စစ်တွေ-မန္တလေး လေကြောင်းလိုင်း တစ်ပတ် ၂ ရက် တိုက်ရိုက်ပြေးဆွဲမည်

By Western News/ 2021 April 22

စစ်တွေ-မန္တလေးလေကြောင်းလိုင်းကို တပတ် ၂ ရက်ဖြင့် ဧပြီလ ၂၆ ရက်နေ့ စတင်ကာ တိုက်ရိုက်ပြေးဆွဲသွားမည် ဖြစ်ကြောင်း လေယာဉ်လက်မှတ်အရောင်းဌာနများမှ သိရသည်။

စစ်တွေ-မန္တလေးလေကြောင်းလိုင်းကို တစ်ပတ် ၂ ရက်ကျ (တနင်္လာ၊ ကြာသပတေး)နေ့ကို မြန်မာ့အမျိုးသား လေကြောင်းလိုင်းမှ ဧပြီလ ၂၆ ရက်နေ့ စတင်ပြီး စစ်တွေ- မန္တလေးပြေးဆွဲသွားမည်ဖြစ်ကြောင်း စစ်တွေမြို့ရှိ Royal Thazin Linn Travels & Tours Co.,Ltd လေယာဉ်လက်မှတ်အရောင်းဌာနမှ ဒေါ်ဆုသဇင်က Western News သို့ပြောသည်။

“မြန်မာအမျိုးသားလေကြောင်းလိုင်းက ပြေးဆွဲမှာဖြစ်တယ်။ ဧပြီလ ၂၆ ရက် ၂ နာရီကွင်းချိန်း ပြီးတော့ ၄ နာရီမှာစထွက်မှာပေါ့။ ဈေးနှုန်းကတော့ သုံးမျိုးရှိတယ်။ လေးသောင်းခြောက်ထောင်တစ်မျိုးရှိတယ်၊ ငါးသောင်းတစ်ထောင်တစ်မျိုးရှိတယ်၊ ငါးသောင်းခြောက်ထောင်တစ်မျိုးရှိတယ်”ဟု ဒေါ်ဆုသဇင်ကပြောသည်။

အဆိုပါမြန်မာ့အမျိုးသား လေကြောင်းလိုင်းသည် စစ်တွေ-မန္တလေး လေကြောင်းလိုင်းတိုက်ရိုက်ပြေးဆွဲမည်ဆိုသော်လည်း မန္တလေး- စစ်တွေသို့ တိုက်ရိုက်ပြေးမည်မဟုတ်ဟု လေယာဉ်လက်မှတ် အရောင်းဌာနကပြောသည်။ စစ်တွေ-မန္တလေးလေကြောင်းလိုင်းသည် ကြာမြင့်ချိန် ၁ နာရီခန့်ကြာ ပျံသန်းရသည့်ခရီးစဉ်တစ်ခုလည်းဖြစ်သည်။

မြန်မာအမျိုးသားလေကြောင်းလိုင်းသည် ယခင်ကလည်း စစ်တွေမှမန္တလေးကိုတိုက်ရိုက်ပြေးဆွဲခဲ့ပြီးနောက် ယခုနှစ်ဖေဖော်ဝါရီလ ကတည်းက ပြေးဆွဲခဲ့ခြင်းကို ရပ်နားခဲ့ကာ ယခုဧပြီလမှစတင်၍ ပြန်လည်ပြေးဆွဲခြင်းဖြစ်သည်ဟု လေယာဉ်လက်မှတ်အရောင်းဌာန များကပြောသည်။

https://www.facebook.com/westernnewsagency/posts/275900000883178

Leave a Reply

Your email address will not be published.