By RFA/ 2021 April 9
ရခိုင်ပြည်နယ် မြောက်ဦးမြို့နယ် တိမ်ညိုစစ်ဘေးဒုက္ခသည်စခန်းမှာ မီးလောင်မှုကြောင့် အိုးမဲ့အိမ်မဲ့ဖြစ်သွား ခဲ့တဲ့ စစ်ဘေးဒုက္ခသည် ၂၅၀၀ ကျော်အတွက် အဲဒီမီးလောင်သွားတဲ့နေရာမှာပဲ တဲအိမ်တွေဆောက်လုပ် နေပါပြီ။ ဒါပေမဲ့ စစ်ကောင်စီရဲ့ ထောက်ပံ့မှုမရတာကြောင့် တဲအိမ်တွေဆောက်လုပ်ဖို့ ငွေကြေးအခက်အခဲ ဖြစ်နေတယ်လို့ စခန်းတာဝန်ခံနဲ့ စစ်ဘေးဒုက္ခသည်တွေက RFA ကိုပြောပါတယ်။
ရခိုင်ပြည်နယ် မြောက်ဦးမြို့နယ် တိမ်ညိုစစ်ဘေးဒုက္ခသည်စခန်းမှာ မီးလောင်မှုကြောင့် အိုးမဲ့အိမ်မဲ့ဖြစ်သွား ခဲ့တဲ့ စစ်ဘေးဒုက္ခသည် ၂၅၀၀ ကျော်အတွက် ပြီးခဲ့တဲ့ ဧပြီလ ၃ ရက်နေ့ကစလို့ အဲဒီမီးလောင်သွားတဲ့နေရာ မှာပဲ အလှူရှင်တွေရဲ့ အကူအညီနဲ့ တဲအိမ်တွေ စတင်ဆောက်လုပ်နေတာပါ။
စစ်ကောင်စီဘက်ကတော့ ဒီနေ့အထိ အကူအညီပေးတာမရှိဘူးလို့ တိမ်ညိုစစ်ဘေးဒုက္ခသည်စခန်း တာဝန်ခံ ဦးစိုးနိုင်က RFA ကို ပြောပါတယ်။
“အားပေးတာလည်းမရှိဘူး။ ကန့်ကွက်တာလည်းမရှိဘူး သူတို့က။ ကူညီထောက်ပံ့တာလည်းမရှိဘူး။ ကျွန်တော်တို့ဆောက်နေတာကတော့ ပုဂ္ဂလိကအလှူရှင်တို့၊ NGOတို့၊ နိုင်ငံတကာအလှူရှင်တို့ နိုင်ငံခြား ကိုရောက်နေတဲ့ ရခိုင်မိသားစုတွေပေ့ါ။ သူတို့က ကျွန်တော်တို့ကို ပိုက်ဆံလှမ်းထောက်ပံ့တာတို့ လူကိုယ် တိုင် လာထောက်ပံ့တာတို့ အဲဒါတွေတော့ရှိပါတယ်”
တိမ်ညိုစစ်ဘေးဒုက္ခသည်စခန်းမှာ ပြီးခဲ့တဲ့မတ်လ ၁၇ ရက်နေ့ကညက ပေါ့ဆမီးကြောင့် မိသားစုတွေ နေထိုင်တဲ့ အခန်း ၈၇၅ ခန်းထဲက ၆၆၃ ခန်း မီးလောင်သွားတာဖြစ်ပါတယ်။
မီးဘေးသင့် စစ်ဘေးဒုက္ခသည် ၂၅၀၀ ကျော်ကတော့ တိမ်ညိုကျေးရွာ ဘုန်းကြီးကျောင်းဝင်းနဲ့ ကျောင်းပြင် တွေမှာ တာပေါ်လင်စတွေနဲ့ ဖြစ်သလိုယာယီတဲတွေထိုးပြီး နေထိုင်နေထိုင်နေကြရတာပါ။
အခုလက်ရှိ အလှူရှင်တွေရဲ့ အကူအညီနဲ့ အဲဒီမီးလောင်သွားတဲ့နေရာမှာ အခန်း ၁၀၀ ကျော် ဆောက်လုပ် ပြီးစီးသွားပြီဖြစ်ပါတယ်။
ဆောက်လုပ်ရမယ့် အခန်းပေါင်း ၆၆၃ အခန်းအနက် အခန်း ၃၀၀ ကျော်အတွက်ပဲ ရန်ပုံငွေရှိတာကြောင့် နောက်ထပ် အခန်းပေါင်း ၃၀၀ ကျော်အတွက် ဆောက်ဖို့ ငွေကြေးအခက်အခဲဖြစ်နေတယ်လို့လည်း စခန်းတာဝန်ခံ ဦးစိုးနိုင်က ဆိုပါတယ်။
