By Western News/ 2021 April 20
မီးလောင်ကျွမ်းသွားသည့် မြောက်ဦးမြို့နယ်၊ တိမ်ညို စစ်ဘေးရှောင်စခန်းကို မေလ ဒုတိယအပတ်တွင် အပြီးဆောက်လုပ်သွားမည်ဟု နေအိမ်များပြန်လည် တည်ဆောက်ရေးအတွက် ကူညီဆောင်ရွက်ပေးနေသည့် သူများကပြောသည်။
လက်ရှိတွင် ပြည်တွင်းပြည်ပမှ အလှူငွေများဖြင့် ယာယီတဲအိမ် ၄၀၀ ခန့်ဆောက်လုပ်ပြီးစီးသွားပြီဖြစ်ကြောင်းနှင့် လာမည့်မေလ ဒုတိယအပတ်တွင် တဲအိမ်အားလုံးအပြီးဆောက်လုပ်သွားမည်ဖြစ်မည်ဟု တဲအိမ်များ တည်ဆောက်ရေးကို ကူညီဆောင်ရွက်ပေးနေသည့် စာရေးဆရာ ဝေဟင်အောင် က Western News ကိုပြောသည်။
“လက်ရှိတွင် လူနေအိမ် ၄၀၀ လောက်ပြီးပြီ။ အိမ်တွေအကုန်လုံးတော့ မေလ ဒုတိယပတ်မှာ အပြီးဆောက်ဖို့စီစဉ်ထားတယ်။ အခက်ခဲတွေတော့မရှိပါဘူး။ အထောက်အပံ့တွေက အားကောင်းပါတယ်”ဟု ပြောသည်။
ယင်းအပြင် လက်ရှိဆောက်လုပ်ပြီးသွားသည့် တဲအိမ်အလုံး ၄၀၀ ခန့်ကို မတ်လ ၂၈ ရက်နေ့မှစတင်၍ မီးလောင်ကျွမ်းသွားသည့်နေရာ၌ မြေသန့်မင်္ဂလာပြုလုပ်ကာ ဆောက်လုပ်ထားခြင်းဖြစ်သည်။ ယခုအချိန်တွင် ဆောက်လုပ်ပြီးစီးသွားသည့် တဲအိမ် ၄၀၀ ခန့်ထဲမှ ၂၅၀ လုံးတွင် စစ်ဘေးရှောင်များကို နေထိုင်ခွင့် ပြုထားပြီဖြစ်သည်ဟု စခန်းတာဝန်ခံ ဦးစိုးနိုင်ကပြောသည်။
“အခုတော့တဲအိမ် ၄၀၀ ခန့်ဆောက်လုပ်ပြီးသွားပြီ။ အဲဒီထဲကတဲအိမ် ၂၅၀ ကျော်မှာ လူတွေနေထိုင်ခွင့်ပြုထားတယ်။ အောက်သားကန်၊ လက္ကာ၊ ပေါက်ပင်ကွင်း စတဲ့ကျေးရွာမှလူတွေကို တဲအိမ် ၂၅၀ မှာနေရာချပေးထားတာ။ ဂူလှိှုင် ကျေးရွာသားတွေ ကတော့ စောင့်ဆိုင်းကာလဖြစ်တယ်”ဟု ပြောသည်။
လက်ရှိတွင် ရခိုင်ပြည်နယ်စီမံအုပ်ချုပ်ရေးကောင်စီအနေဖြင့် ယာယီတဲအိမ်များဆောက်လုပ်နေရာတွင် ငွေကြေးထောက်ပံ့ပေးမှု မရှိသော်လည်း ဒုက္ခသည်များ၏ စားဝတ်နေရေးအတွက် ကူညီထောက်ပံ့ပေးမှုများ ရှိနေသည်။ ယင်းအပြင် နိုင်ငံတာကာ ကြက်ခြေနီကော်မတီ (ICRC) မှလည်း စစ်ဘေးရှောင်များ၏ စားနပ်ရိက္ခာ များကို ထောက်ပံ့ထားသည်ဟု ဦးစိုးနိုင်ကပြောသည်။
တိမ်ညိုစစ်ဘေးရှောင်စခန်းသည် မြောက်ဉီးမြို့နယ်ရှိ စစ်ဘေးရှောင်လူဉီးရေ အများဆုံးစခန်းတစ်ခုဖြစ်ပြီး အိမ်ထောင်စု ၈၀၀ ကျော်နှင့် လူဉီးရေ ၃၀၀၀ ကျော်ရှိသော စစ်ရှောင်စခန်းတစ်ခုဖြစ်သည်။
ပြီးခဲ့သည် မတ်လ ၁၇ ရက်နေ့က ယာယီတဲအိမ်တစ်လုံးမှ ဖယောင်းတိုင်မီး အသုံးပြုရာကနေ မီးစတင်လောင်ကျွမ်းသွားခြင်းဖြစ်ပြီး စခန်းရှိအိမ်ထောင်စု ၆၆၃ စုနှင့် လူဦးရေ ၂၇၀၀ ကျော်မှာ အိုးမဲ့အိမ်မဲ့ဖြစ်ခဲ့ရသည်။ ကျန်ရှိနေသောနေအိမ်များဆောက်လုပ်နေသော ကြောင်း စစ်ဘေးရှောင်ဒုက္ခသည် များကို တိမ်ညိုဘုန်းတော်ကြီးကျောင်း၌ ယာယီနေထိုင်လျက်ရှိကြပြီး မိုးမကျမီဒုက္ခသည်စခန်းများ အမြန်ပြီးစီးရန် မျော်လင့်နေကြသည်။
မီးလောင်ကျွမ်းသွားသည့် တိမ်ညိုစစ်ဘေးရှောင်စခန်းကို ပြည်လည်တည်ဆောက်ပေးမည် မဟုတ်ကြောင်း မတ်လ ၁၈ ရက်နေ့တွင် ရခိုင်ပြည်နယ်စီမံအုပ်ချုပ်ရေးကောင်စီက ဒုက္ခသည်များနှင့်တွေ့ဆုံရာတွင် ပြောဆို ခဲ့သည်။ ယင်းအပြင် မီးဘေးသင့် ဒုက္ခသည်များ အတွက် ရခိုင်မှ တိုင်းရင်းသား နိုင်ငံရေးပါတီများ ကူညီရန် စဉ်းစားနေသည်ဟု ပါတီတာဝန်ရှိသူများကပြောဆိုခဲ့ကြသည်။
တိမ်ညိုစစ်ဘေးရှောင်စခန်းရှိ စစ်ဘေးရှောင်များမှာ ရက္ခိုင့်တပ်တော် AA နှင့် မြန်မာ့တပ်မတော်တို့ကြား ၂ နှစ်ကျော်ကြာ တိုက်ပွဲ ဖြစ်ပွားခဲ့ကြသဖြင့် ထွက်ပြေးတိမ်းရှောင် လာကြခြင်း ဖြစ်သည်။ ထိုစစ်ရှောင်များမှာ လက္ကာ၊ အောက်သားကန်၊ ဘူးရွက်မညိုး စသည့် ကျေးရွာများအပြင် တစ်ခြားရွာ ပေါင်း ၁၀ ကျော်မှထွက်ပြေးတိမ်း ရှောင်လာကြခြင်းဖြစ်သည်။
https://www.facebook.com/westernnewsagency/posts/274572081015970