တရုတ်ပြည်သို့ ကဏန်းတင်ပို့သည့် လမ်းကြောင်း ပြန်မဖွင့်သေး၍ ရခိုင်မှ ကဏန်းအဝယ်ဒိုင်များ အရှုံးပေါ်နေ

By Western News/ 2021 April 23

ရခိုင်မှ တရုတ်ပြည်သို့ ကဏန်းများကိုတင်ပို့သည့် ကုန်သွယ်ရေးလမ်းကြောင်းကိုပြန်မဖွင့်သေးသည့်အတွက် ရခိုင်ပြည်နယ်မှ ကဏန်းအဝယ်ဒိုင်များအရှုံးများနှင့် ရင်ဆိုင်နေကြရသည်ဟု ကဏန်းဝယ်ယူသည့်ဒိုင်များမှ တာဝန်ရှိသူများကပြောသည်။

ပြီးခဲ့သည့် ၂၀၂၀ ခုနှစ် သြဂုတ်လဒုတိယအပတ်မှစတင်ကာ ရခိုင်ပြည်နယ်တွင် ကိုဗစ် ၁၉ ဒုတိယလှိုင်း စတင်ဖြစ်ပွားသည့်အချိန်မှစ၍ တရုတ်ပြည်သို့ကဏန်းများတင်ပို့သည့် ကုန်သွယ်ရေးလမ်းကြောင်းကိုပိတ်ထားခဲ့သည်မှာ ယခုနှစ်ဆိုလျင် ၈ လကျော်ကြာမြင့်နေပြီဖြစ်သည်။

အဆိုပါလမ်းကြောင်းကို ပိတ်ထားသည်မှာ ၈ လကျော်ကြာမြင့်နေပြီဖြစ်သော်လည်း လက်ရှိအချိန်ထိပြန်လည် ဖွင့်လစ်ခြင်းမရှိသေး သဖြင့် ကဏန်းဝယ်ယူဒိုင်များမှာ မိမိတို့ဝယ်ယူထားသည့်ကဏန်းများကိုအချည်းနီးမဖြစ် သွားစေရန် ရန်ကုန်မြို့တွင်ဖြစ်သလို ရောင်းချ နေရသည့်အတွက် ယခုကဲ့သို့အရှုံးများနှင့် ရင်ဆိုင်နေရခြင်းဖြစ်သည်ဟု ပုဏ္ဏားကျွန်းမြို့နယ် ကွမ်းတောင်ကဏန်းအဝယ်ဒိုင်ပိုင်ရှင် ကိုစိုးဝင်းက Western News သို့ပြောသည်။

ကိုဗစ် ၁၉ မဖြစ်ပွားမီ တရုတ်ကုန်သွယ်ရေးလမ်းကြောင်းဖွင့်ထားသည့်အချိန်တွင် ကဏန်းတစ်ကီလိုကိုရောင်းရငွေ ကျပ် ၈၀၀၀ အထိရရှိသော်လည်း လက်ရှိအချိန်တွင် ရန်ကုန်တွင်ရောင်းရာငွေ တစ်ကီလိုကို ငွေကျပ် ၃၀၀၀ ခန့်သာရရှိသည်ဟု ကိုစိုးဝင်းက ပြောသည်။

“ အခုက ကဏန်းတစ်ကီလိုရောင်းရငွေက ကျပ် ၃၀၀၀ သာရတယ်။ တရုတ်ပြည်ကိုတင်ပို့တဲ့ လမ်းကြောင်းဖွင့်တုန်းအချိန်ကဆိုရင် တစ်ကီလိုကို ရောင်းရငွေ ကျပ် ၈၀၀၀ ရတယ်။ အခုကဏန်းတွေကို တရုတ်ပြည်ကို တင်ပို့လို့မရတာကြောင့် ရန်ကုန်မြို့မှာ ဖြစ်သလို ရောင်းချနေရတယ်။ နွေရာသီဖြစ်တဲ့အတွက် ကဏန်းတွေကလည်း သေတာတွေများတယ်။ အဲဒါကြောင့် အရှုံးနဲ့ရင်ဆိုင်နေရတာ”ဟု ပြောသည်။

ထို့ကြောင့် ၈ လကျော်ကြာပိတ်ထားသည့် ရခိုင်မှ တရုတ်ပြည်သို့တင်ပို့သည့် ကုန်သွယ်ရေးလမ်းကြောင်းကို အမြန်ဆုံးပြန်ဖွင့်ပေး စေလိုကြောင်း ကုန်သွယ်ရေးလမ်းကြောင်းပြန်ဖွင့်ပေးမှသာလျင် မိမိတို့လုပ်ငန်းမှာ အဆင်ပြေမည်ဖြစ်ကြောင်းလည်း ကဏန်းအဝယ်ဒိုင်ပိုင်ရှင်များကဆိုသည်။

ပုဏ္ဏားကျွန်းမြို့နယ်ရှိ ကဏန်းအဝယ်ဒိုင်တစ်ခုဖြစ်သည့် Blue Sea မှတာဝန်ခံ ကိုကျော်နိုင်လင်းက “ အခု ကျွန်တော်တို့ အရမ်းကိုအရှုံးပေါ်နေတယ်။ ကုန်သွယ်ရေးလမ်းကြောင်းကိုအမြန်ဆုံးပြန်ဖွင့်ပေးစေချင်တယ်။ တရုတ်ကိုမပို့ရလို့ ရန်ကုန်မှာပဲ ဖြစ်သလို့ရောင်းချနေရတယ်”ဟု ပြောသည်။

ရခိုင်ရှိကဏန်းအဝယ်ဒိုင်များမှ ကဏန်းများကိုတရုတ်ပြည်သို့ပို့ဆောင်ရာတွင် ကားလမ်း၊ လေကြောင်းလမ်းတို့နှင့် ပို့ဆောင်မှုများရှိ သော်လည်း အများစုမှာကားလမ်းဖြင့်သာပို့ဆောင်သည်။ ရခိုင်ပြည်နယ်၌ ကဏန်းအဝယ်ဒိုင်များမှာ စစ်တွေမြို့နယ်၊ ပုဏ္ဏားကျွန်းမြို့နယ်၊ ပေါက်တောမြို့နယ်၊ မြေပုံမြို့နယ်၊ အမ်းမြို့နယ် စသည်တို့တွင်တည်ရှိသည်ဟု သိရသည်။

https://www.facebook.com/westernnewsagency/posts/276511694155342

Leave a Reply

Your email address will not be published.