နှစ်စဉ်နွေရာသီရောက်တိုင်း စစ်တွေမြို့ပေါ်ရပ်ကွက်တချို့တွင် ရေရှားပါးမှုကြုံ၊ ရေများဝယ်သုံးနေရ

By Western News/ 2021 April 21

စစ်တွေမြို့ပေါ်ရပ်ကွက်အချို့တွင် နှစ်စဉ်နွေရာသီရောက်တိုင်း ရေရှားပါးသည့်အခက်အခဲများနှင့်ရင်ဆိုင် ကြုံတွေ့ နေရပြီး သုံးရေများကို ဝယ်သုံးနေရကြောင်း ဒေသခံများက ပြောသည်။ အဆိုပါရေရှားပါးမှုနှင့်ကြုံတွေ့နေရသည့် ရပ်ကွက်များမှာ ဓညဝတီ(ခ)၊(က)၊ မကျည်းမြိုင်၊ အုန်းတပင်နှင့် သင်္ဘောဆိပ်ရပ်ကွက် စသည်တို့ဖြစ်ကြသည်။

စစ်တွေမြို့တွင်ရှိသည့် ကန်တော်ကြီးရေကန်သည် နွေရာသီသို့မရောက်ရှိမီ မတ်လအတွင်းက ကန်ရှိရေများမှာ ခမ်းခြောက်သွားသည့် အတွက် စစ်တွေမြို့ပေါ်ရပ်ကွက်အချို့တွင် ယခုလိုရေအခက်အခဲနှင့်ကြုံတွေ့ နေရခြင်းဖြစ်သည်။ ယင်းကြောင့် မြို့ပေါ်ရပ်ကွက် တစ်ချို့တွင် နေအိမ်အတွင်း၌ အဝီစိရေတွင်းများတူဖော်ကာ ရေအခက်အခဲများကို ဖြေရှင်းနေကြရသည်။

သို့သော်လည်း အဝီစိရေတွင်းများတူးဖော်ရာတွင် တူးဖော်၍ရသော ရပ်ကွက်များရှိ သကဲ့သို့ တူးဖော်၍ မရသော ရပ်ကွက်များလည်း ရှိသည်။ အဝီစိတွင်းတူးဖော်၍ မရနိုင်သောရပ်ကွက်တစ်ခုဖြစ်သည့်စစ်တွေမြို့ပေါ်ရှိဓညဝတီရပ်ကွက်တွင်မှု နှစ်စဉ်ဧပြီလမှစ၍ ရေရှားပါးမှုကြုံနေရပြီး စေတနာရှင်များမှ လာရောက်ရေပေးဝေမှု မရှိလျှင်ဝယ် ယူ၍သုံးစွဲရကြောင်း ဓညဝတီ ရပ်ကွက်အုပ်ချုပ် ရေးမှူးဖြစ်သည့် ဉီးဖြူမောင်သိန်းကပြောသည်။

“ရေကအရမ်းရှားနေပါပြီ။ ဒီလိုရေရှားတဲ့အခက်အခဲနဲ့ကျွန်တော်တို့နှစ်တိုင်းကြုံရပါတယ်။ ကျွန်တော်တို့ဘက်ကကုန်းမြင့်ပိုင်းကျတော့ အဝီစိရေတွင်းတွေလည်းတူးမရပါဘူး။ ခုလိုနွေရာသီရေရှားချိန်ရောက်ရင် ရေကို ဝယ်ပြီးတော့သုံးရတာပါပဲ”ဟုဆိုသည်။

ယင်းအပြင် ရပ်ကွက်ထဲရှိရေကန်များမှာလည်းနွေရောက်တိုင်းခမ်းခြောက်သွားသဖြင့် ရေကန်ကို ရေသိုလှောင် အားကောင်းစေရန် အတွက် တူးဖော်လျှင်လည်းအသစ်ထွက်လာသည့်ရေမှာ ဆားငံသည့်အတွက်တူးဖော်ရန် အဆင်မပြေကြောင်း ဦးဖြူမောင်သိန်းက ပြောသည်။

ထို့အပြင် သောက်သုံးရေဝယ်ယူသုံးစွဲရာတွင် ရေလီတာ-၁၀၀၀ ဆန့်သည့်ရေတစ်ဘူးကို ငွေကျပ် ၈၀၀၀ ကျပ်နှင့် ဝယ်ယူသုံးစွဲနေရ သဖြင့် ရေဝယ်ယူသုံးစွဲရန်အတွက် ငွေကြေးမတတ်နိုင်သည့်သူများမှာ ရေရရှိသည့်နေရာများ ကိုရှာဖွေကာသွားရောက်ကာ ခပ်ယူနေရသည်ဟု ဓညဝတီရပ်ကွက်နေ ကိုမြင့်နိုင်ကပြောသည်။

စစ်တွေမြို့တွင် ယခင်နှစ်နွေရာသီများ၌ ရေရှားပါးချိန်တွင် နိုင်ငံတကာကြက်ခြေနီကော်မတီ (ICRC) နှင့် မြို့နယ် စည်ပင်သာယာရေး ကော်မတီတို့မှ ရေလာရောက်ပေးဝေကြသော်လည်း ယခုနှစ် ၂၀၂၁-ခုနှစ်တွင် ထိုသို့ရေလာရောက်ပေးဝေခြင်းမျိုးမရှိကြောင်းလည်း ကိုမြင့်နိုင်ကပြောသည်။

“အခုရေရရှိဖို့အတွက်ကတော့ ဂါလံဘူးလေးတွေနဲ့အဝေးကိုသွားခပ်ကြတယ်။ ရေလာရောင်းတာတွေရှိပေမယ့် လီတာ-၁၀၀၀ ဘူးကို ၈၀၀၀ ပေးပြီးမဝယ်နိုင်တဲ့သူတွေကအများကြီးရှိပါတယ်။ သုံးနေရတဲ့ရေတွေကတော့ဆေး ကြောဖို့ရရုံလောက်ပါပဲ။ နှစ်တိုင်းက ICRC ကလာလှူတယ်။ ပြီးတော့စည်ပင်ကလည်းရေလီတာ ၃၀၀၀ ပါတဲ့ကားကြီးနဲ့တစ်နေ့နှစ်စီးလောက်လာပို့ပါတယ်။ နှစ်တိုင်းတော့ ရေလာလှူဒါတွေရှိပေမယ့်။ ဒီနှစ်တော့တစ်စီးမှ မရောက်သေးပါဘူး” ဟု၎င်းကပြောသည်။

စစ်တွေမြို့ပေါ်ရပ်ကွက်တစ်ချို့တွင် ယခုကဲ့သို့ ရေရှားပါးမှုပြဿနာနှင့်ကြုံတွေ့နေရသည်မှာ နှစ်စဉ်နှစ်တိုင်းကြုံနေရသော်လည်း အစိုးရ အဆက်ဆက်က အဆိုပါပြဿာနာများကို ပြေလည်အောင်မဖြေရှင်းသောကြောင့် ဝေဖန်မှုများလည်းရှိနေသည်။ ရေရရှိရေးကို သက်ဆိုင်ရာ တာဝန်ရှိသူများမှ အမြန်ဆုံးလာရောက်ဖြေရှင်ပေးစေလိုကြောင်းလည်း မြို့ခံများကတောင်းဆိုနေကြသည်။

https://www.facebook.com/westernnewsagency/posts/275272187612626

Leave a Reply

Your email address will not be published.