ပျောက်ဆုံးနေသည့် တင်းမကျေးရွာသား ၁၈ ဦး၏ စစ်ဆေးတွေ့ရှိချက် ၃ လခန့်ကြာ အကြောင်းပြန်မလာသေး

By Western News/ 2021 April 24

ရခိုင်ပြည်နယ်၊ ကျောက်တော်မြို့နယ်၊ တင်းမကျေးရွာမှ တစ်နှစ်‌ကျော်ကြာပျောက်ဆုံးနေသော ရွာသား ၁၈ ဦး၏ ကိစ္စကို စုံစမ်း စစ်ဆေးရေးအဖွဲ့က စစ်ဆေးခဲ့ပြီးနောက်စစ်ဆေးတွေ့ရှိချက်များအား စုံစမ်းစစ်ဆေးရေးအဖွဲ့၏ ဥက္ကဌဖြစ်သည့် မြောက်ဦးခရိုင် အုပ်ချုပ်ရေးမှူးထံသို့တင်ပြထားသည်မှာ ၃ လခန့်ကြာ မြင့်နေပြီဖြစ်သည်။

သို့သော်လည်း တင်ပြထားသည့်စစ်ဆေးချက်များနှင့်ပတ်သက်၍ ၃ လခန့်ကြာမြင့်လာသည်အထိ စုံစမ်းစစ်ဆေးရေးအဖွဲ့၏ ဥက္ကဌ ဖြစ်သည့် မြောက်ဦးခရိုင်အုပ်ချုပ်ရေးမှူးက တစ်စုံတစ်ရာအကြောင်းကြားလာခြင်းမရှိသည်မှာ လက်ရှိအချိန်ထိဖြစ်သည်ဟု မိသားစုဝင်များက ပြောဆိုကြသည်။

တင်းမကျေးရွာသားများ ပျောက်ဆုံးနေသည့်ကိစ္စကိုစစ်ဆေးနိုင်ရန်အတွက် စုံစမ်းစစ်ဆေးရေးအဖွဲ့တစ်ခုကို ၂၀၂၁ ခုနှစ် ဇန်နဝါရီလ ၆ ရက်နေ့တွင်ဖွဲ့စည်းခဲ့သည်။ ယင်းအဖွဲ့တွင် ကျောက်တော်မြို့နယ်အုပ်ချုပ်ရေးမှူး၊ ကျောက်တော်မြို့မရဲတပ်ဖွဲ့မှ ရဲမှူး၊ တင်းမကျေးရွာမှ ဦးထွန်းသိန်း၊ မြောက်ဦးခရိုင်အုပ်ချုပ်ရေးမှူးတို့ပါဝင်ကြသည်။

ယင်းအပြင် စုံစမ်းစစ်ဆေးရေးအဖွဲ့အနေဖြင့် ဇန်နဝါရီလ ၂၃ ရက်နေ့တွင် ပျောက်ဆုံးသွားသူများထဲမှ ၆ ဦး၏ မိသားစုဝင်များကို စတင်စစ်ဆေးခဲ့ပြီး ဇန်နဝါရီလ ၂၄ ရက်နေ့တွင် ပျောက်ဆုံးသွားသူ ၁၃ ဦး၏ မိသားစုဝင်များကို ကျောက်တော်မြို့နယ်အထွေအထွေ အုပ်ချုပ်ရေးမှူးရုံး၌ စစ်ဆေးခဲ့ခြင်းဖြစ်သည်။

စစ်ဆေးရေးအဖွဲ့ဝင်ဖြစ်သည့် ကျောက်တော်မြို့နယ်အုပ်ချုပ်ရေးမှူး ဦးကျော်ဝင်းက ပျောက်ဆုံးနေသော တင်းမကျေးရွာသားများ၏ မိသားစုဝင်များကိုစစ်ဆေးစဉ်၌ ရရှိလာသည့် စစ်ဆေးတွေ့ရှိချက်များကို မြောက်ဦး ခရိုင်အုပ်ချုပ်ရေးမှူးထံသို့ တင်ပြထားပြီဖြစ်ကြောင်း Western News သို့ပြောသည်။

