By Developement Media Group (DMG)/ 2021 April 27

ရခိုင်ပြည်နယ်၊ စစ်တွေမြို့၊ ဘုမေရပ်ကွက်က မြေကွက်လပ်နေရာတွင် ကျုးကျော်နေထိုင်သည့် အမျိုးသမီး နှစ်ဦးနှင့် အမျိုးသားနှစ်ဦးတို့မှာ ပိုက်နက်ကျူးလွန်မှုဖြင့် အမှုဖွင့်ခံထားရကြောင်း ကာယကံရှင်များထံမှ သိရသည်။
အဆိုပါမြေနေရာတွင် ကျူးကျော်နေထိုင်သူများထဲမှ ဒေါ်သန်းနု (၃၂)နှစ်၊ ဒေါ်မလှသိန်း (၆၀)နှစ်၊ ဦးသာဗန်းခိုင်(၇၃)နှစ်နှင့် ဦးကေသာထွန်း (၆၀)နှစ်တို့ကို ဧပြီလ ၂၄ ရက်နေ့ ညအချိန်နှင့် ၂၅ ရက်နေ့ နံနက်ပိုင်းအချိန်တို့တွင် ရဲကဖမ်းဆီးခဲ့သည်။
၎င်းတို့လေးဦးကို ရဲတပ်ဖွဲ့က ဖမ်းဆီးစစ်ဆေးပြီး ဧပြီလ ၂၅ ရက်နေ့ ည ၉ နာရီအချိန်တွင် အာမခံနှင့် ပြန်လွှတ် ပေးလိုက်ကြောင်း ကာယကံရှင်တစ်ဦးက DMG သို့ ပြောသည်။
ပြန်လည်လွတ်မြောက်လာသည့် ဦးသာဗန်းခိုင်က “ကျနော်တို့ လေးယောက်လုံးလွှတ်လာတာပါ။ ကျနော်တို့ကို ပြောလိုက်က နောက်မီဒီယာတွေကမေးရင် မဖြေနဲ့လို့ပြောလိုက်ပါတယ်၊ ကျနော်တို့အမှုက ထောင်ကျမယ့် အမှုမဟုတ်ဆိုပြီးတော့ပြောတယ်။ နောက်ပြီးတော့ ကျနော်တို့ကိုရုံးတင်ဖို့ ပြန်ခေါ်လာမယ်လို့ပြောတယ်။ သတ်တာ၊ ပုတ်တာတွေတော့မရှိပါဘူး” ဟု ပြောသည်။
၎င်းတို့လေးဦးကို ရာဇသတ်ကြီးဥပဒေပုဒ်မ- ၄၄၇ (ပိုင်နက်ကျူးကျော်မှု)ဖြင့် မြို့ရွာနှင့် အိုးအိမ်ဖွံ့ဖြိုးရေးဦးစီး ဌာနမှ တရားလိုပြုလုပ်ကာ အမှုဖွင့်လှစ်ထားပြီး ၎င်းတို့လေးဦးကို အာမခံနှင့် ပြန်လွှတ်လိုက်ကြောင်း စစ်တွေမြို့မရဲစခန်းမှ ရဲအရာရှိတစ်ဦးက ပြောကြားသည်။
ပိုက်နက်ကျူးကျော်မှု ဥပဒေပုဒ်မ-၄၄၇ သည် သုံးလထိ ထောင်ဒဏ် တစ်မျိုးမျိုးဖြစ်စေ၊ ကျပ်ငါးသောင်းထိ ငွေဒဏ်ဖြစ်စေ၊ ဒဏ်နှစ်ရပ်လုံးဖြစ်စေ ချမှတ်နိုင်ကြောင်း ဥပဒေတွင်ပြဠာန်းထားသည်။
ဘုမေရပ်ကွက်၊ ရထားလမ်းဘေးရှိ အဆိုပါ မြေကွက်လပ်နေရာသည် ဌာနဆိုင်ရာနှင့် လူမှုရေးအဖွဲ့အစည်း များ၏ အဆောက်အဦများဆောက်လုပ်ရန်ထားရှိသော မြေနေရာဖြစ်ကြောင်း စစ်တွေမြို့နယ်အုပ်ချုပ်ရေးမှူး ဦးအောင်ဇော်ဦးက ပြောဆိုထားသည်။
၎င်းမြေနေရာတွင် ဆောက်လုပ်ထားသည့် ကျူးကျော်တဲအိမ် အလုံး ၁၀၀ ကျော်ကို ဒေသအာဏာပိုင်များမှ ဧပြီလ ၂၁ ရက်နေ့က ဖြိုဖျက်ဖယ်ရှားခဲ့သဖြင့် ၎င်းနေရာတွင်နေထိုင်နေသည့် လူဦးရေသုံးရာခန့် အိုးအိမ်မဲ့ ဖြစ်နေကြရသည်။
အဆိုပါနေရာ၌ ကျူးကျော်နေထိုင်နေသူများထဲတွင် တိုက်ပွဲဖြစ်ပွားမှုများကြောင့် ဘူးသီးတောင်၊ ရသေ့တောင်၊ ကျောက်တော်၊ မြောက်ဦးမြို့နယ်တို့မှ စစ်တွေမြို့သို့ ထွက်ပြေးခိုလှုံလာကြသည့် စစ်ဘေးရှောင်များလည်း ပါဝင်သည်။
https://www.facebook.com/dmgnewsagency/posts/2000145536804514