စစ်ဘေးရှောင် ၃၀၀ ကျော်နေထိုင်သည့် ခရစ်တော်၏ အသင်းတော် (KCBS) ကျမ်းစာကျောင်းတွင် သောက်သုံးရေ ပြတ်လပ်မှုနှင့် ကြုံနေရ

By Western News/ 2021 April 9

ဓာတ်ပုံ- (KCBS)

ရခိုင်ပြည်နယ် ကျောက်တော်မြို့ ပြည်တော်သာရပ်ကွက်ရှိ ခရစ်တော်၏ အသင်း (KBCS) ကျမ်းစာကျောင်း စစ်ဘေးရှောင် စခန်းတွင် ‌သောက်သုံးရေ ပြတ်လပ်မှုနှင့် ကြုံတွေ့နေရကြောင်း စခန်းတာဝန်ခံထံမှ သိရသည်။

ပြီးခဲ့သည် ဖေဖော်ဝါ ဒုတိယအပတ်လောက်စတင်၍ စခန်းအတွင်းမှ ရေကန် နှစ်ကန်လုံးတွင် ရေခမ်းခြောက်သွားမှုကြောင့် စခန်းမှ မိနစ် ၂၀ ခန့် ကွာဝေးသော ပြည်တော်သာ ရေကန်မှ သွားရောက်ရေခပ်ယူနေကြရသည်ဟု စခန်းအရေးဆောင်ရွက်ပေးနေသူ ကိုအောင်အောင်က Western News ကို ပြောကြားသည်။

“ကျွန်တော်ဆီက ကန်နှစ်ကန် စလုံးမှာ ရေလုံးဝမရှိတော့ပါဘူး။ စည်ပင်ကပေးတဲ့ရေကလည်းမလုံလောက်ဘူး။ ယခုလက်ရှိမှာ မိနစ်၂၀ ခန့်သွားလာရတဲ့ပြည်တော်သာ ကန်ကသွားရောက်ခပ်ယူနေကြရတယ်။ ပြီးခဲ့တဲ့ ဖေဖော်ဝါရီ ၁၃ ရက်၊ ၁၄ ရက်နေ့က နေပြီးတော့ စပြီးရေပြတ်မှုဖြစ်တာ”ဟု ကိုအောင်အောင်က ပြောကြားသည်။

သောက်သုံးရေ ရှားပါးမှုကြောင်း မြို့နယ် အုပ်ချုပ်ရေးမှူး ထံတင်ပြထားသော်လည်း တစ်စုံတစ်ရာ ဖြေရှင်းပေးခြင်းမျိုးမရှိသေးဟု စခန်းတာဝန်ခံ ကိုပိုင်စိုးက ပြောသည်။

“ကျွန်တော်တို့ လွန်ခဲ့တဲ့ ၂ လလောက်ကမြို့နယ် အုပ်ချူပ်ရေး မှူးရုံး အစည်းအဝေးတွင် တင်ပြထားတာရှိပါတယ်။ သူတို့က မြို့ထဲ့က ကန်တွေကို ဆည်ကရေတွေဖြည့်ပေးမယ်လို့ ပြောပါတယ်”ဟုကိုပိုင်စိုးက ပြောသည်။

အဆိုပါရေရှားမှုနှင့်ပတ်သက်၍ ကျောက်တော်မြို့နယ် ဒုအုပ်ချူပ်ရေးမှူးထံသို့ Western News က ဆက်သွယ်မေးမြန်းရာ စစ်ဘေးရှောင် စခန်းများမှ ရေရှားမှုနှင့် ပတ်သက်ပြီး တင်ပြထားတာတွေ မရှိသေးကြောင်း ၎င်းကပြောသည်။

“ကျွန်တော်တို့ဆီကို စစ်ဘေးရှောင်စခန်းတွေဆီက တင်တာမှမရှိပဲ။ စစ်ဘေးရှောင်ကော်မတီက လိုအပ်ရင်တင်တယ်လေ။ အခုဟာက တင်ပြတာတွေမရှိဘူး”ဟုပြောသည်။

ထိုစစ်ဘေးရှောင်စခန်းတွင်ကျောက်တော်မြို့နယ် ကုလားတန်းဖက်ကနေ ကျောက်တန်း၊ မိကျောင်းတက်၊ သဲပုံ၊ စံကားတောင်၊ ပြိုင်းတိုင်း၊ သားပုံနှင့် ဂြခ်ခါးစေ့ ကျွေးရွာများမှ ကျောက်တော်မြို့ ခရစ်တော်၏ အသင်း (KBCS) ကျမ်းစာကျောင်းတွင် ခိုလှုံနေကြခြင်း ဖြစ်သည်။

အဆိုပါ စစ်ဘေးရှောင် ကယ်ဆယ်ရေး စခန်းတွင် ကျေးရွာ ပေါင်း ၇ ရွာမှ အိမ်ထောင်စု ၁၀၀ ခန့်ရှိပြီး လူဦးရေ ၃၆၀ ဦးရှိပြီး ပြီးခဲ့သည် ၂၀၂၀ မတ်လ စတင်ပြီး (KBCS) ကျမ်းစာကျောင်းသို့ခိုလှုံရန်ရောက်ရှိလာခဲ့ခြင်းဖြစ်သည်။

https://www.facebook.com/westernnewsagency/posts/266709268468918

Leave a Reply

Your email address will not be published.