ဇွဲဓန(ကိန်းသာမြေ)

နှစ်စဉ် ရှားပါးနေကျအတိုင်း ကျေးရွာတချို့၌ ယခုနှစ် နွေရာသီတွင်လည်း ကန်များရေခမ်းခြောက်ပြီး သောက်သုံးရေ ရှားပါးလာမည်ကို ရခိုင်ပြည်နယ်မှ ကျေးရွာတစ်ချို့တွင် စိုးရိမ်မှုများရှိနေကြောင်း ဒေသခံများက ပြောကြားသည်။
သောက်သုံးရေ ရှားပါး၍ အခက်ခဲကြုံလာမည်ကို ဒေသခံကျေးရွာသားများက စိုးရိမ်မှုများ ရှိနေကြောင်း နှစ်စဉ်ရေရှားပါးမှုဒဏ်ကိုခံနေရသည့် မင်းပြားမြို့နယ် စပါးထားကျေးရွာ အုပ်ချုပ်ရေးမှူးဟောင်း ဦးမျိုးဇော်အောင်က ပြောသည်။
“ အခုလက်ရှိ သောက်သုံးရေက နည်းနည်းလောက် ရှိသေးတယ်။ ကျနော်တို့ရွာမှာက ရေကန် နှစ်ကန်ရှိတယ်။ ကျနော်တို့ရွာမှာက လူဦးရေ ၈၀၀ ကျော်ရှိတယ်။ အခု ကန်မှာရှိတဲ့ရေက ဒီလမကုန်ခင် ရေခမ်းသွားနိုင်တယ်။ အယင်နှစ်တွေမှာလည်း ရေရှားပါးမှုတွေနဲ့ ကြုံရတာတွေရှိတယ်။ ဒီလကုန်လို့ မိုးမရွာရင် သေချာပေါက် သောက်သုံးရေနဲ့ အခက်ခဲကြုံရမှာ ဖြစ်တယ်” ဟု ကျေးရွာအုပ်ချုပ်ရေးမှူးက ပြောသည်။
စပါးထားကျေးရွာတွင် လွန်ခဲ့သည့်နှစ်ကလည်း ရေကန်များတွင် ရေခမ်းခြောက်သွားသဖြင့် ဝေးလံသည့် တောတောင်များကိုသွားပြီး ရေထွက်နေရာများက ရေကို ခပ်ယူ အသုံးပြုခဲ့ရကြောင်း၊ ၎င်းကျေးရွာသို့ ရေရှားပါးလျှင်လည်း ရေအလှူရှင်များ မရောက်ခဲ့ကြောင်း၊ ရေကို လုံးပန်းထုတ်နေရ၍ မိသားစုများ စားနေရေးအတွက် ရှာဖွေရာတွင် အခက်အခဲများဖြင့် ရင်ဆိုင်ခဲ့ရကြောင်း၊ ယခုနှစ်တွင်လည်း ထိုကဲ့သို့ အခက်အခဲများဖြင့် ရင်ဆိုင်ရမည်ကို ကျေးရွာသားများက စိုးရိမ်နေကြကြောင်း ၎င်းက ပြောကြားသည်။
နှစ်စဉ်နီးပါး သောက်သုံးရေဖြင့် အခက်ခဲနှင့်ကြုံရနေရသည့် ရသ့တောင်မြို့နယ် ဘက္ကားရွာ ကျောင်းထိုင်ဆရာတော်က “ ဦးဇင်းတို့ ကျေးရွာမှာက ရေကန်က ငါးကန်ရှိတယ်။ အဲဒီထဲက သုံးစွဲလို့ရတာက နှစ်ကန်ပဲရှိတယ်။ ကျန်တဲ့ သုံးကန်က သုံးလို့မရဘူး။ သုံးလို့မရတဲ့ ရေကန်တွေက လုံးဝရေခမ်းသွားတာမဟုတ်ဘူး။ ရေက နည်းနည်းရှိနေတယ်။ အဲဒီရေတွေက ဆားပေါက်တဲ့ ရေတွေလိုမျိုးဖြစ်နေတာပါ။ ဦးဇင်းတို့ရွာမှာက လူဦးရေ ၅၀၀ လောက်ရှိတယ်။ အဲဒီလူတွေက သုံးလို့ရတဲ့ ရေကန်နှစ်ကန်က ရေတွေကို သုံးစွဲနေတာဖြစ်တယ်။ မိုးပုံမှန်မရွာရင် ဒီဧပြီလ တစ်လလောက်ပဲ သုံးလို့ရမှာဖြစ်တယ်။ ဧပြီကုန်တာနဲ့ ရေရှားသွားနိုင်တယ်” ဟု ပြောသည်။
