စစ်ကောင်စီက အမ်းမြို့နယ်မှ စစ်ဘေးရှောင်တချို့ကို နေရပ်ပြန်ပို့

By Myanmar now/ 2021 April 7

မြောက်ဦးရှိ စစ်ဘေးရှောင်ဒုက္ခသည်အချို့ကို ဇန်နဝါရီ ပထမပတ်က တွေ့မြင်ရစဉ်။ (ဓာတ်ပုံ-Myanmar Now)

စစ်ရှောင်ဒုက္ခသည်အများစုမှာ နေရပ်မပြန်လိုကြသော်လည်း မိုင်းရှင်းလင်းပြီး စားနပ်ရိက္ခာများ၊ နေစရာပေးမည်ဟု ဆိုကာ စစ်ရှောင် ၆၀ ကို နေရပ်ပြန်ပို့ရန် စစ်ကောင်စီမှ ခန့်အပ်ထားသူများက စီစဉ်ခဲ့ကြသည်

ရခိုင်ပြည်နယ်၊ အမ်းမြို့နယ်ရှိ စစ်ဘေးရှောင် ၆၀ ခန့်ကို စစ်ကောင်စီ၏ အစီအစဉ်ဖြင့် ယနေ့ ဧပြီ ၇ တွင် နေရပ်ရင်းရွာများသို့ ပြန်ပို့လိုက်ကြောင်း ဒေသခံများထံမှ သိရသည်။

မြို့ပေါ်စစ်ရှောင်စခန်းများနှင့် မြို့ပေါ်ရပ်ကွက်များတွင် ခိုလှုံနေကြသည့် ကဇူးကိုင်း၊ အုန်းတည်ချောင်း၊ ဖရုံချောင်း၊ ဂြိုက်ချောင်း စသည့် ကျေးရွာများမှ အိမ်ထောင်စု ၁၆ စု၊ လူဦးရေ ၆၀ ခန့်ကို ပြန်ပို့ပေးလိုက်ခြင်းဖြစ်သည်ဟု အမ်းမြို့ခံ ကိုမျိုးလွင်က ပြောသည်။

ပြီးခဲ့သည့်လဆန်းပိုင်းတွင် စစ်တပ်က အမ်းမြို့နယ် ထွေအုပ်ရုံးတွင် စစ်ရှောင်များကို ခေါ်ယူတွေ့ဆုံခဲ့ပြီး လေးရက်အတွင်း နေရပ်ပြန်ရမည်ဟု ပြောခဲ့ပြီးနောက် စစ်ရှောင်စခန်းတာဝန်ခံများက စာရင်းများကောက်ယူခဲ့ကြောင်း ၎င်းက ဆက်ပြောသည်။

“ဒုတိုင်းမှူးကနေပြီးတော့ အားလုံးပြန်ရမယ်။ လေးရက်အတွင်းမှာ အားလုံး နေရပ်ကို ပြန်ရမယ်။ မိုင်းလည်း ရှင်းလင်းထားတယ်။ စားနပ်ရိက္ခာကို နှစ်လစာပေးမယ်။ နေအိမ်တွေ ဆောက်ပေးမယ်။ အဲဒီလိုတော့ ဒုတိုင်းမှူးက ဆွေး‌နွေးခဲ့တာရှိတယ်” ဟု အမ်းမြို့ခံ ကိုမျိုးလွင်က ပြောသည်။

ရခိုင်ပြည်နယ်၏ ပြီးခဲ့သည့် နှစ်နှစ်တာစစ်ပွဲကာလအတွင်း စစ်ဘေးရှောင် နှစ်သိန်းခန့် နေရပ်စွန့်ခွာထွက်ပြေးခဲ့ရကာ အမ်း၊ ကျောက်တော်၊ မြောက်ဦး၊ မင်းပြားတို့တွင် အများစု စစ်ရှောင်နေခဲ့ရသည်။ 

ပြီးခဲ့သည့် ဖေဖော်ဝါရီ ဒုတိယပတ်မှစတင်ကာ စစ်ဘေး‌ရှောင်များ နေရပ်ပြန်နိုင်ရေးအတွက် မိုင်းရှင်းလင်းရေး လုပ်ဆောင်နေသည်ဟု စစ်ကောင်စီဘက်က ပြောဆိုထားသော်လည်း စစ်ရှောင်များဘက်ကမူ တပ်မတော်စစ်ကြောင်း ရှိနေလျှင် မပြန်ရဲဟု ဆိုကြသည်။

