွာရှိ ၎င်းတို့နေအိမ်အနီး ပေါက်ကွဲစေတတ်သော စစ်လက်နက်ပစ္စည်း အကြွင်းကျန်တစ်ခုပေါက်ကွဲမှုကြောင့် အသက် ၂ နှစ်နှင့် ၅ နှစ်အရွယ်ကလေးငယ်နှစ်ဦးနှင့် မိခင်ဖြစ်သူသေဆုံးခဲ့ရပြီး အသက် ၇ နှစ်အရွယ်မွေးချင်း တစ်ဦးထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း ကြားသိရသည့်အတွက် ယူနီဆက်မြန်မာအနေဖြင့် များစွာစိတ်မကောင်း ဖြစ်ရသည်ဟု ထုတ်ပြန်ချက်တွင်ပါရှိသည်။
ရခိုင်ပြည်နယ်တွင် ၂ နှစ်နီးပါးကြာဖြစ်ပွားခဲ့သည့်တိုက်ပွဲအတွင်း မြေမြုပ်မိုင်းများကို လိုအပ်သည်ထက်ပို၍အသုံးပြုခဲ့ကြခြင်း၊ မိုင်းအန္တရာယ်အသိပညာပေး ဆောင်ရွက်မှုများအားနည်ခြင်း၊ တောတောင်များနှင့် ကျေးရွာတို့တွင် မိုင်းရှင်းလင်းမှုမရှိခြင်းတို့ကြောင့် သေဆုံးဒဏ်ရာရရှိမှုအများဆုံးဖြစ်ရခြင်းဟု ဝံလက်ဖောင်ဒေးရှင်းမှ အမှုဆောင်ဒါရိုက်တာ ဦးခိုင်ကောင်းစံကပြောသည်။
” ရခိုင်ပြည်နယ်မှာက ပြည်တွင်းစစ်ဒဏ်ကို အခုမှစလို့ကြုံဖူးတာပေါ့။ မိုင်းနဲ့ပတ်သက်တဲ့ အသိပညာပေးမှုတွေအားနည်းတယ်။ ၂ နှစ်အတွင်းမှာ မိုင်းသုံးစွဲမှုကို လိုအပ်သည်ထက်ပိုလို့အသုံးပြုခဲ့ကြတယ်။ အထူးသဖြင့် ရခိုင်မြောက်ပိုင်းကမြို့နယ်တွေမှာဆိုရင် မိုင်းတွေအများဆုံးကျန်ခဲ့ကြတယ်။ တောတောင်တွေမှာလည်း မိုင်းရှင်းလင်းတာတွေမကြားသိရဘူး။ အဲဒါကြောင့် ရခိုင်မှာသေဆုံး ဒဏ်ရာရရှိတာ အများဆုံးဖြစ်တယ်လို့ပြောလို့ရတယ် “ဟု ပြောသည်။
ယင်းအပြင် မြေမြုပ်မိုင်းအန္တရာယ်အကြောင်းကို ကလေးသူငယ်များသိရှိနားလည်ရန်နှင့် မြေမြုပ်မိုင်းများနှင့် အခြား မပေါက်ကွဲဘဲ ကျန်ရှိနေသည့် စစ်လက်နက်ပစ္စည်းများကြောင့် ထိခိုက်ဒဏ်ရာရရှိသူများအား အကူအညီများပေးနိုင်ရန် အတွက်လည်း ယူနီဆက်နှင့် အစိုးရမဟုတ်သော အဖွဲ့အစည်းများက လုပ်ငန်းများ လုပ်ဆောင်လျှက်ရှိသည်။
လက်ရှိအချိန်တွင် ရခိုင်ပြည်နယ်၌ ၂ နှစ်ကျော်ကြာတိုက်ပွဲများဖြစ်ပွားခဲ့သည့် မင်းပြား ၊ မြောက်ဦး၊ ကျောက်တော် ၊ ရသေ့တောင် ၊ ဘူးသီးတောင် နှင့် ပုဏ္ဏားကျွန်းမြို့နယ်များမှ ဒေသခံပြည်သူ ၆ ထောင်ကျော်ခန့်ကို မိုင်းအန္တရာယ်ဆိုင်ရာ အသိပညာပေး သင်တန်းများကိုလည်း ရခိုင်တိုင်းရင်းသားမျိုးနွယ်စုများ အစည်းအရုံး (REC )ကပို့ချလျက်ရှိနေသည်။
အလားတူပဋိပက္ခအတွင်း ရောက်ရှိနေသော ကလေးငယ်များ ဘေးကင်းလုံခြုံမှုရှိစေရေးအတွက် ယူနီဆက်သည် ပါဝင်ပတ်သက်နေသူ အားလုံးအား မြေမြုပ်မိုင်းများ ချထားခြင်းမပြုရန်၊ ရှိပြီးသော မြေမြုပ်မိုင်းများနှင့် မပေါက်ကွဲသေးသော စစ်လက်နက်ပစ္စည်းများကို ဖယ်ရှားရှင်းလင်းကြပါရန်နှင့် ကလေးသူငယ်များ၏ အကာအကွယ်ရပိုင်ခွင့်ကို ထိန်းသိမ်းကြပါရန် တိုက်တွန်းထားသည်။
ရခိုင်ပြည်နယ်တွင် တပ်မတော်နှင့် ရက္ခိုင့်တပ်တော်တို့ ၂ နှစ်နီးပါးကြားဖြစ်ပွားခဲ့သည့်တိုက်ပွဲအတွင်း မြေမြုပ်မိုင်းနှင့် စစ်လက်နက် ပစ္စည်းများပေါက်ကွဲမှုကြောင့် သေဆုံးသွားရသည့် အရပ်သားများမှာ ၄၁ ဦးရှိပြီး ကိုယ်လက်အင်္ဂါဆုံးရှုံးသွားခဲ့ရသူ ၈၁ ဦးအထိရှိ ခဲ့သည်ဟု ရခိုင်တိုင်းရင်းသားမျိုးနွယ်စုများ အစည်းအရုံး( REC) ၏ မှတ်တမ်းအရသိရသည်။
https://www.facebook.com/westernnewsagency/posts/265961661877012