မီးရှို့ခံလိုက်ရသည့် တင်းမကြီးကျေးရွာ၌ အိမ်ခြေ ၁၃၂ လုံးပျက်စီးဆုံးရှုံး

By Western News/ 2021 April 27

မီးရှို့ခံရသည့်တင်းမကျေးရွာသို့ ကျေးရွာသားများနှင့် လွတ်တော်ကိုယ်စားလှယ်များ အဆိုပါအိမ်ခြေများမီးလောင်စာရင်းကို ရယူနိုင်ရန်အတွက် ယခုနှစ် မတ်လ ၂၃ ရက်နေ့က ကိုယ်တိုင်သွားရောက်ကာ စာရင်းယူခဲ့ကြသည်။

ရခိုင်ပြည်နယ်၊ ကျောက်တော်မြို့နယ်၌ မီရှို့ခံလိုက်ရသည့်တင်းမကြီးကျေးရွာ၌ အိမ်ခြေ ၁၃၂ လုံးပျက်စီးရှို့ ခံလိုက်ရသည်ဟု သွားရောက်ကြည့်ရှု့ခဲ့သည့်ကျေးရွာသားများကပြောသည်။

ပြီးခဲ့သည့် ၂၀၂၀ ခုနှစ် မတ်လအတွင်းက တင်းမကြီးကျေးရွာအနီးရှိ တောင်ခြေတောင်ပေါ်၌ တပ်စွဲထားသည့် တပ်မ ၅၅ မှ တပ်မတော်သားများက ကျေးရွာအတွင်းသို့ရောက်ရှိလာခဲ့သည်ဟု ကျေးရွာသားများကပြောဆိုသည်။ ယင်းနောက်တွင် နေအိမ်များမီးရှို့ ခံလိုက်ရခြင်းဖြစ်ပြီး ကျေးရွာများမှာလည်း ဖမ်းဆီးခေါ်ဆောင်သွားခြင်းကိုခံလိုက်ရသည်ဟု တင်းမကြီးကျေးရွာကျောင်းထိုင် ဆရာတော်က Western News သို့မိန့်သည်။

“ မတ်လအတွင်းက တင်းမကြီးကျေးရွာကိုစစ်သားတွေဝင်လာတယ်။ ဦးဇင်းတို့ရွာကို မီးရှို့သွားတာ။ ရွာကလူတွေကိုလည်းဖမ်းဆီးသွားတယ်။ ဦးဇင်းတို့မျက်စိရှေ့ကကို ဖမ်းဆီးသွားတာ။ မီးရှို့သွားတာ”ဟုဆရာတော်က မိန့်သည်။

အဆိုပါတင်းမကြီးကျေးရွာတွင် အိမ်ခြေ ၅၈၅ ဆောင်ရှိပြီး ၎င်းတို့ထဲမှ ၁၃၂ ဆောင်မှာမီးရှို့ခံလိုက်ရခြင်းဖြစ်သည်။ ယင်းအပြင် ကျေးရွာအတွင်းရှိ ကျောင်း၊ သိမ်၊ ဓမ္မာရုံ၊ စေတီဘုရားများမှာလည်း လက်နက်ကြီးကျ၍ ပျက်စီးသွားခဲ့ရသည်ဟု ဆရာ‌တော်ကမိန့်သည်။

အဆိုပါအိမ်ခြေများမီးလောင်စာရင်းကို ရယူနိုင်ရန်အတွက် ယခုနှစ်မတ်လ ၂၃ ရက်နေ့က တင်းမကြီးကျေးရွာမှ ဦးစောသိန်း၊ ဦးမောင်ထွန်းမြင့်၊ ဦးဇော်မောင်၊ ဦးမောင်အေးလှ၊ ဦးမောင်မြသန်းနှင့် ကျောက်တော်မြို့နယ် လွှတ်တော်ကိုယ်စားလှယ်ဟောင်း ဦးဦးထွန်းဝင်းတို့က ကိုယ်တိုင်သွားရောက်ကာ စာရင်းယူခဲ့ခြင်းဖြစ်သည်။