ထို့ပြင် မြေမြှုပ်မိုင်းနှင့် စစ်ကျန်လက်နက်ခဲယမ်းများ၏ အန္တရာယ်ကို စိုးရိမ်ရကြောင်း၊ ကျေးရွာအနီးနှင့် ဘုရားပုထိုးများတွင် တပ်မတော်တပ်စွဲထားသည်များကို မရုပ်သိမ်းပေးလျှင် မပြန်ရဲကြောင်း စစ်ဘေးရှောင်များက ပြောထားကြသည်။

ဤအခြေအနေတွင် စစ်ရှောင်များကို စစ်ကောင်စီမှ ခန့်အပ်ထားသူများက ပြန်ပို့ရန် စီစဉ်ခဲ့ကြခြင်း ဖြစ်သည်။ 

ပြန်သွားသည့် စစ်ဘေးရှောင်များကို အသုံးအဆောင်ပစ္စည်းများ၊ တစ်လစာ စားနပ်ရိက္ခာနှင့် တစ်အိမ်ထောင်လျှင် ငွေကျပ် ၅ သိန်းစီကိုလည်း နစက ထောက်ပံ့ပေးလိုက်သည်ဟု စစ်ဘေးရှောင်များ နေရပ်ပြန်နိုင်ရေး ကူညီဆောင်ရွက်ပေးခဲ့သူ ဦးတင်စိုးက ပြောသည်။

“သူတို့ (စစ်ရှောင်)နေမဲ့အိမ်တွေကို အိမ်က သိပ်ပြီး ကြီးကြီးမားမားတွေ မဟုတ်တဲ့အတွက် သူတို့ဟာသူတို့ ပြုပြင်မယ်လို့တော့ ပြောပါတယ်။ မြို့နယ်စီမံအုပ်ရေးကောင်စီက စီစဉ်ပြီးတော့ လုပ်ပေးတာပါ” ဟု ဦးတင်စိုးက ပြောသည်။

ဦးတင်စိုးသည် ရခိုင်အမျိုးသားပါတီ ANP ၏ အမ်းမြို့နယ် အလုပ်အမှုဆောင်အဖွဲ့ဝင်တစ်ဦးဖြစ်သည်။ ၎င်းနှင့်အတူ မြို့ပေါ်စစ်ဘေးရှောင်စခန်းတာဝန်ခံ ဦးသန်းချို့တို့က စစ်ဘေးရှောင်များနေရပ်ပြန်နိုင်ရေး ကူညီဆောင်ရွက်ပေးခဲ့ခြင်း ဖြစ်သည်ဟု ဆိုသည်။

“ပြည်နယ်ကောင်စီဝင် ဦးသန်းထွန်းကို တင်ပြပြီး ဦးသန်းထွန်းက အဲဒီကနေ မြို့နယ်ကောင်စီကို စီမံဖို့ခိုင်းတာပါ။ ကျွန်တော်က ပါတီဝင်အနေနဲ့ လုပ်ပေးတာမဟုတ်ဘူး။ လူမှုရေးအရ ဒါကို တစ်ချက်ဝင်ပြီး ကူညီပေးပါဆိုလို့ ကူညီဆောင်ရွက်ပေးလိုက်တာပါ” ဟု ဦးတင်စိုးက ပြောသည်။ 

အမ်းမြို့နယ်တွင် စစ်ဘေးရှောင် ၃၀၀၀ ကျော်ရှိသည့်အနက် လူ ၆၀ ကျော်ကို နေရပ်ပြန်ပို့ခြင်းဖြစ်သည်။

အမ်းမြို့နယ်မှ စစ်ဘေးရှောင်များသည် နေရပ်ပြန်ရန် စာရင်းပေးခဲ့ကြသော်လည်း ကျေးရွာအချို့တွင် ဒရုန်းများ ပျံဝဲခြင်း၊ စစ်အင်အားတိုးချထားခြင်း၊ လေယာဉ်များ ပျံသန်းခြင်း၊ လမ်းတစ်လျှောက်တွင် စစ်ကားများ အင်အားအပြည့်ဖြင့် သွားလာနေခြင်းကို မြင်တွေ့နေရသောကြောင့် စစ်ဘေးရှောင်အများစုမှာ နေရပ်မပြန်ရဲကြကြောင်းဟု အမ်းမြို့ခံတစ်ဦးက ပြောသည်။

“စစ်ဘေးရှောင်တွေ ပြန်ဖို့လူတွေ စာရင်းပေး ဆိုတဲ့အခါ ပြန်မဲ့လူစာရင်းပေးထားတာ ထောင်နဲ့ချီရှိတယ်။ သူတို့က အိမ်ဆောက်ပေးမယ်။ နှစ်လစား စားနပ်ရိက္ခာ‌ပေးမယ်။ ကျေးရွာကို အနေကျပြီးရောက်သွားတဲ့အခါမှာ မိုင်းရှင်းလင်းရေးအပိုင်းကိုလည်း ကျေးရွာအနေနဲ့ တင်ပြမှ မိုင်းရှင်းလင်းဖို့၊ အဓိက ရွာသားတွေက ရောက်နေဖို့ လိုတယ် ဆိုပြီးတော့ ပြောထားတာရှိတယ်” ဟု ၎င်းမြို့ခံက ပြောသည်။