ရေရှာပါးမှုဒဏ်ကို နှစ်စဉ်ခံနေရသည်မှာ ဘက္ကားရွာတစ်ရွာတည်း မဟုတ်ဘဲ အနီးအနား ကျေးရွာများတွင်လည်း နှစ်စဉ် နွေရာသီရောက်လျှင် ရေရှားပါးကြောင်း၊ သို့အတွက် သက်ဆိုင်ရာတာဝန်ရှိသူများအနေဖြင့် ရခိုင်တွင် နှစ်စဉ် ကြုံတွေ့နေရသော ပြသနာကို တစ်ပွဲထိုးမဟုတ်ဘဲ စီမံကိန်းများ အသေအချာရေးပြီးဖြေရှင်းပေးရန်လိုကြောင်း ဆရာတော်က မိန့်ကြားသည်။
“ ကျေးရွာသားတွေကလည်း ရေနဲ့ ဒုက္ခရောက်မှာကို စိုးရိမ်ကြတယ်။ ဦးဇင်းတို့ကျေးရွာနည်းတူ ပတ်ဝန်းကျင် ကျေးရွာတွေမှာလည်း ရေခမ်းခြောက်သွားနိုင်တယ်။ ဦးဇင်းတို့ဒေသက သောက်သုံးရေတွေကို မိုးရာသီကည်းက ရေကန်တွေနဲ့ သိမ်းဆည်းသိုလှောင်ထားရတာဖြစ်တယ်။ အဲဒီရေကန်တွေမှာ ရေခမ်းသွားရင် သောက်သုံးရေနဲ့ အခက်ခဲကြုံရမှာဖြစ်တယ်။ ပြီးခဲ့တဲ့ နှစ်တွေကလည်း သောက်သုံးရေနဲ့ မကြာခဏ အခက်ခဲကြုံရတယ်။ ဒါကို သက်ဆိုင်ရာ အစိုးရ တာဝန်ရှိသူတွေက တစ်ပွဲထိုးမဟုတ်ဘဲ စီမံကိန်းများ အသေအချာရေးပြီး ဖြေရှင်းပေးရန် လိုပါတယ် ” ဟု မိန့်ကြားသည်။
သောက်သုံးရေရှားပါးမှုကို နှစ်စဉ်လိုလိုကြုံရ၍ ယခုနှစ်တွင်လည်း ရေအခက်ခဲကြုံလာရမည်ကို ကျေးရွာသားများ စိုးရိမ်နေကြောင်း မောင်တောမြို့နယ် တမန်းသားကျေးရွာက ဒေါ်စိန်နုက ပြောသည်။
“ ကျမတို့ရွာမှာက အခုလက်ရှိ သောက်ရေကန်တွေမှာ ခမ်းခြောက်လုနီးပါးဖြစ်နေပြီဖြစ်တယ်။ ရေကန်က သုံးကန်ရှိတယ်။ အဲဒီရေကန်တွေက တန်းခူးလ ကဆုန်လဆိုရင် ရေက လုံးဝ ခမ်းသွားတယ်။ နှစ်စဉ်လိုလို ရေခမ်းပါတယ်။ ရေကန် သုံးကန်ဆိုပေမယ့် ရေကန်တွေက သေးငယ်ပါတယ်။ ကျမတို့ရွာက လူဦးရေ ၁၀၀ ကျော်လောက်ဟာ အဲဒီရေကန်တွေက ရေကို သုံးစွဲနေရတာဖြစ်တယ်။ ပြီးတော့ ရေကန်တွေမှာ ရေက ထွက်တာမရှိဘူး။ မြေကြီးထဲကို စိမ့်ဝင်တာပဲရှိတယ်။ ရေခမ်းသွားပြီဆိုရင် ရေနဲ့အခက်ခဲ ကြုံရတာက မနည်းတော့ဘူး။ နွေရာသီမှာဆိုရင် အဝတ်တွေ များများလျော်ရတယ်။ အိုး ခွက် ပန်းကန်တွေက အစ ဆေးကြောရတယ်။ ရေတစ်ခု ရှားပါးသွားပြီဆိုရင် အကုန်လုံး အခက်ခဲဖြစ်သွားတယ်။ ဒီနှစ်မှာလည်း ရေနဲ့ အခက်ခဲဖြစ်မှာကို ကျေးရွာက လူတွေ စိုးရိမ်နေကြတယ်။ ရွာမှာက မရှိဆင်းရဲသားတွေ များဆိုတော့ သူတို့ရဲ့ စားရေးသောက်ရေးအတွက် ရှာရဖွေရတာလည်းရှိသေးတယ် ” ဟု ပြောသည်။
