ပုဏ္ဏားကျွန်း ရေဖြူကန် စစ်ဘေးရှောင်စခန်းတွင် ရေရှားပါးမှုပြဿနာနှင့် ကြုံတွေ့နေရ

By Narinjara/ 2021 April 26

ဆောင်းဇာခြည်

ရခိုင်ပြည်နယ်၊ ပုဏ္ဏားကျွန်းမြို့နယ်ရှိ ရေဖြူကန် စစ်ဘေးရှောင်စခန်းတွင် ရေရှားပါးမှုပြဿနာနှင့် ကြုံတွေ့နေရကြောင်း သတင်းရရှိသည်။

အဆိုပါ စစ်ဘေးရှောင်စခန်းတွင် ပြီးခဲ့သည့် ၂၀၂၀ ပြည့်နှစ် ဒီဇင်ဘာလအတွင်းမှစ၍ ရေရှားပါးသည့်ကိစ္စနှင့် ရင်ဆိုင်ကြုံတွေ့နေကြရခြင်းဖြစ်ပြီး ယခုနှစ် ဧပြီလအတွင်း ရေရှားပါးမှုပြဿနာမှာ ပိုဆိုးရွားလာနေကြောင်း စခန်းတာဝန်ခံ ဦးကျော်စိန်ဝင်းက ဆိုသည်။

“ကျွန်တော်တို့မှာ ရေကိစ္စ တော်တော်အခက်ခဲဖြစ်နေပါတယ်။ ပတ်ဝန်းကျင်ကလည်း ရေရတာတွေ မရှိဘူး။ ဒီလအတွင်း ပိုဆိုးပါတယ်။ ရလာတဲ့ရေ နည်းနည်းလေးကိုလည်း စစ်ဘေးရှောင်တွေ အများကြီးက မျှသုံးကြရပါတယ်။ ရေအလှူရှင်တွေရှိရင် ကျွန်တော်တို့ စစ်ဘေးရှောင်စခန်းကို ရေလာလှူစေချင်ပါတယ်။ သောက်ရေကတော့ အလှူရှင်တစ်ယောက်က လှူနေတာ ရှိပါတယ်။ ဒါပေမဲ့ သိပ်လောက်ငတာ မရှိပါဘူး။” ဟု ပြောသည်။

ရေဖြူကန်စစ်ဘေးရှောင်စခန်းတွင် အိမ်ထောင်စု ၂၀၆ စုနှင့် လူဦးရေ ၈၃၉ ဦးရှိကြောင်း သိရသည်။

ယင်း စစ်ဘေးရှောင်များမှာ ယခင်က စစ်ဘေးရှောင်စခန်းအနီးအနား ကျေးရွာများရှိ ကန်များမှ ရေကို ခပ်ကာ အသုံးပြုခဲ့ကြပြီး လက်ရှိတွင် ယင်းကန်များမှ ရေများခမ်းခြောက်သွားသည့်အတွက် ရေအခက်ခဲတွေ့နေရခြင်းဖြစ်ကြောင်း ရေဖြူကန်စစ်ဘေးရှောင်စခန်းမှ ဒေါ်မိုးမြတ်ဦးက ပြောသည်။

“အရင်တုန်းကဆို ၁၅ မိနစ်လောက် နေပူခံလမ်းလျှောက်ပြီးတော့ ကန်တွေက ရေသွားခပ်ရတယ်။ အခုဆို အဲဒီရေတွေလည်း ခမ်းသွားတော့ ရေမရှိဘူး။ အဝတ်လျှော်၊ ထမင်းချက်၊ ရေချိုး အဲဒါတွေက ဘာတစ်ခုမှ အဆင်မပြေဘူး။” ဟု ပြောသည်။

ထိုစစ်ဘေးရှောင်စခန်းသို့ မီးသတ်ဦးစီးဌာက မီးသတ်ကား ၂ စီးဖြင့် လာရောက်ကာ ရေပေးသည်မှာလည်း စခန်းတွင် လူဦးရေများသည့်အတွက် ရေလောက်ငမှုမရှိဟုဆိုသည်။ ယင်းကဲ့သို့ မီးသတ်ကားဖြင့် ရေလာရောက်ပေးသည်မှာလည်း ပုံမှန်မရှိကြောင်း ဦးကျော်စိန်ဝင်းက ဆက်ပြောသည်။

ရေဖြူကန်စစ်ဘေးရှောင်စခန်းတွင် ပုဏ္ဏားကျွန်းမြို့နယ်မှ ကျောက်ဆိပ်၊ သာစည်၊ ပိန္နဲတော၊ ဒိုးတန်း ပလက်ဝမြို့နယ် နှမဒါနှင့် မီးလက်ဝကျေးရွာတို့မှ စစ်ဘေးရှောင်များခိုလှုံလျက်ရှိကြောင်း သိရသည်။

၎င်းတို့သည် ကျေးရွာအနီး ရက္ခိုင့်တပ်တော် (AA) နှင့် မြန်မာ့တပ်မတော်တို့ နှစ်ဘက်တိုက်ပွဲများကြောင့် ၂ဝ၂ဝ ပြည့်နှစ် ဧပြီလအစောပိုင်းမှစတင် ထွက်ပြေးလာရောက်ခိုလှုံနေထိုင်ကြခြင်းဖြစ်ကြောင်း သိရသည်။

https://www.facebook.com/narinjara.info/posts/4263114540367257

Leave a Reply

Your email address will not be published.