မီးဘေးသင့် စစ်ဘေးဒုက္ခသည်တစ်ဦးဖြစ်တဲ့ ဘူးရွက်မညိုးကျေးရွာက စစ်ဘေးဒုက္ခသည် မအေးအေးက ပြီးခဲ့တဲ့ရက်ပိုင်းက မိုးရွာခဲ့တာကြောင့် မိုးပြင်ထဲမှာနေထိုင်ခဲ့ရပြီး နေထိုင်ရေးအခက်အခဲဖြစ်နေတဲ့အတွက် စစ်ကောင်စီအနေနဲ့ အကူအညီပေးစေလိုတယ်လို့ RFA ကိုပြောပါတယ်။
“ဒုက္ခရောက်တာပေ့ါ။ တာပေါ်လင်စတွေနဲ့ တဲဆောက်ပြီးတော့ နေရတာဆိုတော့ မိုးရွာတဲ့အခါကျတော့ အကုန်လုံးစိုကုန်တယ်လေ။ ဒါပေမဲ့ ဖြစ်သလိုနေရတာပေါ့။ မိုးတွေလည်းစိုတယ်။ ကျောင်းကိုလည်း ဆရာတော်မှာ သန့်ရှင်းရေးလုပ်မယ်ဆိုတော့ ကျွန်မတို့အပြင်မှာ အခက်အခဲအရမ်းတွေ့နေတယ်။ အဲဒါ ကြောင့် မိုးပြင်မှာပဲ ကျွန်မတို့တစ်နေ့နေလိုက်ရပါတယ်။ သူတို့အထက်ကလူကြီးတွေ ကူညီမှဖြစ်မှာမို့လို့ သူတို့တွေကိုကူညီစေချင်ပါတယ်”
အလားတူ မီးဘေးဒုက္ခသည်တစ်ဦးဖြစ်တဲ့ မြောက်ဦးမြို့နယ် ပေါက်ပင်ကွင်းကျေးရွာက ဒေါ်သာနုဖြူကလည်း အခုလက်ရှိဒုက္ခသည်စခန်းမှာ အခက်အခဲနဲ့နေထိုင်နေရပေမယ့် နေရပ်ကိုမပြန်ရဲတဲ့အတွက် အကူအညီပေးဖို့ မေတ္တာရပ်ခံတယ်လို့ RFA ကိုပြောပါတယ်။
“အန်တီတို့ကတော့နေရပ်ကိုပြန်လို့အခြေအနေမကောင်းဘူး။ အဲဒါကြောင့် အန်တီတို့ကတော့နေရပ်ကို မပြန်ဘူးလို့ဆုံးဖြတ်ထားတယ်လေ။ လက်နက်ကိုင်တွေအကုန်လုံးကိုကြောက်လန့်ပြီးတော့မပြန်ရဲတာက တစ်မျိုး စားရေးသောက်ရေး၊ နေရေးထိုင်ရေး၊ ဝတ်ရေးကအစဘယ်လိုမှအဆင်မပြေပါဘူး။ အဲဒါကြောင့် မပြန်ရဲပါဘူး။ နေရတာကတော့ဘယ်လိုမှမဆင်မပြေပါဘူးရှင့်။ အထက်ကလူကြီးတွေကို ကျွန်မတို့ကကို အဆင်ပြေသလိုလက်ဆက်ကူညီပေးပါလို့မေတ္တာရပ်ခံချင်ပါတယ်”
စခန်းပြန်ဆောက်ရေးအတွက် စစ်ကောင်စီက အကူအညီမပေးပေမယ့် စခန်းကိုပြန်ဆောက်ပြီးတဲ့အခါမှာ တော့ အရင်လိုရိက္ခာတွေ ထောက်ပံ့ပေးဖို့ လိုအပ်တယ်လို့ ရခိုင်တိုင်းရင်းသားမျိုးနွယ်များ အစည်းအရုံး အတွင်းရေးမှူး ကိုဇော်ဇော်ထွန်း က ထောက်ပြပါတယ်။
“ကောင်စီကတော့ ပြည်နယ်စစ်ဘေးဒုက္ခသည်စခန်းကို အဲဒီမီးလောင်သွားတဲ့နေရာတွေမှာ ပြန်လည် တည်ဆောက်ဖို့ကို သူတို့ကတော့ သဘောမတွေ့ဘူးပေ့ါနော်။ ဒါကြောင့်မို့လို့ သူတို့ကတော့ ကူညီပေး နိုင်မှာ မဟုတ်ဘူးလို့ အပြတ်ပြောတာဆိုတော့ သူတို့ဆီကတော့ အကူအညီမရတော့ဘူးပေ့ါ။ ဒါပေမဲ့ စစ်ကောင်စီအနေနဲ့ ပြန်လည်ဆောက်လုပ်နေထိုင်တဲ့အခါမှာတော့ စစ်ဘေးဒုက္ခသည်စခန်းတစ်ခုအနေနဲ့ အသိအမှတ်ပြုပေးဖို့တော့လိုတာပေါ့။ နောက်ပြီးတော့ တခြားစခန်းတွေကို ကူညီထောက်ပံ့တဲ့ အစီ အစဉ်အတိုင်း ဆက်လက်ထောက်ပံ့ပေးဖို့ကို လိုတာပေါ့နော်။ ဆိုလိုချင်တာကတော့ တိမ်ညိုစစ်ဘေး ဒုက္ခသည်စခန်း ပြန်ဆောက်ပြီးတဲ့အချိန်မှာ ပြန်ပြီးတော့ အသိအမှတ်ပြုပေးဖို့ လိုပါတယ်ခင်ဗျ”
ဒီကိစ္စနဲ့ပတ်သက်လို့ ရခိုင်ပြည်နယ် စီမံအုပ်ချုပ်ရေးကောင်စီဝင်တချို့ကို RFA က ဆက်သွယ်မေးမြန်း ခဲ့ပေမယ့် တစ်စုံတစ်ရာ ဖြေကြားတာမရှိပါဘူး။
တိမ်ညိုစစ်ဘေးဒုက္ခသည်စခန်း မီးလောင်ပြီး နောက်တစ်ရက်နေ့ မတ်လ ၁၈ ရက်နေ့ကတော့ ရခိုင်ပြည်နယ် စီမံအုပ်ချုပ်ရေးကောင်စီက ဒုက္ခသည်တွေနဲ့ တွေ့ဆုံစဉ် ဒုက္ခသည်တွေနေရပ်ကိုပြန်မယ်ဆိုရင် ရိက္ခာတစ်လ စာနဲ့ ပျက်စီးသွားတဲ့အိမ်တွေကို ပြန်လည်ပြုပြင်ပေးသွားမှာဖြစ်ပြီး မိုင်းရှင်းလင်းရေးကိုလည်း သူတို့တာဝန် ယူပေးမယ့်အကြောင်း ပြောဆိုခဲ့တယ်လို့ ဒုက္ခသည်တွေကပြောပါတယ်။
ဒါပေမဲ့ ရက္ခိုင့်တပ်တော် AA နဲ့ တပ်မတော်တို့အကြား အခုအချိန်မှာ တိုက်ပွဲတွေရပ်စဲနေပေမယ့် နောက်ထပ် မဖြစ်တော့ဘူးလို့ ယုံကြည်စိတ်ချလို့မရသေးတာ၊ အိမ်တွေကို ပြန်မဆောက်ရသေးတာတွေကြောင့် ဒုက္ခသည် တွေက နေရပ်ပြန်ဖို့ ငြင်းဆန်နေကြတာပါ။
တိမ်ညိုစစ်ဘေးဒုက္ခသည်စခန်းဟာ တပ်မတော်နဲ့ ရက္ခိုင့်တပ်တော် AA တို့ စစ်ရေးပဋိပက္ခတွေကြောင့် ပြီးခဲ့တဲ့ ၂၀၁၉ ခုနှစ် နှစ်ဆန်းပိုင်းကစလို့ တည်ဆောက်ခဲ့တာပါ။ အဲဒီတုန်းကလည်း ဝန်ကြီးချုပ် ဦးညီပု ဦးဆောင်တဲ့ ရခိုင်ပြည်နယ်အစိုးရအဖွဲ့က စခန်းတည်ဆောက်ဖို့ တစ်စုံတရာမပေးခဲ့တာကြောင့် အခုလိုပဲ အလှူရှင်တွေရဲ့ အကူအညီနဲ့ ကိုယ်ထူကိုယ်ထ ဆောက်လုပ်နေထိုင်ခဲ့ရတာပါ။
အဲဒီတိမ်ညိုစစ်ဘေးဒုက္ခသည်စခန်းမှာ လက္ကာ၊ ပေါက်တောပြင်၊ ပေါက်ပင်ကွင်း၊ ဝေသာလီစတဲ့ ကျေးရွာတွေအပါအဝင် မြောက်ဦးမြို့နယ်က ကျေးရွာပေါင်း ၁၃ ရွာက ဒုက္ခသည် ၃၃၀၀ ကျော်ခိုလှုံနေတဲ့ စစ်ဘေးဒုက္ခသည်စခန်းဖြစ်ပါတယ်။
https://www.facebook.com/rfaburmese/posts/10160984768168128
https://www.rfa.org/burmese/news/tain-nyo-refugees-helpless-04082021074658.html