ရခိုင်ပြည်နယ်သည် မြန်မာနိုင်ထဲမှာ မိုးများသော ဒေသတစ်ခုဖြစ်ပြီး နှစ်စဉ် မိုးရေချိန်လက်မ ၂၀၀ ကျော်ထိ ရွာသွန်းသော်လည်း နှစ်စဉ် နွေရာသီရောက်တိုင်း ရေရှားပါးမှုဒဏ်ကို ခံနေကြရသည်။
ရခိုင်ပြည်နယ်ရှိ မြို့နယ်တိုင်းလိုလိုတွင် နွေရာသီရောက်တိုင်း ရေရှားပါးမှုနှင့် ကြုံတွေ့နေရပြီး ထိုအထဲတွင် စစ်တွေ၊ ပုဏ္ဏားကျွန်း၊ မင်းပြား၊ မြေပုံ၊ ပေါက်တော၊ မြောက်ဦး၊ ကျောက်တော်၊ ရသေ့တောင်၊ ဘူးသီးတောင် နှင့် မောင်တောမြို့နယ်တို့မှာ အဆိုးရွားဆုံးဖြစ်ကြောင်း သိရသည်။
ရခိုင်ပြည်နယ် မြို့နယ်တချို့၌ ယခုနှစ်တွင်လည်း ရေရှားပါးမှုနှင့်ကြုံတွေ့ရနိုင်သည့် သတင်းများ ရရှိနေသဖြင့် ယခုလ ၅ ရက်နေ့က ပြည်နယ်ကျေးလက်ဦးစီးရုံးသို့ ဖုန်းဆက်သွယ်ရာ မအားသေးဟု အကြောင်းပြန်ပြီး ညနေပိုင်းပြန်ဆက်သွယ်ရာ ဖုန်းကိုင် ဖြေကြားခြင်း မရှိတော့ပါ။
သို့အတွက် ရေရှားပါးမှု ဒဏ်ကို အများဆုံးခံနေရသည့် မင်းပြားမြို့နယ် မြို့နယ်ကျေးလက်ဦးစီးသို့ ဆက်သွယ်ရာ ဦးစီးမှူး ဦးခင်မောင်ဝင်းက နွေရာသီတွင် သောက်သုံးရေ ရှားပါးမှုဖြင့် အခက်ခဲကြုံပြီး မြို့နယ်ကျေးလက်ဦးစီးဌာနသို့ တင်ပြလာသော ကျေးရွာများအား မီးသတ်ဦးစီးဌာနနှင့် စည်ပင်ဦးစီးဌာနတို့ ပူးပေါင်း၍ ရေအကူအညီပေးသွားမည်ဖြစ်ကြောင်း ပြောကြားသည်။
“ကျေးရွာတွေမှာ သောက်သုံးရေနဲ့ အခက်ခဲဖြစ်နေတာတွေရှိတယ်ဆိုရင် ကျနော်တို့မှာ ရေပို့ပေးဖို့ အစီစဉ်တွေရှိတယ်။ ကျေးရွာသားတွေက ကျနော်တို့ဌာနကို လာပြီး အကူညီတောင်းလာတယ်ဆိုရင် ကျနော်တို့က မီးသတ်ဌာန နဲ့ စည်ပင်ဌာနတွေ ပူးပေါင်းပြီး ပို့ပေးမှာဖြစ်တယ်။ အဲဒီဌာန နှစ်ခုနဲ့ ပူးပေါင်းပြီး အကူအညီပေးသွားမှာဖြစ်တယ်။ အခုက ဒီမြို့နယ်မှာ ရေရှားတဲ့ ကျေးရွာတွက မရှိသလောက်တော့ ထင်မိပါတယ်။ ရေခမ်းခြောက်နီးပါးဖြစ်နေတဲ့ ကျေးရွာတွေကတော့ ရှိကောင်းရှိနိုင်တယ်။ ကျနော်တို့ဌာနကိုတော့ ကျေးရွာတွေက တင်ပြလာတာတွေ မရှိသေးဘူး” ဟု ပြောသည်။
ရခိုင်ပြည်နယ်တွင် ကျေးရွာအများအပြားတွင် နှစ်စဉ် နွေရာသီရောက်တိုင်း ရေရှားပါးမှု ကြုံတွေ့နေရသော်လည်း ထိုပြသနာအပေါ် သက်ဆိုင်ရာတာဝန်ရှိသူများက စနစ်တကျ စီမံကိန်းရေးဆွဲ မဖြေရှင်းဘဲ ရှိနေသည့်အပေါ် ဒေသခံပြည်သူများက စိတ်ပျက်လက်ပျက်ရှိနေကြသည်ဟု ကျေးရွာသားများက ပြောဆိုသည်။
https://www.facebook.com/narinjara.info/posts/4206808329331212