စီမံကိန်းဧရိယာတွင်ပါဝင်သည့် ကျေးရွာ ၂ ရွာ နစ်နာကြေး အပြည့်အစုံမရသေး

By Western News/ 2021 April 22

၂၀၀၈ ခုနှစ်ကစတင်အကောင်အထည်ဖော်တည်ဆောက်ခဲ့သည့် သူဌေးချောင်းရေအားလျှပ်စစ်စီမံကိန်းဧရိယာထဲတွင် ပါဝင်သည့် ရခိုင်ပြည်နယ်၊ သံတွဲမြို့နယ်ရေကောက်နှင့် ပုရစ်ကျေးရွာမှနေအိမ်များပြောင်းရွှေ့မှုမှာ ဧပြီလကုန်ပိုင်းတွင် ပြီးစီးမည်ဖြစ်သော်လည်း နစ်နာကြေးအပြည့်အစုံမရသေးကြောင်းဒေသခံများထံမှသိရသည်။

ပြောင်းရွှေ့ရမည့် ရေကောက်နှင့် ပုရစ်ကျေးရွာသားများကို အနည်းဆုံး သိန်း ၃၀ မှ အများဆုံး သိန်း ၁၈၀ ထိနစ်နာကြေးပေးမသည်ဟု ပြောဆိုထားသော်လည်း ယခုအချိန်ထိအပြည့်အစုံမရရှိသေးကြောင်း ရေကောက် ကျေးရွာရာအိမ်မှူး ဦးအောင်ကြီးက Western News ကိုပြောသည်။

“နေအိမ် ၃၈၀ မှာ အိမ် ၃၀ လောက်ပဲပြောင်းရွှေ့ဖို့ကျန်တော့တယ်။ ဒီလကုန်လောက်ဆိုရင် ပြောင်းရွှေ့ပြီးစီးမယ်။ ဒါပေမယ့် ကျွန်တော့်တို့ရဲ့နစ်နာကြေးကိုအပြည့်အစုံမရသေးဘူး။ သူတို့ကတော့အဖြတ်လိုက်ပေးမယ်လို့တော့ ပြောတယ်။ အခုအချိန်ထိတော့ ပထမအဖြတ်ကိုတောင်အပြည့်မရသေးဘူး”ဟုပြောသည်။

ယင်းအပြင် စီမံကိန်းကြောင့်ပြောင်းရွှေ့ရမည့် ရေကောက်နှင့်ပုရစ်ကျေးရွာမှဒေသခံများ၏ နစ်နာကြေးကို သုံးဖြတ်ခွဲပေးမည်ဟု ပြောဆိုထားပြီး ပထမအသုတ်တွင် ၃၀ ရာခိုင်နှုန်း၊ ဒုတိယအသုတ်တွင် ၄၀ ရာခိုင်နှုန်း၊ တတိယအသုတ်တွင် ၃၀ ရာခိုင်နှုန်းဖြင့် အသုတ်လိုက်ခွဲပေးမည်ဟု တာဝန်ရှိသူများကပြောဆိုထားကြောင်းလည်း ဦးအောင်ကြီးကပြောသည်။

သူဌေးချောင်းရေအားလျှပ်စစ်စီမံကိန်းမှ လက်ထောက်ညွှန်ကြားရေးမှူး ဦးကျော်အေးကမူ နစ်နာကြေးအပြည့်အစုံ မရခြင်း မရခြင်းမှာ ဘဏ်၏ အခက်အခဲများကြောင့်ဖြစ်သည်ဟုပြောသည်။

“ဒီဟာက ဘဏ်ရဲ့အခြေအနေကြောင့်ဖြစ်တယ်။ ဘဏ်က တပတ်ကို သိန်း ၂၀၀ ပဲထုတ်လို့ရတယ်။ အခုက သိန်းထောင်ချီပြီးတော့ နှစ်ထောင်၊ သုံးထောင်ပေးရမည့်အခြေအနေဖြစ်နေတယ်။ ဒီလိုအခက်အခဲကြုံ နေရတဲ့အတွက် ဘဏ်မန်နေဂျာနဲ့ညှိပြီးတော့ ကျွန်တော်တို့က ရွာသားတစ်ဦးချင်းစီကို ဘဏ်အကောင့် လုပ်ပေးထားတယ်။ အိမ်ခြေ ၁၀၀ ကျော်လောက်လုပ်ပြီးသွားပြီ။ ငွေလည်းထုတ်ယူနေကြပြီ”ဟု ဦးကျော်အေး ကပြောသည်။

ပထမအသုတ်နစ်နာကြေးမရရှိသေးသည့်ရွာသားများကို ဘဏ်အကောင့်လုပ်ပေးမည်ဖြစ်ပြီး မေလ လလယ်ပိုင်း လောက်တွင် ပထမအသုတ်နစ်နာကြေးကိုကျေးရွာသားများအားလုံးရရှိအောင်ဆောင်ရွက်ပေးမည် ဖြစ်သလို နစ်နာကြေးအားလုံးကို ပေးအပ်ပြီးစီးမည့်အချိန်ကို မပြောနိုင်သေးကြောင်းနှင့် ပြောင်းရွှေ့သွားသည့်ဒေသခံများထဲမှ လယ်ယာမြေဆုံးရှံးခဲ့သူများအတွက် မြေဧက ၄၅၀ ကို လယ်ယာမြေအဖြစ်အစားထိုးပေးရန် အစီအစဉ်ရှိကြောင်း ဦးကျော်အေးကဆိုသည်။

လယ်ယာမြေပေးမည်ဟုပြောဆိုထားသည်မှာ ပါးစပ်အားဖြင့်သာပြောဆိုထားခြင်းဖြစ်ပြီး လက်တွေ့အားဖြင့်ပေးထားခြင်းမရှိသေးဟု ရေကောက် ကျေးရွာရာအိမ်မှူး ဦးအောင်ကြီးကဆိုသည်။

“လယ်ယာမြေပေးထားတာတော့မရှိသေးဘူး။ တောင်ကိုလယ်ယာမြေအဖြစ်လုပ်ပေးမယ်လို့တော့ ပြောထားတာ ရှိတယ်။ အဲဒီစီမံကိန်းကြောင့်၂၀၀၉ ခုနှစ်ကပြောင်းရွှေ့သွားတဲ့ မယ်ဝရွာကိုလည်း ဧက ၁၅၀ ပေးမယ်လို့ ပြောထားတာဆိုရင် အခုအချိန်ထိမရသေးဘူး။ သူတို့ဆိုရင် အခုအချိန်ထိ လုပ်ကိုင်စားသောက်စရာ ဘာမှမရှိသေးဘူး”ဟုဆိုသည်။

ရေကောက်နှင့် ပုရစ်ကျေးရွာသည် သံတွဲမှ ၂၅ မိုင်ခန့်ဝေးပြီး ယခုလက်ရှိပြောင်းရွှေ့နေသည့်မြေနေရာသည် သံတွဲ-တောင်ကုတ် ကားလမ်းဘေးတွင်ရှိသည် ဂျိန်ဒေါင်ဆည်နှင့်‌ဒေါ်မျကျေးရွာကြားတွင်ရှိသည်မြေနေရာဖြစ်သည်။

https://www.facebook.com/westernnewsagency/posts/275832540889924

Leave a Reply

Your email address will not be published.