By Narinjara/ 2021 April 6

အာဏာသိမ်းမှုကို ဆန့်ကျင်ဆန္ဒပြ၍ တောင်ကုတ်မြို့တွင် ဖမ်းဆီးခံထားရသည့် ရခိုင်ဒီမိုကရေစီ အဖွဲ့ချုပ် (ALD) ဗဟို တွဲဘက်အတွင်းရေးမှူး ကိုကျော်ကျော်လင်းနှင့် တခြားနှစ်ဦးတို့၏အမှုအား ဧပြီလ ၈ ရက်နေ့၌ တောင်ကုတ်မြို့နယ် တရားရုံးတွင် Video Conferencing ဖြင့် ထပ်မံရုံးထုတ် စစ်ဆေးမည်ဟု သတင်းရရှိသည်။
၎င်းတို့အမှုအား စစ်ဆေးရန် မတ်လ ၅ ရက်နေ့၌ video conferencing ဖြင့် ရုံးထုတ် စစ်ဆေးခဲ့သော်လည်း ဥပဒေအရာရှိ မရှိသဖြင့် ဧပြီလ ၈ ရက်နေ့သို့ ထပ်မံရုံးချိန်းလိုက်သည်ဟု အမှုအားလိုက်ပါဆောင်ရွက်ပေးနေသူ ရှေ့နေ ဦးခင်မောင်ဌေးက ပြောသည်။
“ ကျနော်တို့ တရားလိုကိုတော့ စစ်ပြီးပြီ။ လိုပြသက်သေက ၆ ယောက်ပါတဲ့အတွက် နောက်ထပ် ၅ ယောက် စစ်ဆေးဖို့ ကျန်သေးတယ်။ လိုပြသက်သေတွေကတော့ နယ်ထိန်းခေါင်းဆောင်ပါတယ်။ နောက် ရဲတပ်ကြပ်၊ ရဲတပ်သားတို့ ပါတယ်” ဟု ၎င်းက ပြောသည်။
တရားလိုအဖြစ် တိုင်းတန်းသူမှာ တောင်ကုတ်မြို့နယ်၊ စီမံအုပ်ချုပ်ရေးကောင်စီ၏ ဒုဦးစီး ဦးမောင်ထွီးခိုင် ဖြစ်ပြီး ၎င်းတစ်ဦးတည်းကိုသာ စစ်ဆေးရသေးကြောင်း ရှေ့နေက ပြောဆိုသည်။
ဧပြီ ၅ ရက်နေ့က ရုံးထုတ် စစ်ဆေးမှုသည် ၃ ကြိမ် ရုံးချိန်းဖြစ်ကာ လွန်ခဲ့သည့် မတ်လ ၂၃ ရက်နေ့ ရုံးချိန်း၌ တရားလို မောင်ထွီးခိုင်အား စစ်ဆေးခဲ့ကြောင်း သိရှိရသည်။
တောင်ကုတ်မြို့နယ် (ALD) ပါတီ တွဲဖက်အတွင်းရေးမှူး ကိုအောင်မင်းနိုင်က “ကျနော်တို့က အာဏာရှင်စနစ်ကို မကြိုက်ဘူး။ လူ့အခွင့်အရေးလည်း ဆုံးရှုံးတယ်။ ပြည်သူလူထုရဲ့ အခွင့်အာဏာ ရပိုင်ခွင့်တွေလည်း ဆုံးရှုံးတယ်။ အဲဒါကို ဆန့်ကျင်လို့ ဆန္ဒပြတဲ့ အတွက် ဖမ်းသွားတာကိုတော့ ကျနော်တို့ က မတရားဖမ်းသွားတယ်လို့ မြင်ပါတယ်” ဟု ပြောသည်။
ရခိုင်ဒီမိုကရေစီအဖွဲ့ချုပ် (ALD) ဗဟိုတွဲဘက် အတွင်းရေးမှူး ဦးကျော်ကျော်လင်းနှင့် တောင်ကုတ်မြို့ရှိ ကိုမင်းလှိုင်ထွန်း (ခ) သားသားကြီး၊ ကိုဇာနည်ထူးထူးတို့သည် ဖေဖော်ဝါရီ ၂၈ ရက်နေ့ နံနက်ပိုင်းက ဆန္ဒပြန်ရန် ပြင်ဆင်နေစဉ် ဖမ်းဆီးခံခဲ့ရခြင်းဖြစ်သည်။
ဖမ်းဆီးခံရပြီးနောက် သူတို့အား တောင်ကုတ်မြို့နယ်၊ စီမံအုပ်ချုပ်ရေးကောင်စီ၏ ဒုဦးစီး ဦးမောင်ထွီးခိုင်က တရားလိုပြုလုပ်ကာ ရာဇသတ်ကြီး ပုဒ်မ ၅၀၅ – က ဖြင့် တရားစွဲဆိုခဲ့ကြောင်း သိရှိရသည်။
ရခိုင်ဒီမိုကရေစီအဖွဲ့မှ (ALD) ပါတီမှ အထွေထွေအတွင်းရေးမှူး ဦးမျိုးကျော်ကိုလည်း CDM လုပ်ရှားမှု၌ ပါဝင်သွားကြောင့် ပြီးခဲ့သော မတ်လ ၁၀ ရက်နေ့က နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီမှ ဖမ်းဝရမ်းထုတ်ထားသည်ဟု သိရသည်။
https://www.facebook.com/narinjara.info/posts/4201891223156256