မာန်အောင်လေယာဉ်ကွင်းအနီးရှိ နေအိမ်နှစ်လုံး၏ ပိုင်ရှင်များကို တစ်ပတ်အတွင်းဖယ်ရှားပေးရန် ဖိအားပေးဟုဆို

By Narinjara/ 2021 April 22

ချစ်အိလှိုင်

ရခိုင်ပြည်နယ်၊ မာန်အောင်မြို့နယ်၊ စမုံတဲလေယာဉ်ကွင်းအနီးမှ နေအိမ်နှစ်လုံး၏ ပိုင်ရှင်များမှာ ယင်းနေရာမှ တစ်ပတ်အတွင်းဖယ်ရှားပေးရန် ဖိအားပေးခံနေရသည်ဟု ကာယကံရှင်က ပြောဆိုသည်။

မဖယ်ရှားပါက အမှုဖွင့်ဖမ်းဆီးရန်အထိ ဖိအားပေးခံနေရကြောင်း မြေပိုင်ရှင်ဖြစ်သူ ဦးသာနီ၏သား ကိုသိန်းစိုးလင်းက ပြောသည်။

“ကျွန်တော်တို့ဒီနေရာမှာနေတာ နှစ်ပေါင်း ၁၅ဝ ကျော်ပါပြီ။ ဘိုးဘွားပိုင်မြေ၊ ပုံစံ ၇ လည်းရှိပါတယ်။ ဒီနေ့လည်းထပ်ပြီး စာထုတ်တယ်။ တရားစွဲမယ်ပေါ့။ ပုဒ်မ ၃၆ နဲ့ထောင် ၂ နှစ်ချပစ်မယ်လို့ပြောတယ်။ ကျွန်တော်တို့ အတော်လေး အခက်အခဲဖြစ်နေပါပြီ။ အရင်က လျှော်ကြေးငွေပေးဖို့ပြောဖူးပေမယ့် အခုတစ်ခါကျတော့ လျော်ကြေးငွေမပြောနဲ့ တရားစွဲပါခံရတာပါပဲ” ဟုပြောသည်။

ဦးဖြူသီးခိုင်ပိုင်ဆိုင်သည့်သိမ်ကုန်ကွင်း၊ ဦးပိုင်အမှတ်(၄၂) ဥယာဉ်ခြံမြေ ၀ ဒဿမ ၇ဝ ဧကအား အစိုးရမှ လျော်ကြေးငွေမှာ (၇) သိန်းခန့်သာပေးပြီး အိမ်၊ ခြံ၊ သီးပင်၊ စားပင်များအတွက် (၅၁၄၈၃ဝဝ) ကျပ်ပေးခဲ့ကြောင်း၊ ဦးသာနီ ပိုင်ဆိုင်သည့်ကွင်းအမှတ်(၈၆၄)၊ သိမ်ကုန်ကွင်း မြေ ဝ ဒဿမ ၉၅ ဧကနှင့် အိမ်၊ ခြံ၊ သီးပင်၊ စားပင်တို့အတွက် ငွေ သိန်း ၁ဝဝ ကျပ် လျော်ကြေးပေးခဲ့သည်ဟု ၎င်းက ပြောကြားသည်။

၎င်းလျော်ကြေးကို ဦးသာနီနှင့် ဦးဖြူသီးခိုင်တို့က လက်မခံ၍ လွန်ခဲ့သည့် ၂ဝ၁၅ ခုနှစ်က အမှုဖွင့် တရားစွဲဆိုခံရပြီး ၂၀၁၈ ခုနှစ်အတွင်းက ထောင် (၇)လ ကျခံခဲ့ရသည်ဟု ပြောသည်။

အဆိုပါကိစ္စနှင့် ပတ်သက်၍ မာန်အောင်မြို့နယ်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ ဦးကျန်အေးက “ ဒါက တရားဥပဒေနဲ့ အညီလုပ်နေတာ။ ဘာမှပြောစရာမရှိဘူး။ နှစ်ပေါင်း ၂ဝဝ ရှိနေပါစေ။ ဥပဒေအတိုင်းသာဆောင်ရွက်သွားမှာဖြစ်တယ်” ဟုပြောသည်။

အဆိုပါမာန်အောင်မြို့စမုံတဲလယ်ယာဉ်ကွင်းတိုးချဲ့ရာတွင် မြေပါသွားသူ ၃၂ ဦးရှိသည့်အနက် ဦးဖြူသီးနှင့် ဦးဖြူသီးခိုင်တို့နှစ်ဦးမှာလျော်ကြေးငွေ လက်မခံခဲ့သဖြင့် မာန်အောင်မြို့နယ်တရားရုံးမှ လယ်ကွင်းပေါ် အိမ်ဆောက်သည်ဟု ဆိုကာ ပုဒ်မ (၃၅)ဖြင့် ၂၀၁၈ ခုနှစ် မတ်လ ၂၁ ရက်နေ့က ထောင် ၇ လ ချမှတ်ခဲ့ရခြင်းဖြစ်ကြောင်း သိရသည်။

အဆိုပါကိစ္စနှင့်ပတ်သက်၍ ၂ဝ၁၈ ခုနစ် သြဂုတ်လ ၂၁ ရက်နေ့က ရခိုင်ပြည်နယ်လွှတ်တော်တွင် မာန်အောင်မြို့နယ် ပြည်နယ်လွှတ်တော် ကိုယ်စားလှယ် ဦးသိမ်းမောင်က ကာလပေါက်စျေး ငွေပေး/ မပေးနှင့် ပတ်သက်၍ မေးခွန်းမေးမြန်ခဲ့ရာ ရခိုင်ပြည်နယ်အစိုးရအဖွဲ့ ဝင် စိုက်ပျိုးရေး၊ မွေးမြူရေး၊ သစ်တောနှင့် သတ္တုဝန်ကြီးဟောင်း ဦးကျော်လွင်က ပေးရန်အစီစဉ်မရှိကြောင်း ပြောဆိုခဲ့သည်။

https://www.facebook.com/narinjara.info/posts/4248565118488866

Leave a Reply

Your email address will not be published.