By Narinjara/ 2021 April 9
ချစ်အိလှိုင်၊ အောင်လင်းထွန်း
ရခိုင်ပြည်နယ်၊ တောင်ကုတ်မြို့နယ် ရေပေါ်ကြီး တောင်ကြားလမ်းတွင် ယမန်နေ့ နံနက် ၇ နာရီခန့်က ကုန်ကားတစ်စီး ချောက်ထဲထိုးကျသွားရာမှ လမ်းကြုံလိုက်လာသည့် အသက်(၉) နှစ်အရွယ်ကလေးငယ်တစ်ဦးနှင့် မိခင်ဖြစ်သူတို့ သေဆုံးသွားခဲ့ကြောင်း သတင်းရရှိသည်။
သေဆုံးသူများမှာ တောင်ကုတ်မြို့နယ် ကြိုးကြားကွင်းအုပ်စု၊ သပြေကွင်းကျေးရွာဇာတိ မောင်ရဲရင့်ထွန်း(၉)နှစ်နှင့် ဒေါ်ကေသီမိုး(၂၅)နှစ်တို့ဖြစ်ကြသည်။
တောင်ကုတ်မြို့မရဲစခန်းမှ တာဝန်ကျဂတ်စာရေး ဦးမြတ်ဌေးက “ ကားက ဟွန်ဒိုင်းအမျိုးအစား ကုန်ကားပါ။ သပြေစုကနေ လမ်းကြုံလိုက်လာတာလို့သိရတယ်။ နေရာမှာသေဆုံးတာပါ။ နောက်ထပ် ၅ လသားလေးနဲ့ ၆ နှစ်ကလေးတစ်ယောက်ကတော့ ပွန်းပဲ့ဒဏ်ရာ မစိုးရိမ်ရတွေရကြတယ်။ သားအမိတွေပါ။ကားဒရိုင်ဘာကို အမှုဖွင့်ထားတယ်။ စခန်းမှာ ထိန်းသိမ်းထားပါတယ်။ ကျွန်တော်တို့က ကြေးနန်းအရပြောရတာပါ။ ရေပေါ်ကြီးစခန်းမှူးက အခင်းဖြစ်ပွားတဲ့နေရာကို သွားခဲ့တာပါ။” ဟုပြောသည်။
၄င်းကားမှာ ရေပေါ်ကြီးတောင်တက်လမ်းပေ ၄ဝဝ ခန့်ချောက်ထဲကို ထိုးဆင်းသွားခဲ့ခြင်းဖြစ်ကြောင်း သိရသည်ဟု သူကပြောသည်။
ရေပေါ်ကြီးစခန်းမှူးအား နိရဉ္စရာသတင်းဌာနမှ အခင်းဖြစ်ပွားပုံအသေးစိတ်အား သိရှိနိုင်ရန် ဆက်သွယ်ရာ သားမိနှစ်ဦး သေဆုံးမှုမှာ မှန်ကန်ကြောင်း၊ ကားကြုံ၍ လိုက်လာရာမှ သေဆုံးသွားခဲ့ခြင်း ဖြစ်ကြောင်း ပြောကြားသည်။
အဆိုပါဖြစ်စဉ်နှင့်ပတ်သက်၍ တောင်ကုတ်မြို့မရဲစခန်းမှူး ၃ဝ၄(က) လူသေမှု / ၂၇၉ (ယာဉ်မဆင်မခြင်မောင်းနှင်မှု)တို့ဖြင့် အမှုဖွင့်ဆောင်ရွက်နေကြောင်း ၎င်းက ပြောသည်။
https://www.facebook.com/narinjara.info/posts/4210097779002267