By Development Media Group (DMG) / 2021 April 1
မီးလောင်ပျက်စီးသွားသည့် တိမ်ညိုစစ်ရှောင်စခန်း၌ ပျက်စီးသွားသည့် နေအိမ်များနေရာတွင် ပြည်တွင်း၊ ပြည်ပ အလှူရှင်များထံမှ လှူဒါန်းငွေများဖြင့် လူနေအိမ် ၁၉၅ လုံးကို စတင်တည်ဆောက်နေပြီဖြစ်ကြောင်း လူမှုရေးလုပ်ငန်းများ ဆောင်ရွက်နေသည့် စာရေးဆရာဝေဟင်အောင်ကပြောသည်။
မီးလောင်ပျက်စီးသွားသည့် နေအိမ်များကို မတ်လ ၃၀ ရက်နေ့က စတင်ပြီး ကျေးရွာများအလိုက်ခွဲကာ အသုတ်လိုက်တည်ဆောက်ပေးသွားမည်ဖြစ်ကာ ပထမအသုတ်အနေဖြင့် မြောက်ဦးမြို့နယ်၊ အောက်သားကန်ကျေးရွာသားများအတွက် တည်ဆောက်နေကြောင်း ပြောသည်။
“အောက်သားကန်ရွာသားတွေအတွက် အရင်ဆုံးဆောက်တာ၊ ၁၉၅ မိသားစုအတွက်ပေါ့။ နဂိုမီးလောင်သွားတဲ့ နေရာမှာပဲ ပြန်ဆောက်တာ”ဟု စာရေးဆရာဝေဟင်အောင်ကပြောသည်။
ဆောက်လုပ်မည့် နေအိမ် ၁ လုံးလျှင် ငွေကျပ် ၂၀၀၀၀၀ နှုန်းဖြင့် တည်ဆောက်ပေးနေခြင်းဖြစ်ကာ လက်ရှိ နေအိမ် ၁၉၅ လုံးအတွက် ငွေကျပ်သိန်း ၃၉၀ ကုန်ကျမည်ဖြစ်ကာ နေအိမ်အားလုံးကိုဧပြီလအတွင်းမှာ အပြီး တည်ဆောက်သွားမည်ဖြစ်ကြောင်းလည်းသိရသည်။
တိမ်ညိုစစ်ရှောင်စခန်းမှ နေအိမ်များပြန်လည်တည်ဆောက်ရေးအတွက် စာရေးဆရာဝေဟင်အောင်ထံသို့ ပြည်တွင်း၊ ပြည်ပအလှူရှင်များမှ လှူဒါန်းငွေမှာ စုစုပေါင်း ၁၂၁၅ သိန်းရှိပြီး နေအိမ်အားလုံး တည်ဆောက်ရေးအတွက် ငွေကြေးပမာဏမှာလည်း ပြည့်စုံသည့် အဆင့်ကိုရောက်ရှိနေပြီဟု လည်း စာရေးဆရာဝေဟင်အောင်ကပြောသည်။
အိမ်က တစ်အိမ်ကို နှစ်သိန်းဆိုရင် စခန်းကော်မတီမှာလည်း သိန်း ၆၀၀ နီးပါးရှိတယ်ဆိုတော့ အခုလောလောဆယ်အခင်းအကျင်းကတော့ ဆောက်နိုင်လောက်တဲ့ အခင်းအကျင်းကိုရောက်သွားပြီလို့ ပြောလို့ရတယ်”ဟု ဆိုသည်။
ရခိုင်တွင်ပြီးခဲ့သည့်နှစ်များက တိုက်ပွဲများကြောင့် ဒေသခံများစွာထွက်ပြေးတိမ်ရှောင်ခဲ့ရပြီး ယင်းအထဲတွင် တိမ်ညို ကျေးရွာစစ်ရှောင်များစခန်း၌ အောက်သားကန်၊ လက္ကာ၊ ပေါက်ပင်ကွင်း၊ ဘူးရွက်မညိုးအပါဝင် ကျေးရွာ ပေါင်း ၁၀ ရွာမှ စစ်ရှောင်များခိုလှုံနေခြင်းဖြစ်ပြီး လူဦးရေ ၂၅၆၀ ဦးရှိသည်။
တိမ်ညိုစစ်ရှောင်စခန်းတွင် ယာယီတဲအိမ်ပေါင်း ၈၇၅ လုံးရှိသည့်အနက် ပြီးခဲ့သည့် မတ်လ ၁၇ ရက်နေ့က ဖယောင်းတိုင်မီးမှတဆင့်မီးလောင်ကျွမ်းမှုဖြစ်ပွားခဲ့ရာ နေအိမ် ၆၆၃ ဆောင်ပျက်စီးခဲ့ရသည်။
https://www.facebook.com/466648543487562/posts/1980013118817756/