စစ်တွေတက္ကသိုလ် မေလ ၅ ရက်နေ့တွင် စတင်ဖွင့်မည်၊ ကျောင်းတက်၊ မတက်ကိုကျောင်းသူ/သား များဆွေးနွေးနေဟုဆို

By Western News/ 2021 April 30

ရခိုင်ပြည်နယ်၊ စစ်တွေမြို့ရှိ စစ်တွေတက္ကသိုလ်ကို လာမည့် မေလ ၅ ရက်နေ့တွင် ကိုဗစ် ၁၉ စည်းကမ်း ချက်များနှင့် အညီ ပြန်လည်ဖွင့်လှစ်သွားမည်ဟု တာဝန်ရှိသူများမှ ပြောဆိုထားသော်လည်း ကျောင်းတက်၊ မတက်ဆိုသည်ကိုဆွေးနွေးနေကြောင်း ကျောင်းသားသမဂ္ဂကပြောသည်။

တက္ကသိုလ်ကိုပြန်ဖွင့်လှစ်မည်ဖြစ်သော်လည်း ကျောင်းသူ၊ကျောင်းသားအားလုံးတက်ရမှာ မဟုတ်ဘဲ ၂၀၁၉-၂၀၂၀ ပညာ သင်နှစ်က နောက်ဆုံးနှစ်ကျောင်းသူ၊ ကျောင်းသားများနှင့် မဟာတန်းတက်နေသည့် ကျောင်းသူ၊ကျောင်းသား တို့သာတက်ရမည် ဖြစ်ကြောင်း သိရသည်။

ပြီးခဲ့သည့် ၂၀၁၉-၂၀၂၀ ပညာသင်နှစ်က စစ်တွေတက္ကသိုလ်တွင် ကျောင်းသူ၊ ကျောင်းသားစုစုပေါင်း ၄၀၀၀ကျော်ထိရှိခဲ့ ပြီး ယင်းထဲတွင် နောက်ဆုံးနှစ်ကျောင်းသူ၊ ကျောင်းသားများနှင့် မဟာတန်းတက်နေသည့် ကျောင်းသူ၊ကျောင်းသား ၇၀၀ နီးပါးထိရှိကြောင်း စစ်တွေတက္ကသိုလ်မှသင်တန်းရေးရာဌာနမှူး ဦးကျော်နိုင်ဦးက ပြောသည်။

“ကျွန်တော်တို့ မေလ ၅ ရက်နေ့ တက္ကသိုလ်ပြန်ဖွင့်ရင် ကိုဗစ်စည်းကမ်းတွေနဲ့အညီလုပ်ဆောင်သွားမှာပါ။ ကျွန်တော်တို့မှာ နောက်ဆုံးနှစ်နဲ့ မဟာတန်းတွေ စုစုပေါင်း ၇၀၀ နီးပါးရှိတော့ ဆိုရင်တစ်ခန်းကို လူ ၁၂၀ ထိဆန့်တာပေါ့။ လူများတဲ့မေဂျာတွေဆိုရင် တစ်ခန်းကို ၁၂၀ ထိထိုင်တာရှိတယ်။ တစ်ခုံမှာ ၅ဦးစီထိုင်တာပေါ့။ ခုကတော့ တစ်ခုံကို ၂ ဦးစီပဲထိုင်မှာပါ ကိုဗစ်စည်းကမ်းတွေနဲ့ အညီပေါ့နော်”ဟုပြောသည်။

ယင်းအပြင်း တက္ကသိုလ်ကိုပြန်ဖွင့်မည်ဖြစ်သည့်အတွက်စာသင်ဆောင်များကိုလည်း ကိုဗစ်- ၁၉ စည်းကမ်းများ နှင့်အညီ စနစ်တကျစီစဉ်လုပ်ဆောင်ထားသဖြင့်ကျောင်းသူ၊ ကျောင်းသားများအနေဖြင့် လာရောက်တက်စေလိုကြောင်း ဦးကျော်နိုင်ဦးက ပြောသည်။

