မောင်တောတောင်ပိုင်း ဂျမ်းတောရွာပြောင်းရွှေ့ရ

By Narinjara/ 2021 27

ရခိုင်ပြည်နယ်၊ မောင်တောမြို့နယ် တောင်ပိုင်း၊ ကျောက်ပန်းတူအနီးတွင် တည်ရှိသည့် ဂျမ်းတောရခိုင်ရွာနေအိမ်များကို သက်ဆိုင်ရာမှ ပြောင်းရွှေ့ခိုင်းသဖြင့် အနည်းဆုံး ၁၁ ဆောင်ခန့် ပြောင်းရွှေ့သွားခဲ့ရသည်ဟု သတင်းရရှိသည်။

အမည်မဖော်လိုသူ ကျေးရွာသားတစ်ဦးက “ ကျွန်တော်တို့ ဂျမ်းတောရွာမှာ အိမ်ခြေ ၁၇ ဆောင်ရှိပါတယ်။ အခုသူတို့က ပြောင်းရွှေ့ခိုင်းတဲ့အတွက် ၁၁ ဆောင်ကတော့ အင်းဒင်ကို ပြောင်းသွားရပြီ။ ကျန်တဲ့အိမ်တွေလည်း ၇ ရက်အတွင်း ပြောင်းရွှေ့ရမယ်ဆိုပြီး မြို့နယ် အုပ်ချုပ်ရေးမှူးက အမိန့်ထုတ်ထားပါတယ်”ဟု ပြောသည်။

မည်သည့်အတွက် ပြောင်းရွှေ့ခိုင်းသည်ကို မသိရကြောင်း၊ ၎င်းတို့မှာ ပုဇွန်သားပေါက်ရှာခြင်း၊ ဆိတ်မွေးခြင်း၊ ကဏန်းရှာ၊ ငါးရှာပြီး အသက်မွေး ဝမ်းကျောင်းပြုလုပ်နေသူများဖြစ်ကြောင်း၊ လောလောဆယ်တွင် ဝင်ငွေ အဆင်ပြေနေ၍ နေထိုင်နေကြခြင်းဖြစ်ကြောင်း၊သို့သော်လည်း သက်ဆိုင်ရာက နေထိုင်ခွင့်မပြုရာမှ ပြောင်းရွှေ့ခဲ့ကြရကြောင်း ၎င်းက ဆက်ပြောသည်။

“ ဒီနေ့တော့ မြို့နယ်က အမိန့်နဲ့ ဂျမ်းတောရွာ အနီးက ဦးထွန်းမြင့်အိမ်ကို လာဖြိုပါတယ်။ ခေါင်းမိုးတွေ ဘာတွေကို လာဖြိုတယ်။ ကျွန်တော်တို့က ဦးထွန်းမြင့်ဦးလည်း ဖမ်းဆီးခံထားရတယ်။ အခု ဖြိုရင် သူရဲ့ ဇနီးနဲ့ မိသားစုတွေရဲ့ ဆိတ်တွေ၊ ဝက်တွေ ကြက်တွေ မွေးထားတွေရှိတော့ အခက်အခဲဖြစ်နိုင်တယ် ဆိုပြီး လာဖြိုတဲ့သူတွေကို တောင်းပန်တင်ပြတော့ ခုနှစ်ရက်အတွင်း ဖြိုရမယ်ဆိုပြီး ပြောခဲ့တယ်။ မနက်ဖြန်တော့ သူတို့ကို ပြောင်းရွှေ့ကြမှာ ဖြစ်ပါတယ်။ သူတို့ကို မနက်ဖြန် ခရေမြိုင်ကို ပို့ပေးမှာပါ ” ဟု ပြောသည်။

၎င်းတို့ကျေးရွာသားများအနေဖြင့် ဧပြီ ၂၈ ရက်နေ့တွင် အားလုံးပြောင်းရွှေ့ရမည်ဖြစ်ကြောင်း၊ မပြောင်းရွှေ့ဘဲ နေထိုင်လျှင် ဖြိုဖျက်မည်ဆို၍ ပြောင်းရွှေ့ကြရမည်ဖြစ်ကြောင်း ၎င်းက ပြောကြားသည်။

၎င်းပြင် ဂျမ်းတောရွာအနီး အိမ်ဆောက်နေထိုင်သည့် ဦးထွန်းမြင့်မှာ လွန်ခဲ့သော ၆လ ကတည်းက ဖမ်းဆီးခံထားရပြီး နောက်ထပ် အမှုအများအပြားဖြင့် တရားစွဲဆိုခံထားရသည်ဟု သိရသည်။

အဆိုပါ ဂျမ်းတောရွာကို ပြောင်းရွှေ့ခိုင်းခြင်းနှင့် ပတ်သက်ပြီး မောင်တောခရိုင်အုပ်ချုပ်ရေးမှူး ဦးစိုးအောင်သို့ ဆက်သွယ်ရာ ၎င်းက “ ကျူးကျော်လို့ ဖြိုတာပေါ့ဗျာ။ အင်းဒင်မှာ တိုင်းရင်းသားတွေ နေထိုင်ဖို့ ဆောက်နေတဲ့ အိမ်တွေရှိတယ်။ အဲဒီမှာ နေချင်တယ်လို့ လျှောက်တဲ့ လူတွေကို အဲဒီမှာ နေရာချမှာ။ မပြောင်းတဲ့လူက နေပေါ့။ မပြောင်းတဲ့လူက နေရာမချဘူး။ ဒါဘဲရှိတယ်။ ထပ်ပြီး ကျူးကျော်ရင်တော့ ဥပဒေအရ အရေးယူမှာပေါ့” ဟု နိရဉ္စရာသို့ ပြောဆိုသည်။

https://www.facebook.com/narinjara.info/posts/4264186930260018

Leave a Reply

Your email address will not be published.