“ကျွန်တော်တို့က ပို့ထားပြီးပြီဗျ။ ဘာတွေဆက်လုပ်သွားဖို့အစီအစဉ်ရှိဆိုတာကတော့ သူတို့ဆီကညွှန်ကြားချက်လာမှ လုပ်ရမှာပေါ့။ ကျွန်တော်တို့က တင်ပေးလိုက်ပြီဆိုတော့ တပ်ပိုင်းဆိုင်ရာကပဲဖော်ထုတ်ရမှာပေါ့။ သူတို့(ဖမ်းဆီးခံရသည့်မိသားစုဝင်များ)ပြောတဲ့ တပ်က ဖမ်းဆီးခေါ်ဆောင်သွားတယ်ဆိုတာကလည်း တပ်ရဲ့အဆုံးအဖြတ်ပဲရှိမှာပေါ့”ဟုပြောသည်။

ယင်းအပြင် စစ်ဆေးတွေ့ရှိချက်များကိုမြောက်ဦးခရိုင်စီမံအုပ်ချုပ်ရေးထံတင်ပြထားသည်မှာ ၃ လခန့်ကြာမြင့်နေပြီဖြစ်သော်လည်း ၎င်းတို့ဖက်မှ တင်ပြချက်များနှင့်ပတ်သက်၍ လက်ရှိအချိန်ထိ တစ်စုံတစ်ရာအကြောင်းပြန်လာခြင်း မရှိသေးကြောင်း စစ်ဆေးရေးအဖွဲ့ဖြစ်သည့် ဦးထွန်းသိန်းက ပြောသည်။

တင်မကျေးရွာမှပျောက်ဆုံးနေသူမှာ ၂၁ ဦးရှိသော်လည်း ပျောက်ဆုံးနေသူ ၃ ဦးမှာ သက်သေအထောက်အထားမရှိဟုဆိုကာ မစစ်ဆေးခဲ့ဘဲ ၁၈ ဦးကိုသာစစ်ဆေးခဲ့သည်ဟု ဦးထွန်းသိန်းကပြောသည်။

” စုစုပေါင်းပျောက်ဆုံးနေသူ ၂၁ ဦးမှာ ၁၈ ဦးကိုပဲ စစ်ဆေးခဲ့တယ်။ ကျန်တဲ့ ၃ ယောက်(ဦးထိပ်စု၊ ဦးအောင်သာဘန်း၊ ကိုနေလင်းဦး) မှာက ဖမ်းသွားတဲ့အထောက်အထားတွေမရှိလို့ဆိုပြီးမစစ်ခဲ့ဘူး။ စစ်ဆေးတွေ့ရှိချက်တွေကို ကျွန်တော်တို့လက်မှတ်ထိုးပြီးတော့ ခရိုင်ကိုပို့လိုက်တယ်။ ပို့လိုက်ပြီးနောက်ပိုင်းမှာတော့ ဘာတစ်ခုမှအကြောင်းပြန်တာလဲမရှိဘူး။ အခုဆိုရင် ၃ လလောက်ရှိပြီ။ ဘာမှမထူးသေးဘူး “ဟုပြောသည်။

ထို့အပြင် ပျောက်ဆုံးနေသူ ဦးမောင်ကြည်လင်း၏ သမီးဖြစ်သူ မခိုင်မြတ်လင်းကလည်း ” စုံစမ်းစစ်ဆေးရေး အဖွဲ့က ကျွန်မတို့ကို အခုချိန်ထိအကြောင်းပြန်တာမရှိသေးပါဘူး။ ကျွန်မကတော့ ဖမ်းဆီးသွားတဲ့ ကျွန်မအဖေအပါအဝင် ဖမ်းဆီးခံရသူအားလုံးကို လွှတ်ပေးစေချင်တယ်။ ဖမ်းသွားတာကလည်းတစ်နှစ်ကျော်နေပြီ”ဟုပြောသည်။

အဆိုပါကိစ္စနှင့် ပတ်သက်၍ မြောက်ဦးခရိုင်အုပ်ချုပ်ရေးမှု ဦးရဲထွန်းသိန်းကို ဆက်သွယ်ခဲ့ရာ လက်ရှိတွင် မိမိမှာမြောက်ဦး ခရိုင်၌ မဟုတ်ဘဲ သံတွဲခရိုင်သို့ပြောင်းရွေ့သွားပြီဖြစ်ကြောင်ပြောဆိုခဲ့သည်။