နယ်မြေ တည်ငြိမ်အေးချမ်းပြီဟုဆိုကာ စစ်ဘေး‌ရှောင်များအား နေရပ်ပြန်ပို့ပြီး တစ်ဖက်တွင် စစ်အင်အားတိုးချထားမှုများ လုပ်ဆောင်နေခြင်းအပေါ် နိုင်ငံရေးအမြတ်ထုတ်လိုခြင်းဖြစ်သည်ဟု ယူဆသူများရှိကြောင်း၊ ထိုအကြောင်းအရာများသည် မရိုးသားသလို ခံစားရကြောင်း အမ်းမြို့ခံတစ်ဦးက သုံးသပ်ပြောဆိုသည်။

ပြီးခဲ့သည့် မတ် ၁၈ ကလည်း စစ်တွေ- ရန်ကုန်ကားလမ်းမကြီးဘေး မြောက်ဦးမြို့နယ်ရှိ မီးဘေးသင့်ခဲ့သော တိန်ညိုစစ်ဘေးရှောင်စခန်းတွင် နေရေးခက်ခဲနေသူများကို နေရပ်ပြန်ရန် ပြည်နယ်နကစအဖွဲ့ဝင်များက ပြောဆိုခဲ့သည်။ 

တိန်ညိုစစ်ဘေးရှောင်စခန်းတွင် စစ်ဘေးရှောင်ဦးရေ ၃၀၀၀ ကျော် ရှိပြီး လက္ကာ၊ ဘူးရွက်မညိုး၊ ပေါက်ပင်ကွင်း၊ အောက်သကန် စသည့်ကျေးရွာများမှ လာရောက်ခိုလှုံနေကြသူများဖြစ်သည်။ 

“တိုက်ပွဲမဖြစ်တော့ဘူးလို့ လုံးဝအာမခံပြီးတော့ တောင်ကုန်းပေါ်တွေ၊ သင်္ကျိတ်တောင်ဘုရားပေါ်တွေမှာ (တပ်) နေရာယူထားတာတွေရှိပါတယ်။ အဲဒါကြောင့် (တိုက်ပွဲ) မဖြစ်လို့ မပစ်တော့ဘူးလို့ အာမခံချက်ရဖို့ဆို့တာတော့ မရှိပါ။ သူတို့က အာမခံရင်တော့ ကျွန်တော်တို့ပြန်လို့ရပါတယ်။ သို့သော် သူတို့ (တပ်မတော်) အဲဒီနေရာတွေက မဆင်းဘဲ၊ မစွန့်ခွာဘဲနဲ့ ဒီနေ့မပြောနဲ့ နောက်နေ့၊ နောက်နေ့တွေမှာလည်း မသွားရဲပါ” ဟု တိန်ညိုစစ်ရှောင်စခန်းမှ စစ်ဘေးရှောင်တစ်ဦးက ပြောသည်။

စစ်တပ်က မိုင်းရှင်းလင်းနေသည်ဟု ပြောဆိုခဲ့သော်လည်း မတ် ၆ က ရခိုင်ပြည်နယ်မြောက်ပိုင်း မောင်တောတွင် မိုင်းဆွဲတိုက်ခိုက်ခံရမှုကြောင့် ဆောက်လုပ်ရေးအင်ဂျင်နီယာတပ် (GE) အရာရှိတစ်ဦးနှင့် အလုပ်သမား အရပ်သားနှစ်ဦး သေဆုံးခဲ့သည်။ 

ရခိုင်ပြည်နယ်တွင် မကြာခဏဆိုသလို စစ်ကျန်ဗုံးသီးများ အရပ်သားများလက်ထဲ ရောက်ရှိပြီး ကလေးများအပါအဝင် အရပ်သားများ ထိခိုက်သေဆုံးမှုများ ဖြစ်ပေါ်နေသည်။ 

ရခိုင်ပြည်နယ်၊ ကျောက်တော်မြို့နယ်တွင် ဧပြီ ၄ က စစ်ကျန် ဗုံးသီးဟောင်းပေါက်ကွဲရာ အမျိုးသမီးတစ်ဦးနှင့် ၎င်း၏ကလေးနှစ်ဦး သေဆုံးခဲ့ပြီး ကျန်မိသားစုဝင်နှစ်ဦး ဒဏ်ရာရသွားသည်။ 

https://www.myanmar-now.org/mm/news/6424

Leave a Reply

Your email address will not be published.