စစ်တွေမြို့ စျေးကြီးဆိပ်ကမ်းမှ လှေလုပ်သားများ မိုးရာသီလှေဆိုက်ကပ်မည့်နေရာအတွက် စိုးရိမ်နေကြ

By Developement Media Group (DMG)/ 2021 April 29

ရခိုင်ပြည်နယ်၊ စစ်တွေမြို့ပေါ်၌ BXT International ကုမ္ပဏီက တာဝန်ယူတည်ဆောက်ထားသော မြို့ပြ မြေယာဖော်ထုတ်ရေးစီမံကိန်းနေရာသည် ယခင်က လက်ခတ်လှေများ၊ ငါးဖမ်းလှေများနှင့် ကုန်တင်ကုန်ချ လုပ်သားများ ကမ်းကပ်မှီခိုရာ နေရာတစ်ခုဖြစ်သည်။

မြို့ပြမြေယာစီမံကိန်းဖော်ထုတ်ပြီးနောက်တွင် မိုးရာသီတွင် လှိုင်းလေဒဏ်ကိုကာကွယ်ရန် လှေများမှာ စစ်တွေ မြို့လည်ချောင်းကို အားထားခဲ့ရသည်။

လက်ရှိတွင် အဆိုပါမြို့လည်ချောင်းတွင် တံတားထိုးထားပြီး ကမ်းထိန်းနံရံများ တည်ဆောက်ထားမှုကြောင့် လှေများဝင်ရောက်နားခိုရန် အခက်အခဲဖြစ်နေရကြောင်း စစ်တွေစျေးကြီးဆိပ်ကမ်းမှ လှေလုပ်သားများက ပြောသည်။

လာမည့် မိုးရာသီတွင် မုန်းတိုင်းဒဏ်နှင့် လှိုင်းလေဒဏ်ကို ကာကွယ်ရန်အတွက် လှေနားခိုမည့်နေရာ မရှိသဖြင့် မိုးရာသီအတွက် စိုးရိမ်နေရကြောင်း လှေလုပ်သား ကိုဘအေးကဆိုသည်။

“မိုးတွင်းကာလဆိုရင် လှေကတစ်စီးမှ ဝင်မရောက်တော့ဘူး။ လှေကပ်မယ်ဆိုရင် ကပ်လို့ရတယ်။ ဒါပေမယ့် လှိုင်းနဲ့လေနဲ့ဆိုတော့ လှေကွဲသွားမှာကိုကြောက်ရတယ်။ ချောင်းထဲဝင်မယ်ဆိုလည်း ဝင်လို့မရဘူး” ဟု ၎င်းက ပြောသည်။

ယခင်က လှိုင်းလေကြီးလာပါက လက်ခတ်လှေများနှင့် ငါးဖမ်းလှေများမှာ ဘီးလူးမတံတားအနီးထိ ဝင်ရောက် ခိုလှုံခိုင်ခဲ့ပြီး ယခုအခါ အသစ်ထိုးထားသည့်တံတားမှာ နိမ့်လွန်းသဖြင့် လှေများ ချောင်းအတွင်းဝင်/ထွက်ရန် မဖြစ်နိုင်တော့ကြောင်း စစ်တွေစျေးကြီးဆိပ်တွင် လှေရပ်နားခွန်ကောက်ခံသူ ဦးတင်လှိုင်က ဆိုသည်။

“ဒီတံတားက နိမ့်သွားတယ်။ အဲဒီတော့ လှေတွေဝင်လို့မရတော့ဘူး။ မိုးရာသီရောက်လို့ ရာသီဥတုဆိုးလာရင် လှိုင်းတွေဝင်လာရင် ဒီနားမှာ လှေတွေရပ်လို့မရတော့ဘူး” ဟု ၎င်းကပြောသည်။