တပ်မတော်အနေဖြင့် တင်းမကျေးရွာသားများပျောက်ဆုံးနေမှုနှင့်ပတ်သက်ပြီး တစ်စုံတစ်ရာမသိရှိသေးကြောင်း ပြီးခဲ့သည့် ၂၀၂ဝခုနှစ် ဒီဇင်လ ၃၀ ရက်နေ့တွင်ပြုလုပ်သော တပ်မတော်သတင်းမှန်ပြန်ကြား ရေးသတင်းစာရှင်းလင်းပွဲတွင် ဗိုလ်ချုပ်ဇော်မင်းထွန်းက ပြောဆိုခဲ့သည်။

ယင်းအပြင် တင်းမကျေးရွာသားများကိုဖမ်းဆီးသွားသည့်ကိစ္စနှင့်ပတ်သက်၍ မိသားစုဝင်များနှင့် ရခိုင်လူ့အခွင့် အရေးကာကွယ် မြှင့်တင်သူများအဖွဲ့မှ မြန်မာနိုင်ငံအမျိုးသားလူ့အခွင့်အ‌ရေးကော်မရှင်ထံ တိုင်ကြားစာပေးပို့ခဲ့ရာ ရွာသားများကိုတပ်မတော်အနေဖြင့် ဖမ်းဆီးသွားခြင်းမရှိကြောင်း ၂၀၂၀ ပြည့်နှစ် အောက်တိုဘာလ ၂၂ ရက်နေ့က အကြောင်းပြန်ခဲ့သည်ဟုသိရသည်။

ပြီးခဲ့သည့် ၂၀၂၀ ပြည့်နှစ်မတ်လ ၁၃ ရက်နေ့တွင် တင်းမကျေးရွာအနီးရှိ တောင်ရှည်တောင်ပေါ်၌ တပ်စွဲထားသော တပ်မ ၅၅ မှ တပ်မတော်သားများက ကျေးရွာအတွင်းသို့ဝင်ရောက်လာပြီး တင်းမ(သစ်) ကျေးရွာမှ ၈ ဦးကိုလည်းကောင်း မတ်လ ၁၆ ရက်နေ့တွင် တင်း(မကြီး) ကျေးရွာမှကျေးရွာသား ၁၀ ဦးနှင့် ကျေးရွာဘုန်းတော်ကြီးကျောင်းတွင် အစောင့်အဖြစ်ကျန်ရစ်ခဲ့သူ ၃ ဦးတို့ကို ဖမ်းဆီးခေါ်ဆောင်သွားခြင်းဖြစ် သည်ဟု ကာယကံရှင်မိသားစုဝင်များကအခိုင်အမာ ပြောဆိုကြသည်။

တင်းမ (သစ်) ကျေးရွာမှ ဖမ်းဆီးခံရသူ ၈ ဦးမှာ ဦးမောင်စိန်ကြီး၊ ဦးလှကျော်ကြီး၊ ဦးမောင်ထွန်းစိန်၊ ဦးကျော်ဝင်းမောင်၊ ဦးမောင်သန်းစိုး၊ ဦးစံသာမောင်၊ ဦးမောင်မြအေးနှင့် ဦးစောရွှေသန်းတို့ဖြစ်သည်။ ထို့အတူ တင်းမ (ကြီး) ကျေးရွာမှ ၁၀ ဦးနှင့် ဘုန်းတော်ကြီးကျောင်းတွင် အစောင့်အဖြစ်ကျန်ရစ်ခဲ့သူ ၃ ဦးတို့မှာ ဦးမောင်ကြည်လင်း၊ ကိုနေလင်းဦး၊ ဦးမောင်ဝင်းကြီး၊ ဦးမောင်ဝင်းချေ၊ ဦးမောင်စိန်ဝင်း၊ ဦးအောင်ညွှန့်၊ မောင်ထွန်းထွန်းဝင်း၊ ဦးယဉ်မောင်၊ ဦးသန်းမောင်ထွန်း၊ ဦးထွန်းမောင်ဝင်း၊ ဦးထိပ်စု၊ ဦးအောင်သာဘန်းနှင့် ဦးဇော်မျိုးနိုင်တို့ဖြစ်သည်။

https://www.facebook.com/westernnewsagency/posts/277277060745472

Leave a Reply

Your email address will not be published.