ယင်းဖြစ်စဉ်ကိုအသေးစိတ်သိရှိနိုင်ရန် ဧပြီ ၂၇ ရက်နေ့ ယနေ့ ညပိုင်းတွင် ရခိုင််ပြည်နယ်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင် ဗိုလ်မှူးကြီး မင်းသန့်သို့ ဆက်သွယ်ခဲ့သော်လည်း ဖုန်းလက်ခံဖြေဆိုခဲ့ခြင်းမရှိခဲ့ပါ။

တင်းမကြီးကျေးရွာသို့ကိုယ်တိုင်သွားရောက်ခဲ့သူတစ်ဦးဖြစ်သည့် ဦးစောသိန်းက “ ကျွန်တော်တို့က မတ်လ ၂၃ ရက်နေ့ကသွားခဲ့တာ။ ရွာကိုရောက်တော့ ဗိုလ်ကြီးတစ်ယောက်နဲ့တပ်သား ၁၀ ယောက်လောက်ကစောင့်နေကြတယ်။ သူတို့က ကျွန်တော်တို့ကို ခင်ဗျားတို့ ဘယ်ကိုသွားချင်တာလဲ။ ဘာတွေကိုစာရင်းလုပ်ဆောင်တာလည်း မေးတယ်။ ကျွန်တော်တို့က အိမ်တွေမီးလောင်သွားတာကို စာရင်းယူချင်တာလို့ပြောတယ်။ သူတို့လိုက်ပြတယ်။ နေအိမ်တွေက အကုန်လုံးနီးပါးမီးလောင်သွားတာမှာပါသွားတယ်။ အခုကျွန်တော်တို့ရထားတဲ့စာရင်းက တိကျမှု မရှိသေးဘူး။ မီးလောင်သွားတဲ့နေအိမ်တွေဆိုရင် တိုင်တွေသာကျန်ခဲ့တယ်။ စိတ်ပျက်စရာအရမ်းကောင်းတယ် ”ဟု ပြောသည်။

ကျေးရွာအနီးရှိတောင်ရှည်တောင်၌ ယခင်က တပ်မ ၅၅ မှတပ်စွဲထားသော်လည်း လက်ရှိအချိန်တွင် တပ်မ ၅၅ နေရာတွင် စ.က.ခ (၉) တပ်ရင်းမှတပ်စွဲလျက်ရှိသည်ဟု ဦးစောသိန်းကပြောသည်။ ယင်းအပြင် တင်းမကျေးရွာသားများမှာ မိမိတို့ကျေးရွာသို့ပြန်သွားပြီး နေထိုင်နိုင်ရေးအတွက် အချက် ၅ ချက်ကို ရခိုင်ပြည်နယ် စီမံအုပ်ချုပ်ရေး ကောင်စီထံသို့ ယနေ့ ဧပြီ ၂၇ ရက်နေ့တွင် တင်ပြထားကြောင်းဆရာတော်က မိန့်သည်။

“အချက် ၅ ချက်ပါတဲ့ တောင်းဆိုချက်ကိုဦးဇင်းတို့က ပြည်နယ်ကော်င်စီကိုပို့လိုက်ပါတယ်။ ဒီနေ့ ပို့လိုက်တာပါ။ ဒေသခံရွာသားတွေ တောင်းဆိုထားတဲ့ အချက်တွေပါ”ဟုပြောသည်။

အဆိုပါ တောင်းဆိုချက်များမှာ ကျေးရွာအတွင်း မှီခိုလုပ်ကိုင်စားသောက်နေသော လယ်မြေ၊ ယာမြေ၊ တောတောင်များအား မိုင်းနှင့် အခြားစစ်လက်နက်ပစ္စည်း များအားရှင်းလင်းပေးရန်၊ကျေးရွာအတွင်း လုံးဝပျက်/တစ်စိတ်တစ်ပိုင်းပျက်စီးနေသော နေအိမ်များအားပြန်လည်ဆောက်လုပ်ပြုပြင် ပေးရန်နှင့် လတ်တစ်လော လိုအပ်နေသော စားနပ်ရိက္ခာများအား ထောက်ပံ့ပေးရန်၊ တင်းမကျေးရွာအရှေ့ဖက် တောင်ရှည်တောင်တွင်တပ်စွဲထားသည့်တပ်စခန်းမှ တပ်မတော်သားများကကျေးရွာသားများအား တစ်စုံတစ်ရာအနှောက်အယှက်မပေးရန်၊ဖမ်းဆီးခေါ်ဆောင်သွားသည့် တင်းမကျေးရွာ ၁၈ ဦးကို တပ်မ ၅၅ မှ ဖမ်းဆီးသွားခြင်းအပေါ် ထိရောက်သော စုံစမ်းမှုများပြုလုပ်ပေးရန် တောင်းဆိုသည်ဟု ပါရှိသည်။