အဆိုပါတံတားသည် BXT International ကုမ္ပဏီမှ ပြည်သူများအတွက် လှူဒါန်းထားသည့် တံတားဖြစ်ပြီး စစ်တွေမြို့ မြို့မိ၊မြို့ဖများ၊ စည်ပင်သာယာရေးကော်မတီဝင်များ၏ ဆုံးဖြတ်ချက်နှင့် တည်ဆောက်ခဲ့ခြင်း ဖြစ်ကြောင်း ကုမ္ပဏီတာဝန်ရှိသူက ပြောကြားသည်။

“ဒီတံတားက ဒီဂစ္ဆပရပ်ကွက် တောင်ပိုင်းနဲ့ မြောက်ပိုင်းကို အဓိကဆက်သွယ်ဖို့အတွက်ကို ရည်ရွယ်ပြီးတော့ တည်ဆောက်ထားတာဖြစ်ပါတယ်။ BXT ကုမ္ပဏီရဲ့ဘတ်ဂျက်နဲ့ပဲ ဒီတံတားကို ဒေသအတွက် လှူဒါန်းထားတဲ့ တံတားတစ်စင်းဖြစ်ပါတယ်” ဟု BXT International ကုမ္ပဏီ၏ ဆောက်လုပ်ရေးမန်နေဂျာ ဦးအောင်မျိုးသန့်က ဆိုသည်။

ယခုဆောက်လုပ်ထားသည့် တံတားမှာ လမ်းမတော်နှင့် စျေးသစ်ကို လွယ်ကူစွာသွားလာနိုင်သောကြောင့် မြို့နေလူထုအတွက် အကျိုးရှိမည်ဖြစ်သော်လည်း ယင်းပတ်ဝန်းကျင်အား မှီခိုလုပ်ကိုင်စားသောက်နေသူများ အတွက် ထိခိုက်မှုရှိကောင်းရှိနိုကြောင်း ၎င်းကပြောသည်။

စစ်တွေမြို့စျေးကြီးဆိပ်ကမ်းအား အမှီပြုပြီးလုပ်ကိုင်နေသည့် လက်ခတ်လှေအစီးရေ ၁၀၀ ကျော်ရှိပြီး လှေလုပ်သားစုစုပေါင်း ၄၀၀ ကျော်မှာ ကုန်တင်ကုန်ချခြင်း၊ ခရီးသည်ပို့ဆောင်ခြင်း လုပ်ငန်းများနှင့် အသက်မွေး ဝမ်းကျောင်းပြုနေကြခြင်းဖြစ်သည်။

စစ်တွေမြို့ မြို့ပြမြေယာဖော်ထုတ်ရေးစီမံကိန်းကို ပြည်နယ်အစိုးရနှင့် BXT International ကုမ္ပဏီတို့ အကျိုးတူပူးပေါင်းကာ ၂၀၁၆ ခုနှစ် မတ်လအတွင်းက စီမံကိန်းကို စတင်အကောင်အထည်ဖော်ခဲ့ခြင်းဖြစ်သည်။

အဆိုပါစီမံကိန်းတွင် မြေဧက ၁၀၀ ကျော်အား မြေဖို့မြေယာဖော်ထုတ်ခဲ့ရာ BXT ကုမ္ပဏီမှ ၉၂ ဧကကို ဒေါ်လာ ၉ သန်းကျော်ကုန်ကျခံခဲ့သဖြင့် ကုမ္ပဏီမှ ရဝ ရာခိုင်နှုန်းနှင့် အစိုးရမှ ၃၀ ရာခိုင်နှုန်း ရရှိမည်ဖြစ်ကြောင်း သိရသည်။

https://www.dmgburmese.com/%E1%80%9E%E1%80%90%E1%80%84%E1%80%B9%E1%80%B8/boat-post.html?fbclid=IwAR16QR7B_cGic6C-Pc2hZhvAz0jp_i0rtuizpWjWdbROOc328gTH1Zzp1L4

https://www.facebook.com/dmgnewsagency/posts/2001429443342790

Leave a Reply

Your email address will not be published.