“ကျောင်းပြန်ဖွင့်ရန် စာသင်ဆောင်တွေသာမကပဲ ကျွန်တော်တို့ အဆောင်နေမဲ့ ကျောင်းသားတွေကိုလည်း အဆောင်မှာနေနိုင်ဖို့ လုပ်ဆောင်ထားပါတယ်။ အရင်တုန်းက တစ်ခန်းမှာ ၂ ယောက်ပေါ့ ။ ခုကတေ့ တစ်ယောက်စီထားမယ်။ အဲ့လိုမျိုးစီစဉ်ထားပါတယ်။ ပြီးတော့ ကျွန်တော်တို့ နောက်ဆုံးနှစ်ကျောင်းသားတွေဖြစ်တဲ့အတွက် သူတို့အတွက် အလုပ်တွေလုပ်ချင်တဲ့အခါ ဘွဲ့မရင်မဆင်မပြေတဲ့ အပိုင်းတွေရှိတယ်။ သူတို့ ဘွဲ့ရသွားအောင် အလုပ်လုပ်ဖို့ အဆင်ပြေအောင် ကျောင်းလာတက်စေချင်ပါတယ်”ဟုပြောသည်။

သို့သော်လည်း ကျောင်းသူ၊ ကျောင်းသားများအနေဖြင့် ကျောင်းတက်၊ မတက်ကို လက်ရှိတွင် ကျောင်းသားများ နှင့်အတူ စစ်တွေကျောင်းသားသမဂ္ဂတွင် ဆွေးနွေးမှုများပြုလုပ်နေကြောင်း စစ်တွေကျောင်းသားသမ္ဂမှ ဥက္ကဌ ကိုတိုးတိုးအောင်ကပြောသည်။

“ကျွန်တော်တို့ လက်ရှိမှာတော့ ကျောင်းသားတွေအပါအဝင် ကျောင်းသားသမဂ္ဂမှာ ကျောင်းတက်/မတက်ဖို့ ကိစ္စနဲ့ပတ်သတ်လို့ ဆွေးနွေးနေကြပါတယ်။ တစ်ချို့ကတော့ တက်မဲ့သူတွေရှိသလို မတက်ချင်ကြတဲ့သူတွေ လည်း ရှိပါတယ်”ဟုပြောသည်။

ယင်းအပြင် တက္ကသိုလ်ကို မေလ ၅ ရက်နေ့တွင်ပြန်လည်တက်ရောက်ရမည်ဟု ကြားသိရသော်လည်း တက်မတက်ကိုမှု တစ်ခြားသော ကျောင်းသူ၊ သားများနှင့်အတူဆုံးဖြတ်သွားမည်ဖြစ်ကြောင်း စစ်တွေတက္ကသိုလ် ရုက္ခဗေဒမေဂျာမှ နောက်ဆုံးနှစ်ကျောင်းသူတစ်ဦးက ပြောသည်။

“တက္ကသိုလ်ပြန်ဖွင့်မယ်ဆိုတာကို ကြားသိရတာတော့ရှိပါပြီ။ ပြန်တက်မယ်/မတက်ဘူးဆိုတာတော့ တစ်ခြား ကျောင်းသားတွေ တက်ရင် တက်မှာပါ။ သူများတွေ မတက်ရင်တော့ ကျွန်မလည်း မတက်ပါဘူး”ဟုပြောသည်။

စစ်တွေတက္ကသိုလ်ကိုပြီးခဲ့သည့် ၂၀၂၀ခုနှစ် မတ်လအတွင်းက နှစ်တစ်ဝက်စာမေးပွဲစစ်နေစဉ်အတွင်း ကိုဗစ် ၁၉ ရောဂါကြောင့် ပိတ်ထားခဲ့ခြင်းဖြစ်သည်။

မြန်မာတစ်နိုင်ငံလုံးရှိ တက္ကသိုလ် ဒီဂရီ ကောလိပ်များမှ နောက်ဆုံးနှစ် ၊ မဟာတန်းကျောင်းသား/သူများကို လာမည့်မေလ ၅ ရက်နေ့တွင် တက်ရောက်ကြရန်နှင့် အခြေခံပညာသင်ကျောင်းများကိုလည်း ဇွန်လ ၁ ရက် နေ့ ပြန်လည်ဖွင့်လှစ်ရန် နိုင်ငံတော် စီမံအုပ်ချုပ်ရေးကောင်စီကထုတ်ပြန်ထားသည်။

https://www.facebook.com/westernnewsagency/posts/280946887045156

Leave a Reply

Your email address will not be published.