တပ်မတော်အနေဖြင့် တင်းမကျေးရွာသားများပျောက်ဆုံးနေမှုနှင့် ပတ်သက်ပြီး တစ်စုံတစ်ရာမသိရှိသေးကြောင်း ပြီးခဲ့သည့် ၂၀၂ဝ ခုနှစ် ဒီဇင်ဘာလ ၃၀ ရက်နေ့တွင်ပြုလုပ်သော တပ်မတော်သတင်းမှန်ပြန်ကြား ရေးသတင်းစာရှင်းလင်းပွဲတွင် ဗိုလ်ချုပ်ဇော်မင်းထွန်းက ပြောဆိုခဲ့သည်။

ပြီးခဲ့သည့် ၂၀၂၀ ပြည့်နှစ်မတ်လ ၁၃ ရက်နေ့တွင် တင်းမကျေးရွာအနီးရှိ တောင်ရှည်တောင်ပေါ်၌ တပ်စွဲထားသော တပ်မ ၅၅ မှ တပ်မတော်သားများက ကျေးရွာအတွင်းသို့ဝင်ရောက်လာပြီး တင်းမ(သစ်) ကျေးရွာမှ ၈ ဦးကိုလည်းကောင်း မတ်လ ၁၆ ရက်နေ့တွင် တင်း(မကြီး) ကျေးရွာမှကျေးရွာသား ၁၀ ဦးနှင့် ကျေးရွာဘုန်းတော်ကြီးကျောင်းတွင် အစောင့်အဖြစ်ကျန်ရစ်ခဲ့သူ ၃ ဦးတို့ကို ဖမ်းဆီးခေါ်ဆောင်သွားခြင်းဖြစ် သည်ဟု ကာယကံရှင်မိသားစုဝင်များကအခိုင်အမာ ပြောဆိုကြသည်။

တင်းမ (သစ်) ကျေးရွာမှ ဖမ်းဆီးခံရသူ ၈ ဦးမှာ ဦးမောင်စိန်ကြီး၊ ဦးလှကျော်ကြီး၊ ဦးမောင်ထွန်းစိန်၊ ဦးကျော်ဝင်းမောင်၊ ဦးမောင်သန်းစိုး၊ ဦးစံသာမောင်၊ ဦးမောင်မြအေးနှင့် ဦးစောရွှေသန်းတို့ဖြစ်သည်။ ထို့အတူ တင်းမ (ကြီး) ကျေးရွာမှ ၁၀ ဦးနှင့် ဘုန်းတော်ကြီးကျောင်းတွင် အစောင့်အဖြစ်ကျန်ရစ်ခဲ့သူ ၃ ဦးတို့မှာ ဦးမောင်ကြည်လင်း၊ ကိုနေလင်းဦး၊ ဦးမောင်ဝင်းကြီး၊ ဦးမောင်ဝင်းချေ၊ ဦးမောင်စိန်ဝင်း၊ ဦးအောင်ညွှန့်၊ မောင်ထွန်းထွန်းဝင်း၊ ဦးယဉ်မောင်၊ ဦးသန်းမောင်ထွန်း၊ ဦးထွန်းမောင်ဝင်း၊ ဦးထိပ်စု၊ ဦးအောင်သာဘန်းနှင့် ဦးဇော်မျိုးနိုင်တို့ဖြစ်သည်။

https://www.facebook.com/westernnewsagency/posts/279110637228781

Leave a Reply

Your email address will not be published.