By Western News/ 2021 April 27
ရခိုင်ပြည်နယ်၊ ကျောက်တော်မြို့နယ်ရှိ၊ မဟာမြတ်မုနိဘုရားပရဝုဏ်အတွင်းတွင် ဧပြီ ၂၆ ရက်နေ့ ယမနန်နေ့ ညနေ ၄ နာရီခန့်က တတိယဓညဝတီခေတ် ရခိုင့်ဘုရင်စန္ဒသူရိယမင်း ဟုယူဆရသော ရုပ်ထုတစ်ခုကိုတွေ့ရှိကြောင်း ဘုရားဂေါပကအဖွဲ့များက ပြောသည်။
ဧပြီလ ၂၆ ရက်နေ့ ညနေပိုင်းက မဟာမုနိဘုရားပုရဝုဏ်အတွင်းရှိ မြောက်ဖက်ဆင်းလမ်းစောင်းတန်း အရှေ့ဖက်တွင် အဆိုပါရုပ်ထု၏ ဦးခေါင်းအနည်းငယ်ပေါ်နေရာကို အလုပ်သမားတစ်ချို့ တွေ့စဉ်တူးဖော်ကြည့်ရာမှ ယခုကဲ့သို့ ထွက်ပေါ်လာခြင်းဖြစ်ကြောင်း မဟာမြတ်မုနိဂေါပကအဖွဲ့မှ ဥက္ကဌဦးသာလှအောင်က Western News သို့ပြောသည်။
“လက်ရှိပြုပြင်ရေးတွေလုပ်နေတဲ့ အလုပ်သမားတွေကရုပ်ထုကမြေပေါ်မှာ အနည်းငယ်ပေါ်နေတာကို တွေ့လို့ ဆက်ပြီးတူးလိုက်တဲ့ အခါ ပေါ်လာတာပါ။ အဲ့ဒီရုပ်ထုကို မြောက်ဖက်ဆင်းလမ်းစောင်းတန်းရဲ့ အရှေ့ဖက်မှာ တူးဖော်ရရှိတာပါ။ တစ်ချို့က စန္ဒသူရိယမင်းကြီး အရုပ်ဆိုပြီးပြောနေကြတယ်။
ကျွန်တော်လည်းသေချာကြည့်ရဦးမယ်။ သက်တမ်းတွေ ဘယ်လောက်ထိရှိနေပြီဆိုတာ ကြည့်ရဦးမယ်”ဟုပြောသည်။
အဆိုပါ ရုပ်ထုနှင့် ပတ်သတ်၍ မဟာမုနိဆရာတော်ကြီး၏ သြဝါဒခံယူကာ သက်ဆိုင်ရာဌာနဆိုင်ရာများနှင့် ဆွေးနွေးညှိနှိုင်း၍ မည်သို့ ဆက်လက်လုပ်ဆောင်မည်ကိုဆုံးဖြတ်သွားမည်ဖြစ်ကြောင်း ဦးသာလှအောင်ကပြောသည်။
https://www.facebook.com/westernnewsagency/posts/278965130576665